ရိုက်ကြေး အဆမတန် မြင့်တက်လာလို့ သင်္ဘောသားလူသစ်တွေ အလုပ်အကိုင်ရဖို့ ခက်ခဲလာ

မတ် ၆ – ၂ဝ၂၅
KKO(VOM)
ယနေ့ခေတ်ကာလမှာ လူသစ်သင်္ဘောသားတွေပေးရတဲ့ ရိုက်ကြေးလို့ခေါ်တဲ့ အေးဂျင့်ပွဲစားခတွေဟာ အဆမတန်မြင့်တက်လာလို့ သင်္ဘောသားလူသစ်တွေ အနေနဲ့ ပြည်ပထွက်ခွာဖို့နဲ့ အလုပ်အကိုင်ရဖို့အတွက် အခက်တွေ့နေရတယ်လို့ သင်္ဘောသားလောက အသိုင်း အဝိုင်းကနေ သိရပါတယ်။
သင်္ဘောသားလောကမှာ ရိုက်ကြေးဆိုတာ အေးဂျင့်တွေကို ပေးသွင်းရတဲ့ ပွဲစားခဖြစ်ပြီး သင်္ဘောသားတွေထဲမှာ လူသစ်တွေသာမက လူဟောင်းတွေပါ ရိုက်ကြေးပေးသွင်းနေရတာဖြစ်ပါတယ်။
သင်္ဘောသားတွေရဲ့အဆိုအရ ပွဲစားအေးဂျင့်ခလက်ရှိပေါက်ဈေးက သင်္ဘောတခါတက်မယ်ဆိုပါက အမေရိကန်ဒေါ်လာ ၁ဝဝ တန် (အစိမ်းအရွက် ၃ဝ)နီးပါးခန့် ပေးဆောင်ရတာဖြစ်တယ်လို့ သင်္ဘောသားတွေက ပြောပါတယ်။
“သူက အခုပေါက်ဈေးဆို အစိမ်းအရွက် ၃ဝ နီးပါးခန့်လောက် ရိုက်ကြေးပေးရတယ်။ လူဟောင်းပဲဖြစ်ဖြစ်၊ လူသစ်ပဲဖြစ်ဖြစ် ရိုက်ကြေးပေးရတယ်။လူသစ်တွေကတော့ ပိုပေးရတာပေါ့။အဲလိုမပေးရင်ရော ဘာဖြစ်မလဲဆိုရင် အလုပ်မရဘူးပေါ့၊သူတို့က ပေးတဲ့သူပဲ သင်္ဘောလိုင်းပေါ်တင်ပေးမှာလေ၊မပေးတဲ့သူက ကျန်ခဲ့မှာပေါ့။ နောက်သင်္ဘောသားလောကမှာ ဘာရှိလဲဆိုရင် အခွန်ဆောင်ရမယ်။သင်္ဘောပေါ်မတက်ခင်ကတည်းက ထွက်တော့မယ်ဆိုထဲက အခွန် ၈ ရာခိုင်နှုန်းက ကြိုဆောင်သွားရတယ်။အခုမှစလုပ်မယ့်လူသစ်တွေဆို သူရဲ့သင်တန်းကြေး၊ဘာကြေး ညာကြေးတွေနဲ့ ထွက်ရင်လည်း ကုန်ကျမယ့်ငွေ အဲဒီစရိတ်စကတွေက တအားများလာတယ်။နောက်ပြီး လူသစ်တွေဆို သင်္ဘောလိုင်းကြီးတွေရဖို့ ခက်တယ်။နောက် တခါလိုက်ရုံနဲ့ အရင်းကျေဖို့ခက်တယ်။ပထမနှစ်ခေါက်၊သုံးခေါက်လောက်က ကုန်ကျစရိတ်ရှုံးမှာပါ။သင်္ဘောက တနှစ်တောင်စီးလို့မရဘူးလေ၊ဘယ်သူမှမစီးခိုင်းဘူး။ ၆ လ၊ ၇ လ ဆို တခါပြန်လာရမယ်၊ပြီးမှတခါပြန်ထွက် အဲလိုထွက်ရင် ရိုက်ကြေးကတခါပြန်ပေးရမယ်။လူသစ်တွေဆို သင်္ဘောပေါ်မှာရတဲ့လစာက ၄ဝဝ လောက်ပေါက်တယ်။အမှန်တိုင်း ပြောရရင် လူဟောင်းတွေတောင်မနည်းထွက်၊မနည်းလုပ်နေရတာပါ”လို့ ပြည်ပသင်္ဘောလိုင်းတခုမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာ နိုင်ငံသားသင်္ဘောသား တယောက်က ပြောပါတယ်။
ဒီလိုရိုက်ကြေးတွေ များနေတဲ့ အတွက် သင်္ဘောလိုက်ချင်တဲ့ လူသစ်တွေအနေနဲ့ စရိတ်စက သက်သာတဲ့ တရုတ်ငါးဖမ်းလှေတွေ တချို့တွေကတော့ အောက် လမ်းကနေထွက်ပြီး မလေးဘုတ်၊မှောင်ခိုဘုတ် အစရှိတဲ့ သင်္ဘောတွေကို လိုက်စီးတာတွေလည်းရှိနေတယ်လို့ သင်္ဘောသားလောက အသိုင်းအဝိုင်းကနေ သိရပါတယ်။
