ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂကူညီရေးအဖွဲ့တွေကနေ နုတ်ထွက်မှာဖြစ်ပြီး ယူနက်စကိုမှာ အမေရိကန်ရဲ့ ပါဝင်မှုကိုလည်း ပြန်လည်သုံးသပ်မယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကြီးကြီးမားမားရှိထားပေမယ့် လုပ်ငန်းတွေ ကောင်းကောင်းမလည်ပတ်ကြသလို ရိုးသားမှုနဲ့ အလုပ်ကောင်းကောင်းမလုပ်ကြဘူးလို့ သူက ဝေဖန်ပြောဆိုပါတယ်။
အချိုးအစားမညီတဲ့ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကို လျှော့ချင်သင့်တယ်လို့ ထရန့်ကပြောပါတယ်။ ထရန့်ရဲ့ ပထမသက်တမ်းမှာတော့ အမေရိကန်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ယူနက်စကိုတို့ကနေ နုတ်ထွက်ခဲ့ပါတယ်။
ဒီအဖွဲ့ဟာ ပါလက်စတိုင်းတွေအပေါ် ဘက်လိုက်ပြီး အစ္စရေးနဲ့ပတ်သက်ပြီး ကြားနေမှုမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှာတော့ ထရန့်လက်ထက်က နုတ်ထွက်ခဲ့တဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်အစိုးရသစ်ဟာ နိုင်ငံတကာအကူအညီပေးမှုတွေကို ရက် ၉၀ ရပ်ဆိုင်းထားပြီး ကမ္ဘာတဝန်းမှာ ဒေါ်နယ်ဘီလီယံများစွာ ကူညီမှုတွေပေးနေတဲ့ USAID ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေပါတယ်။
Ref:NHK
Photo:Getty Images

Related posts

✕
VOM News

FREE
VIEW