ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်တနှစ်ကျခံဖို့ တရားရုံးချုပ် အမိန့်ချ

ဘန်ကောက်၊ စက်တင်ဘာ-၉-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းတရားရုံးချုပ်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ်တနှစ်ကျခံဖို့ ဒီကနေ့မှာ အမိန့်ချမှတ်လိုက်ပြီး ရှင်နာဝပ်ထရာ နိုင်ငံရေးမိသားစုအတွက်တော့ နောက်ထပ် ထိုးနှက်ချက်တခုဖြစ်လာပါတယ်။
သက်ဆင်ဟာ ယခင်ထောင်ဒဏ်ကို ဆေးရုံမှာ ဥပ‌ဒေနဲ့မညီဘဲ သွားရောက်နေထိုင်မှု စွဲချက်ကို ဆုံးဖြတ်ရာမှာ ထောင်ထဲမှာ တနှစ်ကျခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ သက်ဆင်နဲ့ သူမိသားစုဟာ ၂၀၀၁ ခုနှစ်မှာ သက်ဆင် ပထမဆုံးအကြိမ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက်မှစပြီး ထိုင်းနိုင်ငံရေးကို လွှမ်းမိုးခဲ့ပါတယ်။
သူရဲ့ သမီး ပေတုန်တန်ရှင်နာဝပ်ထရာဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်စောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်းပြောဆိုမှု အသံဖိုင်ပေါက်ကြာပြီးနောက် ကျင့်ဝတ်သိက္ခာချိုးဖောက်မှုရှိတယ်ဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ပြီးခဲ့တဲ့လမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။
အသက် ၇၆ နှစ်ရှိဖခင်နဲ့ အတူ ဒီကနေ့ တရားရုံးသို့လိုက်ပါလာခဲ့တဲ့ ပေတုန်တန်ကတော့ စီရင်ချက်အပြီးမှာ သူမ၏ဖခင်အတွက် စိုးရိမ်မိ ပေမယ့် သူမနဲ့ မိသားစုဟာ စိတ်ဓါတ်ခိုင်မာတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဖြူထိုင်းပါတီကိုတော့ အတိုက်အခံပါတီအဖြစ် ဆက်လက်လှုပ်ရှားသွားမယ်လို့ သူက ကတိပြုပြောဆိုပါတယ်။
သက်ဆင်ရဲ့ နောက်ဆုံးအမှုဟာ ဝန်ကြီးချုပ်သက်တမ်းကာလနဲ့ ဆက်စပ်နေတဲ့ ယခင်အမှုမှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းမှုမှာ ရာထူးဖယ်ရှားခံရပြီးနောက် နှစ်ပေါင်းများစွာ ဒူဘိုင်းမှာ တိမ်းရှောင်နေပါတယ်။
၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံသို့ ပြန်လာချိန်မှာ သူ့ကို ချက်ချင်းတရားစွဲဆိုခံခဲ့ရပြီး တာဝန်ထမ်းဆောင်စဉ်က ခြစားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့အတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့် သက်ဆင်ရဲ့ လွှတ်ငြိမ်းခွင့်ပန်ကြားချက်အပြီးမှာ ထိုင်းဘုရင်က သူရဲ့ပြစ်ဒဏ်ကို တနှစ်သို့ လျှော့ချပေးခဲ့သည်။
ဒါပေမယ့် နှလုံးပြဿနာရှိတယ်ဆိုကာ ထောင်ထဲမှမဟုတ်ဘဲ ရဲဆေးရုံ ဇိမ်ခံခန်းမှာ နေထိုင်ခဲ့ပြီး ထောင်မှာ တရက်တောင် မနေခဲ့သူဖြစ်ပါတယ်။ သက်ဆင်ဟာ ခြောက်လတိတိ ရဲဆေးရုံမှာ နေထိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘန်ကောက်ရှိ သူ့နေအိမ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
နောက်ဆုံးအမှုဟာ သက်ဆင်အား ဆေးရုံသို့ပြောင်းရွှေ့ခြင်းဟာ ဥပဒေနဲ့ ကိုက်ညီမှုရှိမရှိနဲ့ သက်ဆင် တကယ်နာမကျန်းဖြစ်နေခြင်းရှိမရှိတို့အပေါ် ဗဟိုပြုခဲ့တာပါ။ သူနေထိုင်ခဲ့တဲ့ ဆေးရုံအထပ်ကို အစွဲပြုပြီး “14th floor case” လို့ အမည်တွင်တဲ့ ဒီအမှုဟာ ဝန်ကြီးချုပ်အနေနဲ့ ပြစ်ဒဏ်ကို ထောင်တွင်းကျခံရမှာလားဆိုတာကို ထိုင်းနိုင်ငံသားတွေလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။
Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW