မတ် ၁၅၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချို မြို့နယ်၊ မန္တလေး – လားရှိုး လမ်းမ ပေါ်ရှိ အုမ္မတီးဘက်မှာ နစက တပ်ဖွဲ့ နဲ့ TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီ မနက် ပိုင်း ကနေ အသံတွေ ကြားနေရတယ်။ လမ်းခွဲဘက် TNLA တွေ ရှိတယ်လေ။ စစ်တပ်ဘက်က ဒရုန်းနဲ့ လိုက်ပစ်တာလေ။ ဒီမနက် ကနေ တဝုန်းဝုန်းနဲ့ ဒရုန်းတွေနဲ့ ပြန်ပစ်နေပြီ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရလို့ တောင်ခမ်းဘက်က TNLA တပ်ဖွဲ့ဘက်က သိမ်းပိုက်ထားတဲ့ တပ်စခန်း ၂ နေရာ ကနေ TNLA တပ်ဖွဲ့ လက်လွှတ် လိုက်ရတာ လို့သိရတယ် လို့ သူက ပြောပါတယ်။
“တောင်ခမ်းဘက်က မကျည်းကျနဲ့ တောင်ရှည် ဘက် နှစ်နေရာ စစ်တပ်ဘက်က ပြန်ရသွားလို့ ကျောက်ဂူလမ်း ပွင့်သွားတာ။ အဲဒါကြောင့် အဲဒီ လမ်းကနေ အရင်က ပိတ်မိနေတဲ့ စစ်သားတွေ ပြန်သွားပြီး အသစ်တွေ ပြန်လာ လဲထည့် ထားတယ်လို့ သိရတယ်။” လို့ နောက်ထပ် ဒေသခံ တေယာက်ကပြောပါတယ်။
နစက တပ်ဖွဲ့ဘက်က ဒရုန်း အပါအဝင် လက်နက်ကြီးရော လေယာဉ်နဲ့ရော ပစ်ခတ် တိုက်ခိုက်ပေမယ့် အုမ္မတီး ရွာမ ကနေ မကျော်နိုင်သေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ အုမ္မတီး လမ်းခွဲဘက် TNLA တပ်ဖွဲ့တွေ ရှိနေပြီး အုမ္မတီး ရွာမ ဘက်တော့ နစက တပ်ဖွဲ့တွေရှိတယ်၊ ရေဝင်ရွာမှာတော့ နစက တပ်ဖွဲ့ ဘက်က လက်နက်ကြီးတွေ ဆင်ထားတယ်လို့ သူက ရှင်းပြပါတယ်။
မတ်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့ တွေမှာ လေယာဉ်တော့ လာတာမျိုး မရှိဘူး၊ လေယာဉ် မရောက်တာ၊ လေယာဉ် နဲ့ လာမပစ်တာ တပတ် လောက်ရှိပြီဖြစ်ကာ ဒရုန်းနဲ့ လက်နက်ကြီးနဲ့ ပဲပစ်တာ များနေတယ်လို့ သူက ပြောပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ နောင်ချို အုမ္မတီး ဘက်ကို လက်နက်ကြီး နဲ့ ပစ်ကူ နေရပြီး နှစ်ဖက် စလုံး အကျအဆုံး များတယ်လို့ ပြောပါတယ်။
ပြည်ထောင်စုညလမ်းမကြီး ပေါ်ရှိ အဲဒီ အုမ္မတီး၊ သဲခေါ်၊ ရေဝင် တကြော နစက တပ်ဖွဲ့နဲ့ TNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာ နှစ်ဝက် ကျော်လာပြီ ဖြစ်ပါတယ်။