“တချို့ရိုက်ကြေး သိပ်မတတ်နိုင်တဲ့သူတွေကျတော့ တရုတ်ငါးဖမ်းလှေတွေလိုက်တာများတယ်။သူက မြန်မာငွေသိန်း ၁ဝဝ လောက်ရှိရင် တက်လို့ရတယ်။အဲလို လိုက်နေတဲ့ သူတွေလည်းရှိတယ်။နောက်သင်္ဘောသားလောကမှာ တခြမ်းပေါက်လို့ခေါ်တယ်။ဒီကနေ ရသလိုထွက်ပြီး ဟိုရောက်မှသင်္ဘောပေါ်တက်စီးကြတာပေါ့။နောက်တခါဘာရှိမလဲဆိုရင် လူသစ်သင်္ဘော သားတွေအနေနဲ့ အသက်ကြီးမှ စလိုက်မယ်ဆို အဆင်မပြေတော့ဘူး။သူက ၃၅ နှစ်အထက်ဆို လိုင်းတွေက လူသစ်သိပ်မခေါ်ချင်ကြတော့ဘူး။အများဆုံးခေါ်ရင် လူသစ်ဆို အသက် ၂၅ နှစ်ကနေ ၃ဝ ကြားကို ခေါ်တာများတယ်။လူသစ်တွေအနေနဲ့ လိုက်ချင်ရင်တောင် သင်္ဘောသားလောက သင်္ဘောကုမ္ပဏီတွေနဲ့ သိကျွမ်းတဲ့သူတွေ အဆက်အသွယ်ရှိတဲ့ သူတွေလောက်ပဲ အဆင်ပြေမယ်၊အဆက်အသွယ်မရှိရင်တော့ ဒီဘက်အပိုင်းတွေက သိပ်အဆင်မပြေကြတာများတယ်။နောက်လိုင်းကြီးတွေလိုက်ရဖို့ မလွယ်ဘူး”လို့ မြန်မာနိုင်ငံသား သင်္ဘောသား တယောက်က VOM ကို ထပ်လောင်း ပြောပြပါတယ်။
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံ တရားဝင်သင်္ဘောသားအဖြစ် မှတ်ပုံတင်ထားသူက ၁ သိန်း ၃ သောင်းကျော်လောက်ရှိပြီး လူဦးရေ ၅ သောင်းလောက်သာ သင်္ဘောပေါ် အတက်အဆင်းလုပ်နေကြတယ်လို့ သိရှိရပါတယ်။
ဒါအပြင် ပြည်ပသင်္ဘောလိုင်းတွေမှာ အလုပ်လုပ်ကိုင်လိုတဲ့ သူတွေအနေနဲ့ မိမိတို့ ရရှိတဲ့ ရိုက်ကြေးနဲ့ လစာကို ချင့်ချိန်ရမှာကအလုပ် ရှာတဲ့ သင်္ဘောသားတွေရဲ့အလုပ်ပဲလို့လည်း သင်္ဘောသားအလုပ်အကိုင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က မှတ်ချက်ပြုထားပါတယ်။
“တချို့လည်း လူသစ်တွေကိုပို့ပေးတဲ့ ကုမ္ပဏီတွေရှိပါတယ်။ဒါကတော့ သင်္ဘောတက်ချင်တဲ့ လူသစ်တွေအနေနဲ့ လိုက်လံစုံစမ်းပြီး ချိတ်ဆက်ရမှာပေါ့။နောက်တချက် သတိပြုရမှာက အခုခေတ်က သင်္ဘောသားလောကမှ မဟုတ်ပါဘူး။ဘယ်လောကမဆို အလိမ် အညာတွေများတယ်။ဒါတွေကိုလည်း လူသစ်သင်္ဘောသားတွေနဲ့ သေချာစုံစမ်းလေ့လာကြပြီးမှ ချိတ် ဆက်ဖို့လိုပါတယ်”လို့ မြန်မာနိုင်ငံသား သင်္ဘောသားတယောက်က သူရဲ့အမြင်ကို ထပ်မံပြောပြခဲ့ပါတယ်။
ပြည်တွင်းသတင်းဌာနတခုကတော့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ရေ ကြောင်းအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာ့လုံးကိုသွားနေတဲ့ သင်္ဘောတွေ အတွက် သင်္ဘော သားလိုအပ်ချက် ၃ သိန်းလောက် ရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW