ဝါရှင်တန် ၊ ဩဂုတ်-၉-၂၀၂၅
ရတီ(VOM)
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်နိုင်ငံ အလာစကာပြည်နယ်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လင်စကီးအပါအဝင် သက်ဆိုင်သူတွေဟာ စစ်ပြေငြိမ်းရေးသဘောတူညီချက်နဲ့ နီးစပ်နေပြီလို့ ပြောကြားခဲ့တယ်။ ဒီသဘောတူညီချက်မှာ ယူကရိန်းဘက်က နယ်မြေပေးရနိုင်တာတွေရှိမယ်လို့ သူက ဆိုပါတယ်။
သုံးနှစ်ခွဲကြာ စစ်ပွဲအဆုံးသတ်ရေးအတွက် နယ်မြေတွေနဲ့ပတ်သက်ပြီး သဘောတူရမှာတွေရှိတယ်လို့ ထရန့်က ပြောပါတယ်။ ဒီထိပ်သီးအစည်းအဝေးကို ရုရှားဘက်ကလည်း အတည်ပြုခဲ့တယ်။ ယူကရိန်းအကျပ်အတည်းကို ရေရှည်ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အဓိကထား ဆွေးနွေးမယ် လို့ ပူတင်ရဲ့ အကြံပေးက ပြောပါတယ်။
ဒီလုပ်ငန်းစဉ်ဟာ စိန်ခေါ်မှုတွေရှိနေပေမယ့် ရုရှားအနေနဲ့ တက်ကြွစွာ ပါဝင်မယ်လို့ ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားအပေါ် လုံလောက်တဲ့ ဖိအားပေးနိုင်မယ်ဆိုရင် စစ်ပြေငြိမ်းရေး ရနိုင်တယ်လို့ ပြောကြားခဲ့ပြီး နိုင်ငံတကာခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး အမေရိကန်နဲ့လည်း အဆက်အသွယ်ရှိနေတယ်လို့ ဆိုပါတယ်။
ပူတင်က လူဟန့် ဒိုနက်စ်၊ ဇာပိုရီဇီယားနဲ့ ခါဆန်ဒေသတွေအပြင် ၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့တဲ့ ကရီးမီးယားကျွန်းဆွယ်ကို ရုရှားနယ်မြေအဖြစ် တောင်းဆိုထားတယ်။ ဒါပေမယ့် ရုရှားတပ်တွေက ဒီနယ်မြေအားလုံးကို အပြည့်အဝ မထိန်းချုပ်ထားဘူး။
ဘလွန်းဘာ့ဂ်သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်နဲ့ ရုရှားအရာရှိတွေဟာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အသိအမှတ်ပြုတဲ့ သဘောတူညီချက်အတွက် ကြိုးစားနေတယ်လို့ ဆိုတယ်။ အိမ်ဖြူတော်အရာရှိတယောက်ကတော့ ဒီသတင်းက မှန်းဆချက်သာဖြစ်တယ်လို့ ငြင်းဆိုခဲ့တယ်။
ယူကရိန်းဟာ အရင်ကတည်းက စစ်ပွဲအဆုံးသတ်ဖို့ ပျော့ပြောင်းစွာ ချဉ်းကပ်နိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့ပေမယ့် ယူကရိန်းနယ်မြေရဲ့ ငါးပုံတပုံလောက် ဆုံးရှုံးမှုကို လက်ခံရမယ်ဆိုရင် သမ္မတဇီလန်စကီးနဲ့ ယူကရိန်းအစိုးရအတွက် နိုင်ငံရေးစိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။
Ref:CNA
Photo:Reuters
