ဆူးငှက်
တကယ်တော့ ကျွန်တော်က ကျွန်တော့်အထက်က အစ်မ (ဒေါ်ခင်ဝင်းနွယ်) နှင့် ပတ်သက်၍ လူထုတိုက်သို့ စတင်ရောက်ဖူးသည်။ ၁၉၇၀ကျော်ကာလ ဝန်းကျင်ကပေါ့။ ထို့နောက် ကျွန်တော်က ဆောင်းပါးလေးတွေရေးဖြစ်တော့ ဆရာညီပုလေးကတဆင့် စာရေးဆရာ အသိုင်းအဝန်းနှင့် ရင်းနှီးလာသည်။ ဤသို့ဖြင့် လက်ဆည်ကန်ရပ်က လူထုတိုက်သို့ မကြာခဏ ရောက်ဖြစ်သည်။ ဆရာညီပုလေးက မထင်မှတ်ဘဲ ခရီးရှည်ထွက်သွားချိန်နောက် ကိုယ်တိုင်က ပန်းချီလေး ဒီဇိုင်းလေး မတောက်တခေါက် ဝါသနာပါ၊ မဖြစ်စလောက် ရေးချွတ်ဖြစ်တာ သိတော့ အစ်မဒေါ်တင်ဝင်း(လူထု)နှင့် ကိုကျော်စိုးဝင်း (ဆရာကြည်လင်အေး) တို့က လူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေသော စာအုပ်အချို့၏ စာအုပ်အပြင်အဆင်ပိုင်း (ထိုစဉ်က ဂယ်လီပရု(ပ်) ထုတ်ပြီး ၊ ကွန်ပြူတာစီပြီး စာမူအချောများကို ကပ်ကြေးဖြင့်ညှပ်၊ တစ်ဖက်ချောဂျပ်ပေါ် ကော်ဖြင့် ကပ်ကာ Lay Out ဆင် ဖလင်ရိုက်ရသည်) ကို တာဝန်ပေးသည်။ နောက် ဖလက်တွဲ စာဖောင်ဖွဲ့ရ၏။
သည်တော့ တိုက်ကို တစ်ပတ်တစ်ကြိမ် အနည်းဆုံးသွားပြီး အလုပ်အပ်၊ အလုပ်ယူရသည်။ များသောအားဖြင့် ကျွန်တော်က အဖိတ်နေ့ သွားဖြစ်တာပေါ့။ ထိုစဉ်က တိုက်မှာ စာရေးဆရာတွေဆုံကြသည်။ ဆရာညီပုလေး၏ စာအုပ်ဆိုင်အသစ်လေးရှေ့က ဗာဒံပင်အောက်မှာ စကားဝိုင်းဖွဲ့ကြတာပေါ့။ ကျွန်တော်က အလုပ်အပ် အလုပ်ယူပြီးတာနှင့် ဗာဒံပင်အောက်ရောက်သွားသည်။ ဆရာသိုက်ထွန်းသက်၊ ဆရာဝင်းစည်သူ၊ ဆရာရဲသျှမ်း၊ ဆရာကျော်ရင်မြင့်၊ ဆရာညိုထွန်းလူ၊ ဆရာကြည်ဇော်ဝင်း၊ ဆရာကျော်စွာထက်၊ ဆရာ ကိုရိုးကွန့်တို့ ရှိတတ်သည်။ ပြီးတော့ ဆရာတွေနှင့် တိုက်အရှေ့ဖက် မင်္ဂလာကဖေး (ဒါမှ မဟုတ်) ၈၃လမ်းပေါ်က မင်းမင်းကျော်ကဖေးသို့ ချီတက်ကြတာပေါ့။
လူထုတိုက်ရောက်လျှင် များသောအားဖြင့် ဧည့်ခန်းမှာဖြစ်စေ၊ စာအုပ်ဆိုင်အတွင်းမှာ ဖြစ်စေ စာဖတ်နေတတ်သော ဒေါ်ဒေါ့်ကိုတွေ့သည်။ ဒေါ်ဒေါ်က တွေ့တာနှင့် စာဖတ်နေရာမှ မျက်မှန်ပေါ်က ကျော်ကြည့်ပြီး “မင်းရေးတဲ့ ဆောင်းပါးလေး စံပယ်ဖြူမှာ တွေ့တယ်ကွယ့်၊ နောက်ထပ် ဘာတွေရေးဖြစ်သေးလဲ၊ ဘယ်တွေ ပို့ထားသေးလဲ၊” ဆိုတာတွေ မေးတတ်သည်။ အကယ်၍ မဂ္ဂဇင်းတွေမှာ ကိုယ့်စာမူ မတွေ့တာကြာလျှင် “မင်း စာမရေးဖြစ်ဘူးလား၊ ဘာလို့လဲ၊ ရေးမှပေါ့၊ ကလောင်ဆိုတာ မရေးဘဲ ပစ်ထားရင် သံချေးတက်ပြီး တုံးသွားတတ်တယ်” ဟု သတိပေးလေ့ ရှိသည်။
ထိုစဉ်က ကျွန်တော့်မှာ ကင်မရာလေး နှစ်လုံးက ရှိနေဆဲမို့ တောင်လေးလုံး ပရိဝုဏ်မှာ ကျင်းပသော လူထုဒေါ်အမာ မွေးနေ့ပွဲများ၊ စာရေးဆရာမ နုနုရည်(အင်းဝ)၏ အမျိုးသားစာပေဆုရ ဂုဏ်ပြုပွဲနှင့် မန္တလေးမှာ ကျင်းပ သော စပယ်ဖြူမဂ္ဂဇင်းမိတ်ဆက်ပွဲ၊ မိုးဦးပန်း မဂ္ဂဇင်းမိတ်ဆက်ပွဲ၊ သရဖူမဂ္ဂဇင်း မိတ်ဆက်ပွဲတွေမှာ ကျွန်တော့် ကင်မရာလေးတွေက အသုံးဝင်နေသည်။ ထိုစဉ်က နောက်ဆုံးပေါ်ဖြစ်နေသော Nikon FM, Pentex-MG (200 mm wide zoom) မို့ ပွဲလယ်တင့်သည်။
အိမ်တော်ရာထီး
———————–
နောက် ဒေါ်ဒေါ်(လူထုဒေါ်အမာ)က သူရေးသားသော ဆောင်းပါးများအတွက် လိုအပ်သော ဓာတ်ပုံတွေ ရိုက်ခိုင်းသောအခါ လူထုတိုက်သို့ ဝင်ထွက်လာရသည်။ မှတ်မှတ်ရရ အိမ်တော်ရာထီးအကြောင်း ဆောင်းပါးရေးသောအခါ အိမ်တော်ရာ ဆင်တံတားပေါ်က ဒေါ်ဒေါ့်မိတ်ဆွေတွေဆီ ကျွန်တော့်ကို လွှတ်သည်။ အချက်အလက်အချို့ မေးမြန်းရ
သည်။ မေးမြန်းမှတ်သားချက်တွေကို ဒေါ်ဒေါ့်ထံ ပြန်ပြောသည်။ ထိုအခါ လုပ်ငန်းတစ်ခုနှင့် ပတ်သက်၍ အရေးကြီး၊ အဓိကကျသော မေးခွန်းတွေအကြောင်း ဒေါ်ဒေါ်က သင်ပေးသည်။
“လုပ်ငန်းနဲ့ပတ်သက်ပြီး မေးရမြန်းရတော့ သူတို့က အားချင်မှလည်း အားမယ်၊ အလုပ်ရှုပ်နေချင်လည်း ရှုပ်မယ် …။ ဒီအခါ အခြေအနေကို ကြည့်ကွယ် …။ ကိုယ်က ကြိုပြီး ချိန်းချက်သွားတာမျိုးမဟုတ်ရင် ပိုသတိထားရမယ်။ မေးတဲ့မြန်းတဲ့အခါ ပိုပြီးထိရောက် အောင် ကိုယ်မေးမယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာထားရမယ်ကွယ့် …” ဟု ပြောပြသည်။ ထို့နောက် အောက်ထပ်စာကြည့် ခန်းထဲရှိ အိမ်တော်ရာထီးတစ်ချောင်းကို ယူလာသည်။ ကျွန်တော်ကလည်း အိမ်တော်ရာထီးကို ယခုမှ မြင်ဖူးသည်။ ထီးရိုးဝါး၊ ဝါးကိုင်းတံ များနှင့် ပိတ်ထီးရွက်ဖြစ်သည်။ ထီးရွက်မှာ “သစ္စေး ဟင်္သပြဒါးများ သုတ်လိမ်းထားသည်။ လက်ကိုင်ကလည်း သစ်သားပွတ်လုံးထိုးဖြစ်၏။ ဘုန်းကြီးဆောင်းထီးများနှင့် တူသည်။ သို့သော် လူဆောင်းနှင့် ဘုန်းကြီးကျောင်းကို ကွဲပြားအောင် ပြုလုပ်ထားသည်။
