ဝါရှင်တန်၊ မတ်-၁၅-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်ဟာ ဒေါ်နယ်ထရန့် ပထမအကြိမ် သမ္မတသက်တမ်းမှာ ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေထက် ပိုမိုကျယ်ပြန့်မယ့် အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ နိုင်ငံသားတွေကို အမေရိကန်ကို ဝင်ရောက်ခွင့် တားမြစ်ဖို့ စဉ်းစားနေတယ်လို့ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက နယူးယောက်တိုင်းမ်ကို ပြောပါတယ်။
သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ ရေးဆွဲထားတဲ့ အကြံပြုချက်စာရင်းမှာ အမေရိကန်ကို ဝင်ရောက်ခွင့် လုံး၀ကန့်သတ်ထားတဲ့ အနီရောင်စာရင်းမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံထိ ပါဝင်နေပြီး အာဖဂန်နစ္စတန်၊ ဘူတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ယီမင်တို့ ဖြစ်ပါတယ်။
မူကြမ်းမှ ခရီးသွားလာမှုကို အလုံးစုံပိတ်ပင်ခြင်းမဟုတ်ပေမယ့် ကန့်သတ်မှုအချို့ထားမယ့် ၁၀ နိုင်ငံကတော့ လိမ္မော်ရောင်စာရင်းမှာ ပါဝင်နေပါတယ်။ ဒီကန့်သတ်ချက်မှာတော့ ချမ်းသာကြွယ်၀တဲ့ လုပ်ငန်းရှင်တွေကိုသာ ဝင်ခွင့်ပြုမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဗီဇာ နဲ့ ခရီးသွားဗီဇာသမားတွေကတော့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရမှာပါ။
ဒီနိုင်ငံသားတွေဟာ ပြည်ဝင်ခွင့်ရရှိဖို့အတွက် မဖြစ်မနေ လူကိုယ်တိုင် အင်တာဗျူးခံရမှာဖြစ်ပြီး ဘီလာရုစ်၊ အီရီထရီးယား၊ ဟေတီ၊ လာအို၊ မြန်မာ၊ ပါကစ္စတန်၊ ရုရှား၊ ဆီရာလီယွန်၊ တောင်ဆူဒန်၊ တာ့ခ်မင်နစ္စတန် နိုင်ငံတို့ ဖြစ်ပါတယ်။
အဲဒီစာရင်းကို လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြခဲ့တာဖြစ်ပြီး အိမ်ဖြူတော်ကို ရောက်ချိန်မှာ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက သတိပေးထားပါတယ်။
သံရုံးတွေ၊ နိုင်ငံခြားရေးဌာနရဲ့ ဒေသဆိုင်ရာ ဗျူရိုတွေက တာဝန်ရှိသူတွေ၊ အခြားဌာနတွေနဲ့ ထောက်လှမ်းရေး အေဂျင်စီ တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေ့ ခရီးသွားတားမြစ်ချက် အစီရင်ခံစာမူကြမ်းကို ပြန်လည်သုံးသပ်နေပါတယ်။
ဒေါ်နယ်ထရန့်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတဖြစ်လာပြီးနောက် တရားမဝင် အထောက်အထားမဲ့တွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်မှုအပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ပြောင်းလဲခဲ့ပြီး လုံခြုံရေးဆိုင်ရာ အာမခံချက်မရှိတဲ့ နိုင်ငံတွေရဲ့ အချက်အလက်တွေ စစ်ဆေးတာနဲ့ အကဲဖြတ်တာတွေလုပ်ဖို့ အမိန့်တရပ် ထုတ်ပြန်ခဲ့ပါတယ်။
Ref:New York Times
Photo: New York Times