လူထုကြားကအနုပညာ

ဆူးငှက်

 

၁၉၈၀ခုနှစ် ဝန်းကျင်ကာလများအတွင်းမှာပင် လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲနှင့် ရွှေမန်းတင်မောင် စာအုပ်များကိုဖတ်ရသည်။ ကျွန်တော်က “အငြိမ့်” ကိုပိုကြိုက်သည်။ ကျွန်တော် “အငြိမ့်” ကိုဖတ်ရတာစာအုပ်ထွက်ပြီး ၆နှစ်၇နှစ်မှ ဖြစ်သည်။ သို့သော် ကိစ္စမရှိ။ အကြောင်းအရာအချက်အလက်တိုင်းအသစ်အဆန်းချည်းဖြစ်နေသည်။ ထိုအချိန်က ကျွန်တော်တို့ကလည်းလူပျိုဖားဖားမို့ မန္တလေး၏ ဆူဖြိုးကြွယ်ဝလှသော အငြိမ့်ပွဲခင်းများဆီညစဉ်မပြတ် ရောက်ရှိကာရင်ထဲခံစားရသောမင်းသမီး၏ မျက်လွှာတစ်ပင့်အတွက် အငြိမ့်စင်ထောင့် သန်းခေါင်သန်းလွဲအထိ ရင်ခုန် ခံစားနေသော ကာလများလည်း ဖြစ်ပါ၏။ ထို့ထက် အငြိမ့်အပေါ် ပိုမိုလေးနက်စေသော အကြောင်းခြင်းရာများက ၁၉၇၀ ကျော်ဝန်းကျင် အုံနှင့်ကျင်းနှင့် ငွားငွားစွင့်စွင့် ဖူးပွင့်ခဲ့ကြသော ဟံသာဝတီစာမျက်နှာများပေါ်က မန္တလေးလူငယ် ကလောင်များသည် ရုတ်ခြည်းနေရာပျောက်ရာမှ ဝါသနာအရင်းခံနှင့် ရေမြေအရသူတို့၏ ကလောင်ဖျားက “သဘောထား” များလည်း မန္တလေးအငြိမ့်စင်များဆီ “အော်ပရာ” များအဖြစ် အပြိုင်းအရိုင်းဖူးပွင့်ဝေဆာသဖြင့် ထိုထိုပန်းပွင့်များကိုလည်း သံယောဇဉ်ကြီးစွာခံစားတက်ကြွနေခြင်းလည်း ဖြစ်သည်။

 

၁၉၈၈ ခုနှစ်နောက်ပိုင်းမွေးဖွားလာသောအသက် ၁၉နှစ်အရွယ်၊ အနှစ် ၂၀အရွယ် လူငယ်တွေက မန္တလေးအငြိမ့်အော်ပရာဆိုတာကိုသိရှိခံစားဖူးကြမှာမဟုတ်။ အရင်က မန္တလေးမှာအငြိမ့်အဖွဲ့တွေ လေးဆယ်၊ ငါးဆယ် ရှိနေရာက တဖြုတ်ဖြုတ်နှင့် ကြွေ သွားလိုက်ကြတာ ဒီကနေ့ အငြိမ့် ၃ဖွဲ့သာ ကျန်တော့သည်အထိပင်။ အငြိမ့် ဆိုသည်ကလည်း တစ်နေကုန် ခြစ်ခြစ်တောက် ပူထားသောကတ္တရာလမ်းပေါ်မှာစင်ထိုးပြီးဖျာခင်းကြည့်ရသည့် ကြည့်ချင်ပွဲမို့ ဒီကနေ့ လူငယ်တွေနှင့် မကိုက်လှ။ နေရာထိုင်ခင်းအရသော် လည်းကောင်း၊ ကျန်းမာရေးအရ သော်လည်းကောင်း ဆင်ခြင်ကြမှာသေချာသည်။ ဒီကနေ့ လူငယ်တွေဆိုတာမှန်ခန်း၊ အဲယားကွန်းနှင့် Safe Side ကိစ္စ အတော်စဉ်းစားကြသည်။ ၁၉၈၈ အကျော် ၁၉၉၀ ဒီဘက် လူထုဖျော်ဖြေပွဲတွေ ပြန်လည်ခေါင်းဆောင် နာလံထူလာချိန် တွင် ဇာတ်၊ အငြိမ့်ကဲ့သို့သော ရိုးရာပွဲခင်းများကို အဆင့်မြင့်ဇာတ်ရုံကြီးတွေထဲ ချက်ချင်း မထည့်သွင်းနိုင်ခြင်းကလည်း နောက်မျိုးဆက် နှင့် ကွာဟစေသောအချက်တစ်ချက်ဆိုတာ ငြင်းခုန်ဖွယ် မရှိချေ။

 

