ဆိုးလ်၊ မတ်-၆-၂၀၂၅
မျိုးဆက်(VOM)
တောင်ကိုရီးယားနိုင်ငံမှာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတခုအတွင်း တိုက်လေယာဉ်တစင်းပေါ်ကနေ အရပ်ဘက်ဒေသတခုပေါ်ကို ဗုံးရှစ်လုံး မှားယွင်းဖြုတ်ချမိခဲ့တာကြောင့် လူ ၁၅ ယောက် ဒဏ်ရာရပြီး လေးယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမတော်တမှုဟာ တောင်ကိုရီးယားလေတပ်ရဲ့ KF-16 တိုက်လေယာဉ်ပေါ်ကနေ ဗုံးမှားယွင်းကြဲချမှုဖြစ်စဉ်ဟာ မြောက်ကိုရီးယားနယ်စပ်အနီး ပိုချွန်းမြို့မှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄ မိနစ်မှာ ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗုံးတလုံးသာ ပေါက်ကွဲခဲ့ပြီး အခြားမပေါက်ကွဲသေးတဲ့ ဗုံးခုနှစ်လုံးကို ဘေးကင်းစွာ ဖြုတ်သိမ်းနိုင်ဖို့ လုပ်ဆောင်နေပြီး အနီးနားက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ တောင်ကိုရီးယားစစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း အရပ်သားတွေနေထိုင်ရာနေရာတွေကို ကျည်ဆန်ကျရောက်မှုတချို့ ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဖူးပါဘူး။
မိမိတို့ရဲ့ KF-16 ဂျက်တိုက်လေယာဉ်တစင်းဟာ MK-82 ဗုံးရှစ်လုံးကို ပုံမှန်မဟုတ်ဘဲ ကြဲချမိခဲ့ပြီး ပစ်မှတ်နေရာဒေသ ပြင်ပမှာ ကျရောက်ခဲ့ကာ ဖြစ်စဉ်အတွက် တောင်းပြန်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး ထိခိုက်ခဲ့သူတွေကို လျော်ကြေးပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်ကြောင်း ဘုရားကျောင်းတကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မတ် ၁၀ ရက်နေ ၂၀ ရက်ထိ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားပြီး ဒါဟာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးသော ပူးတွဲစစ်ဆင်ရေးလည်းဖြစ်ပြီး မြောက်ကိုရီးယားကတော့ ဒီအပေါ် ဝေဖန်ရှုတ်ချထားပါတယ်။
Ref:BBC