မတ် ၅ – ၂၀၂၅
SN (VOM)
လာမယ့် ရက်တွေအတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် အထက် မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း ဒေသတွေအပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေ့အပူအချိန်တွေ တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့အတွက် သတိပြုရမှာဖြစ်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။
“အခုက မတ်လ၊ နွေဦးရာသီ ရောက်ပြီဆိုတော့ ပြီးခဲ့တဲ့ လတွေထက်တော့ အပူချိန်တွေက တဖြည်းဖြည်းနဲ့ တက်လာမှာပေါ့။ ချောက်တို့ဘာတို့ဆို အခုဆို အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်တောင် ဖြစ်နေပြီ။ ဒါပေမယ့်အခုက မတ်လဆန်းဆိုတော့ အပူချိန်က အများကြီးတော့ မတက်နိုင်သေးဘူး။ သို့သော် တဖြည်းတဖြည်းနဲ့တော့ တရက်ထက်တရက် အပူချိန်တွေ တိုးလာနိုင်တယ်” လို့ သူက ပြောပါတယ်။
အပူချိန်မြင့်မားခြင်းရဲ့ နောက်ဆက်တွဲအဖြစ် မွန်းလွဲ၊ ညနေပိုင်း အချိန်တွေမှာ အပူပျံတက်တိမ်တွေ အားကောင်းပြီး မိုးတိမ်တောင်တွေ ဖြစ်နိုင်ကာ မိုးထစ်ချုန်းတာ၊ မိုးသီးကြွေတာ၊ လေပြင်းတိုက်တာတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
“ဒါတွေက အပူချိန် မြင့်မားခြင်းရဲ့ နောက်ဆက်တွဲပေါ့။ ဒီလို မိုးလေဝသ အခြေအနေတွေကို သတိပြုဖို့လိုတယ်။ ပူလာတဲ့နေရာတွေမှာ လေဖိအားက ကျတတ်တယ်။ အဲဒီလို လေဖိအား ကျလာပြီဆိုရင် လေဖိအား များတဲ့ဘက်က လေတိုက်လာတော့၊ အဖက်ဖက်က တိုက်မှာဆိုတော့ လေအားပြင်းနိုင်တာပေါ့။ အဲဒါမျိုးလေးတွေ ရှိတတ်တဲ့အတွက် အပူချိန် တိုးလာခြင်းရဲ့ နောက်ဆက်တွဲ မိုးလေဝသ အခြေအနေတွေကို သတိပြုဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ယမန်န့ နေ့လယ် ၂ နာရီအချိန် ထုတ်ပြန်ချက်အရ မနေ့ မတ် ၃ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့မှာ ၄၁ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်၊ မကွေးမြို့မှာ ၄၀ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့မှာ ၃၉ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့မှာ ၃၉ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်၊ ပြည်မြို့နဲ့ မြဝတီမြို့တို့မှာ ၃၉ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စီ၊ အောင်လံမြို့မှာ ၃၉ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်၊ ဝက်ထီးကန် (လေးထပ်ပြင်) နဲ့ ရွှေဘိုမြို့တို့မှာ ၃၉ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ်စီ၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့နဲ့ ဘားအံမြို့တို့မှာ ၃၈ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်စီနဲ့ ရွှေကျင်မြို့မှာ ၃၈ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို နေ့အပူချိန်တွေ မြင့်တက်လာနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကတော့ မတ်လ ပထမ ၁၀ ရက်အတွင်း မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေ့အပူချိန်တွေ ၄၀ ဒီဂရီဆဲလ်စီးယပ် အထက်အထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လာနီညာကြောင့် အပူချိန် မြင့်တက်မှုတွေဟာ ၂၀၂၄ ခုနှစ် (အယ်လိနီညိုနှစ်) ထက် လျော့နည်းနေပေမယ့်လည်း မတ်လအတွင်း စိုထိုင်းဆ မြင့်တက်နေတဲ့ ဒေသတွေမှာ ခံစားရတဲ့ အပူချိန် (Temperature Felt) ဟာ ၄၀ ဒီဂရီဆဲလ်စီးယပ် အထက်အထိ ရှိနေနိုင်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
“မတ်လ လဆန်းပိုင်းက စလို့ တပေါင်းလအစပြုပြီး နွေရာသီက ဧပြီလ ၁၆ ရက် မိုးကြိုကာလအထိ ဆက်လက်ရှိနေဦးမှာပါ။ ဒါကြောင့် နွေအပူရှိန်လည်း တက်လာပါမယ်။ အလယ်ပိုင်းဒေသတွေမှာ နေ့နဲ့ည အပူချိန်ကွာခြားချက်တွေလည်း များနေနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒီအခြေအနေကြောင့် နေ့လယ်ပိုင်း အချိန်တွေမှာ နေရောင်ခြည်တိုက်ရိုက် ထိတွေ့တဲ့နေရာတွေမှာ အလုပ်လုပ်ကြရသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ ရေဓါတ်ဆုံးရှုံးမှုများပြီး အပူလျှပ်ခြင်း (Heat-stroke) ကို ခံစားရနိုင်တာကြောင့် သတိပြု ဆင်ခြင်နိုင်ကြဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ခြောက်သွေ့တဲ့ လေထု အခြေအနေကြောင့် မီးဘေးအန္တရာယ် ပိုလာနိုင်သလို ခရမ်းလွန်ရောင်ခြည်လည်း ပြင်းလာတာကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်မယ့် ဘေးအန္တရာယ်အားလုံးကို ဂရုပြုဖို့ လိုအပ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
Photo – CJ