မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့ကို ထိုင်းကဒီနေ့မနက်ကစပြီး မီးဖြတ်

ဖေဖော်ဝါရီ ၅ – ၂၀၂၅
GG (VOM)
ထိုင်း- မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီ၊တာချီလိတ်နဲ့ ဘုရားသုံးဆူမြို့နယ်တွေကို ဖြန့်ဖြူးပေးထားတဲ့ လျှပ်စစ်မီးကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မနက်ပိုင်းကစပြီး ထိုင်းဘက်က မီးဖြတ်တောက်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
ထိုင်းဘက်ကနေ လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့မှာဆိုရင် ထိုင်းလျှပ်စစ်မီးရယူထားတဲ့ ပြည်သူ့ဆေးရုံမှာလည်း ဒုက္ခရောက်သွားသလို မြဝတီမြို့အတွက် အောက်ဆီဂျင် အဓိကထုတ်လုပ်ပြီး ကူညီပေးနေတဲ့ အောက်ဆီဂျင်စက်ရုံလည်း လည်ပတ်မှုရပ်သွားတာကြောင့် ပြည်သူတွေထိခိုက်နစ်နာမှုဖြစိရတယ်လို့သိရပါတယ်။
” မြဝတီမြို့ အောက်စီဂျင်စက်ရုံကို သွယ်တန်းထားတဲ့ ထိုင်းလျှပ်စစ်မီးကတော့မနက် ၈း၃၀မှာ ပြတ်တောက်သွားပါပြီ ။ထိုင်းလျှပ်စစ်မီးကို အရပ်သားပြည်သူတွေ အသုံးပြုခွင့်မရပေမယ့် ပြည်သူကျန်းမာရေးအတွက်အရေးကြီးတဲ့ အောက်စီဂျင်စက်ရုံကတော့ လည်မရတော့ပါဘူး ။ ဆေးရုံလည်းမီးပျက်မှာမို့ ပြည်သူနစ်နာမယ့်အပိုင်းတွေပါ ။အောက်စီဂျင်အသုံးပြုနေရတဲ့ ဝေဒနာရှင်တွေ အတွက် အောက်စီဂျင်ရရှိဖို့ အရေးပေါ်အစည်းအဝေးလုပ်ပါ့မယ်။”လို့ အောက်ဆီဂျင်စက်ရုံ၊ မြဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။
မြဝတီမှာတော့ ထိုင်းလျှပ်စစ်မီးရယူထားတဲ့ ရဲစခန်းအပါ အစိုးရဌာနဆိုင်ရာရုံးတွေလည်း လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပြီး ကာစီနိုရုံ၊ဂိမ်းဆိုင်တွေလည်း လျှပ်စစ်မီးမရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ထိုင်းကလျှပ်စစ်မီးဖြတ်တောက်တာနဲ့ပတ်သက်ပြီးမြဝတီဒေသခံက ” ထိုင်းလျှပ်စစ်မီးက မြဝတီမှာတော့ ပြည်သူကမသုံးရပါဘူး။အဓိကဆေးရုံကြီးသုံးတယ်။ရဲစခန်းသုံးတယ်။ထွေအုပ်အပါဌာနဆိုင်ရာတွေပေါ့။သူတို့ဒုက္ခရောက်ကုန်တာပေါ့။ဆေးရုံဆိုရင်ကျန်းမာရေးကဏ္ဍဆိုတော့ ပြည်သူပါဒုက္ခရောက်တာပေါ့။ မီးစက်သုံးဖို့လည်းဘတ်ဂျက်ကလောက်မယ်မထင်ဘူး။နောက်တခုက ကာစီနိုရုံတွေ၊ဂိမ်းဆိုင်တွေပေါ့။ မြို့ခံတွေကတော့ဆိုလာမီးနဲ့မီးစက်သုံးကြတယ်။” လို့ ပြောပါတယ်။
အလားတူ မွန်ပြည်နယ်၊ဘုရားသုံးဆူမြို့မှာလည်းထိုင်းက လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် ဒေသခံပြည်သူတွေအပါအဝင် အစိုးရဆေးရုံနဲ့ အစိုးရအဖွဲ့ရုံးတွေ အခက်ကြုံနေရတယ်လို့သိရပါတယ်။
ဘုရားသုံးဆူမြို့က အစားအစာဆိုင်ပိုင်ရှင် တယောက်က ” လျှပ်စစ်မီးမရှိလို့ အခုဆိုင်ကို ခဏပိတ်ထားရပါတယ်။ဒီမှာထိုင်းလျှပ်စစ်မီးပဲသုံးကြတာဆိုတော့ ဆေးရုံဆိုလည်းမီးပြတ်သွားတော့ ဒုက္ခရောက်တာပေါ့။မီးကဘယ်တော့ပြန်လာမယ်မသိဘူး။ ” လို့ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ကတော့ ထိုင်းကနေလျှပ်စစ်မီးဖြတ်တောက်ခံရပေမယ့် ဒေသခံတွေ အခက်အခဲမရှိစေရေးအတွက် လာအိုလျှပ်စစ်မီးကိုချိတ်ဆက်ရယူဖို့စီစဥ်ထားကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီက ဒေသတွင်းသတင်းဌာနကိုပြောဆိုထားပါတယ်။
ထိုင်းကနေ မြန်မာ – ထိုင်းနယ်စပ်တလျှောက် မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့နယ်တွေကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေမှုအပေါ် ကျားဖြန့်လုပ်ငန်းနေရာတွေကပါ လျှပ်စစ်မီးကို အသုံးပြုနေတဲ့ အတွက် ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ပေးထားတဲ့ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်ဖို့ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ထိုင်းအစိုးရက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ နိုင်ငံတော်လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ လျှပ်စစ်မီးဖြတ်တောက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ အစည်းအဝေးမှာ လျှပ်စစ်မီးအပြင်နဲ့အင်တာနက် လိုင်းကိုပါ ဖြတ်တောက်ဖို့သဘောတူခဲ့ကြတယ်လို့သိရပါတယ်။ ဒါပြင် လက်ရှိမြဝတီမြို့မှာတော့ စက်သုံးဆီ ပြတ်လပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဆိုင်တွေမှာ အလုအယက်တိုးဝှေ့ပြီး ဆီဝယ်ယူမှုတွေရှိနေတယ်လို့သိရပါတယ်။
Photo – Thai PBS

Related posts

Leave a Comment

VOM News

FREE
VIEW