“ဒို့မှာလည်း အိမ်တော်ရာထီးက ဒီတစ်ချောင်းပဲ ရှိတော့တာ ဆင်တံတားပေါ် မင်းသွားမေးတုန်းက သူတို့မှာလည်း ဘိုးဘွား အမွေအနေနဲ့ သိမ်းထားတဲ့ ထီးတစ်ချောင်းပဲ ရှိတာ။ လောလောဆယ် ရှာလို့ မရသေးဘူးတဲ့ လား။ အေးကွယ် မန္တလေးမှာ တစ်ချိန် ထင်ရှားခဲ့တဲ့ အိမ်တော်ရာထီးဆိုတာ နောက်လူတွေ မြင်ဖူးဖို့တောင် မလွယ်တော့ ဘူးကွယ်” ဟု ဝမ်းနည်းစကား ဆိုသည်။ “ဒီထီးလေးကို ဓာတ်ပုံရိုက်ပေးကွယ်၊ ဒီလိုထောင်ရက်လေးရော၊ ထီးဖွင့်ပြီးရော၊ ပြီးတော့ မင်းဇနီးလေးကိုလည်း ထီးလေး ဆောင်းပြီး ရိုက်ခဲ့၊ ပုံတွေရရင် အမေ့ဆီလာပေး မင်းကျသင့်သလောက် အမေပေးမယ်” ဟု ဆိုသည်။ ဒေါ်ဒေါ်က ကျွန်တော့်ကို “အမေက” “အမေက”ဟု ဆိုသော်လည်း ကျွန်တော်က ကျွန်တော့်အထက် မျိုးဆက်များ ကဲ့သို့ “ဒေါ်ဒေါ်” ဟု ခေါ်နေမိသည်။ “ဒေါ်ဒေါ်”ဟူသည် နှလုံးသားထဲက ဝိသေသတစ်ခု ပမာ စွဲထင်နေချေပြီ။
နောက် ကျွန်တော် ရိုက်ကူးခဲ့သော ဓာတ်ပုံလေးများနှင့် ဒေါ်ဒေါ်၏ “အိမ်တော်ရာထီး” ဆောင်းပါး စပယ်ဖြူ မဂ္ဂဇင်းမှာ ပါလာ တော့ အတိုင်းမသိ ဝမ်းမြောက်ရသည်။ ဤသို့ဖြင့် ဒေါ်ဒေါ် လိုအပ်သော ဓာတ်ပုံတွေ ရိုက်ပေးရတော့ သည်။ မိကျောင်းတံတား၊ ခြင်္သေ့ကြီးနှစ်ကောင်၊ ဈေးချိုတော်၊ ဘီလူးမညောင်ပင်၊ မန္တလေးတောင်၊ ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော်ကျောက်စာများ စသည်။
ကျွန်တော် တကယ်ဖြစ်ချင်တာက စာရေးဆရာဖြစ်သည်၊ ထို့ကြောင့် တစ်ဖက်က လိုအပ်သော ဓာတ်ပုံတွေ ရိုက်သည်။ စာတွေ အဆက်မပြတ်အောင် ရေးဖြစ်သည်။ စပယ်ဖြူမှာ အများဆုံးပါသည်။ စပယ်ဖြူမှာပါတော ဒေါ်ဒေါ်လည်း လွယ်လင့်တကူ ဖတ်ဖြစ်နေသည်။ ဖတ်ပြီးတိုင်းလည်း ကျွန်တော့် ဆောင်းပါးလေးများအပေါ် အားပေး သည်။ အမှားပါလျှင် ထောက်ပြသည်။ လိုသည့်အချက်တွေ ဖြည့်စွက်သည်။ လိုအပ်ပါက ဒေါ်ဒေါ့် စာကြည့်စားပွဲ ပေါ်က စာအုပ်စာတမ်း၊ ဓာတ်ပုံများကိုပါ လေ့လာကြည့်ရှုစေသည်။
ဆူးငှက်
