အေသင်၊ ဖေဖော်ဝါရီ-၅-၂၀၂၅
ရတီ(VOM)
ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းအနီးတွင် နှစ်ရက်အတွင်း ရာနဲ့ချီတဲ့ငလျင်တွေ လှုပ်ခတ်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာဟာ ကျွန်းကိုစွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။
လူပေါင်း ၉၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ကျွန်းကို စွန့်ခွာခဲ့ကြပြီး ဒီကနေ့မှာလည်း လေကြောင်း၊ ရေကြောင်းကနေ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ စီစဉ်နေကြပါတယ်။ ကျွန်းအနီးမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ငလျင်အကြိမ် ၃၀၀ လှုပ်ခတ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဂရိစောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ ဇန်နဝါရီ ၂၄ ရက်မှစပြီး ကျွန်းနဲ့အနီးတဝိုက်မှာ အသေးစားနဲ့ နောက်ဆက်တွဲ မြေငလျင်ပေါင်း အကြိမ်ရေ ၇၅၀ ထိ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ၁၉၆၄ ခုနှစ်မှာ မှတ်တမ်းတွေစတင်ခဲ့ပြီးနောက်ပိုင်း အခုလို လှုပ်ခတ်မှုမျိုး မကြုံဖူးသေးဘဲ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဂရိမြေငလျင်သုတေသနာဌာန ညွှန်ကြားရေးမှူးက နိုင်ငံပိုင် သတင်းဌာနကို ပြောသည်။
လွန်ခဲ့သော ၇၂ နာရီအတွင်း ရစ်ချ်တာစကေး ၄ အဆင့်ရှိ ငလျင်ပေါင်း ၄၀ ကျော်လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆန်တိုရီနာကျွန်းဟာ ၁၉၅၀ ခုနှစ်မှာ နောက်ဆုံးပေါက်ကွဲခဲ့သော မီးတောင်ပေါ်မှာ တည်ရှိပြီး လက်ရှိငလျင်လှုပ်ခတ်မှုတွေဟာ မီးတောင်လှုပ်ရှားမှုနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။
ငလျင်ဟာ လာမယ့် ရက်သတ္တပတ်တွေထိ ဆက်လက်လှုပ်ခတ်နိုင်ခြေရှိတယ်လို့ သတိပေးထားပါတယ်။ ဆန်တိုရီနီကျွန်းဟာ နာမည်ကျော် ခရီးသွားနေရာတခုဖြစ်ပြီး ဖေဖော်ဝါရီလဟာ ခရီးသွားရာသီမဟုတ်တာကြောင့် တိမ်းရှောင်သူအများစုဟာ ဒေသခံတွေ ဖြစ်ကြပါတယ်။
မနေ့ကလည်း ရစ်ချ်တာစကေး ၅ အဆင့်ရှိ ငလျင်ပြီးနောက် ငလျင်ဒါဇင်နဲ့ချီပြီး ဆက်လှုပ်ခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုမရှိသေးပေမယ့် ကြိုတင်ကာကွယ်မှု အစီအမံတွေကို တာဝန်ရှိသူတွေက လုပ်ဆောင်နေကြပါတယ်။
အာလုံးပိတ်သွားပြီ။ ဘယ်သူမှလည်း အလုပ်မလုပ်တော့ဘူး။ ဘယ်သူမှကျွန်းမှာ ရှိနေမှာမဟုတ်တော့ဘူးလို့ ၁၈ နှစ်အရွယ် ဒေသခံအမျိုးသမီးတယောက်က သင်္ဘောနဲ့ မတိမ်းရှောင် ပြောပါတယ်။ ငလျင်ဟာ ရက်ပေါင်းများစွာ အဆက်မပြတ် လှုပ်ခတ်နေတာလို့ ဆိုပါတယ်။
ဒီကနေ့မှာတော့ ဒေသခံ ၂၅၀၀ ကျော်ဟာ ဆန်တိုရီနီကနေ အေသင်မြို့ကို လေယာဉ်နဲ့ တိမ်းရှောင်ဖို့ စီစဉ်ထားပါတယ်။ လူဦးရေ ၁၅၅၀၀ ကျော်နေထိုင်တဲ့ အဲဒီကျွန်းမှာ လူပေါင်း ၉၀၀၀ ကျော်ကတော့ စွန့်ခွာသွားပြီဖြစ်ပါတယ်။
ရာသီဥတုနဲ့ မြို့ပြကာကွယ်ရေးဌာနရဲ့ တောင်းဆိုချက်အရ ဆန်တိုရီနီကို အရေးပေါ်လေယာဉ်ကိုးစင်း ထပ်တိုးပေးခဲ့ကြောင်း Aegean လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။
Ref:BBC