မည်သို့ဆိုစေ … ကိုလိုနီခေတ်ဦးကတည်းက မန္တလေးတွင် ဖြစ်ထွန်းခဲ့သောအငြိမ့်သည် ၁၉၈၀ ဝန်းကျင်တွင် “အော်ပရာ”များ ဖြင့် လူထုဆန္ဒ၊ လူထုအာသီသအပေါ် တစ်စုံတစ်ရာ ဖြည့်ဆည်းနိုင်မှု တာဝန်ကျေခဲ့သည်။

 

ထိုကဲ့သို့ မန္တလေးအငြိမ့်များတစ်ခေတ်ဆန်းကာဘုန်းမီးနေလ ပြန်လည်တောက်ပချိန် မန္တလေးအငြိမ့်တွေအပေါ် စွဲမက်နေချိန်တွင် လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲက “လက်တွေ့” နှင့် “သဘောတရား” ပေါင်းစပ် လေ့လာသင်ယူသည့်ပမာဖြစ်၏။

 

“အငြိမ့်မှာမင်းသမီးရယ်၊ လူပြက်ရယ်၊ အတီးအဖွဲ့ရယ် ၃ပိုင်းရှိတယ်။ အငြိမ့်မင်းသမီးကသီချင်းဆိုပြီးကတာပဲ၊ သူသီဆိုတဲ့ သီချင်းကဖေတော့ မောင်တော့ ရည်းစားမျှော် သီချင်းပဲ ဖြစ်ရမယ်လို့ လှေနံဓားထစ် သတ်မှတ်ပေးမထားပါဘူး။ အငြိမ့်မင်းသမီးသီချင်းကခေတ်ကာလနဲ့၊ အခြေအနေနဲ့၊ ပတ်ဝန်းကျင်နဲ့။ အချိန်အခါကိုလိုက်ပြီးလူတွေ လှုပ်ရှားစိတ်ဝင်စားနေတဲ့ အကြောင်းအရာဘာကိုမဆို သီချင်းဆိုလို့ ရပါတယ်။ အငြိမ့်သီချင်းဆိုတာ ဘယ်အကြောင်းအရာမျိုးကိုသာ ရေးစပ်ထားတာ ဖြစ်ရမယ်လို့ ဘယ်တုန်းကမှလည်း မသတ်မှတ်ခဲ့ဖူးဘူး။ ဘယ်သူကမှလည်းသတ်သတ်မှတ်မှတ် ရေးစပ်ပေးမနေပါဘူး။ ဒါကြောင့် အငြိမ့်သီချင်းတွေဟာ အချစ်ရေးနဲ့လည်းရှိ၊ စစ်ရေးနဲ့လည်းရှိ၊ နိုင်ငံရေးနဲ့လည်းရှိ၊ လူမှုရေးနဲ့လည်းရှိဆိုသလိုအရေးမျိုးစုံရှိနေပါတယ်” တဲ့။

 

ဟုတ်တာပဲ …။ အခြားမကြည့်နှင့်၊ နာမည်ကျော် အငြိမ့်မင်းသမီးလေဘာတီမမြရင်၏ သီချင်းမှာပဲကြည့် …၊ အကြောင်းအရာ မျိုးစုံသည်။ Media သဘောထင်ဟပ်သည်။ ပွဲကြည့်ပရိသတ်(ဝါ)လူထုကို Information ပေးတာတွေ ရှိသည်။ ရွှေပဟိုရ်စည်သံသီချင်းတို့၊ တုံးကျော်မသီချင်းတို့၊ အိမ်တော်ရာဘုရားဈေးသီချင်းတို့မှာထိုသဘောတွေပါသည်။ လူထုဒေါ်အမာကဆက်၍ သုံးသပ်ပြထားသေး၏။

 

“မင်းသမီးချည်းလား၊ လူပြက်ကကောဘယ်လိုလဲလို့ မေးရင်၊ အငြိမ့်မှာချစ်စရာ မြတ်နိုးစရာ အကောင်းဆုံး အင်္ဂါတစ်ရပ်ဟာလူပြက်တွေရဲ့ လွတ်လပ်စွာ ဝေဖန်သရော် ပြက်ရယ်ပြုခွင့် အစဉ်အလာပဲ လို့တောင် ပြောရမလောက်ဖြစ်ပါတယ်။

 

လူပြက်ရဲ့ အလုပ်ကမင်းသမီး က, လို့ဆိုလို့ မောရင် အမောပြေအောင် ကြားဝင်ပြီးရယ်စရာ ပြက်ရတဲ့ တာဝန်ဟာ သူတို့ တာဝန်ပေါ့။ ဒီလို တာဝန်ရှိရာမှာ “လူပြက်မည်သည်၊ ဘယ်အကြောင်းအရာကိုသာ ပြက်ရယ်ပြုနိုင်သည်။ ဘယ်အကြောင်းအရာမျိုးကို ပြက်ရယ်ခြင်းမပြုရ” လို့ ဘယ်မင်းဘယ်စိုးကမှ အမိန့်ထုတ်ပြန်ထားခြင်း မရှိခဲ့ဘူး။ ပဒေသရာဇ်ခေတ်မှာတောင်မှ လူပြက်မှာလွတ်လပ် ခွင့်အပြည့်ရှိခဲ့တယ်။ ဒါကြောင့် စည်းမစောင့်တဲ့ လူပြက်ကျတော့ နတ်နေကိုင်းတောင်မချန်ဘူး၊ ဘာသာရေးလည်းထည့်ပြက်တာပဲ။ အဲသလောက် လွတ်လပ်ကြတယ်။

 

အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလိုလွတ်လပ်တာနဲ့အတူ အငြိမ့်ပွဲကိုလည်း လူတွေက လွတ်လွတ်လပ်လပ်ပဲ ပွဲခံကြတယ်” ဟုဆိုသည်။ ဒါ၏ အငြိမ့်၏ သဘောသဘာဝကို အကျဉ်းဆုံးနှင့်အထိရောက်ဆုံးထုတ်နှုတ်ပြလိုက်ခြင်းဖြစ်၏။

 

၁၉၈၀ ဝန်းကျင်၏ များပြားလှသော မန္တလေးအငြိမ့်ဝင်များတွင် လူပြက်များ၏ ပြက်လုံးများက (အထိုက်အလျောက် အထိန်းအကွပ်ကြားမှပင်) လူထုဝေဒနာကို ထပ်ဟပ်နိုင်ခဲ့သည်။ ထို့ပြင် ကနဦးကပြခဲ့ကြသည့် “အော်ပရာ” များတွင်လည်း အနုပညာမြောက်စွာဖြင့် ခေတ်ကိုထင်ဟပ်စေနိုင်ခဲ့သည်။ ဝေဖန်နိုင်ခဲ့သည်။ ဦးတည်ချက် တစ်ခုဆီ ရည်ရွယ်နိုင်ခဲ့သည်။ အနုပညာမြောက်လှသဖြင့် ဓားသွားသည် ပျားရည်စက်များဖြင့် ချိုမြနေခဲ့၏။

 

ထိုအခါ ကျွန်တော်တို့လို စာရူးပေရူးများလည်းရှေ့က အော်ပရာများ၏ အလွှမ်းမိုးခံရကာ သူတို့လိုရေးသား တင်ဆက်လိုခြင်းစိတ်ဆန္ဒပြင်းပြင်ခဲ့တာလည်းမဆန်း …။

ဘေ့စ်ဂစ်တာ၏ အလှန့်သ့နှင့်အတူမီးချိန်းအမှောင်မှာစပေါ့လိုက် လိမ္မော်နုရောင်က “သင်္ဃမိတ္တာ” ၏ အံကြိတ်ထားသည့် ရုပ်ပုံကိုပဲကွက်၍ မှိန်မှိန်ပျပျ ထင်သည်။ ဂစ်တာသံအပါးတွင် …
“သမီးတော်ဟာခမည်းတော်တော်အတွက်သာစိုးရိမ်ကြောက်ရွံ့နေတာပါ။ ခမည်းတော်ကမင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်စွာ မြင့်မားမှုဟာလက်နက်ထဲမှာသာရှိတယ်လို့ ယုံကြည်ထားသူမဟုတ်လား”

“ဘာ … ခမည်းတော်ကို ပြန်ပြီးလျှောက်ထားစမ်းပါဦး … သင်္ဃမိတ္တာရဲ့။ မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာဟောဒီလက်နက်ကလွဲလို့ ဘယ်မှာများရှိဦးမှာလဲသမီးတော်ရဲ့၊ ဟား … ဟား … ဟား …”

“မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာ နှလုံးသားထဲမှာသာတည်ရှိပါတယ်။ နှလုံးသားရဲ့ ကျယ်ပြန့်မှု၊ သန့်စင်မှု၊ ကြီးမြင့်မှု ကသာ၊ တကယ့်ကြီးကျယ်မြင့်မားမှုပါ ခမည်းတော် ..”
အသောကခေါင်းကိုယမ်း၍ မျှင်းမျှင်းမျှရယ်သည် ..။

ကျွန်တော်သည် အငြိမ့်စင်ပေါ်မှ အော်ပရာဇာတ်ကွက်တွင် နစ်မျောနေရင်းရင်တလှပ်လှပ် ခုန်နေသည်။

လူထုဒေါ်အမာ၏ “အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလိုလွတ်လပ်တာနဲ့အတူ” ဟူသော ရေးသားချက်ကိုလည်း တနုံ့နုံ့ သတိရနေပါတော့သည်။
အခုတော့ အငြိမ့်အပါအဝင် မန္တလေးပွဲခင်းတွေ ခြောက်ခမ်း ပျောက်ကွယ်နေပြန်ပေါ့။

ဆူးငှက်

 

#voiceofmyanmar #VOM  #ဆူးငှက် #လူထုကြားကအနုပညာ

Related posts

Leave a Comment

VOM News

FREE
VIEW