ဇန်နဝါရီ ၁၇ ၊ ၂၀၂၆
GG (VOM)
ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်၊ လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၇/၁) နဲ့ (၁၇၇/၂)ကြားမှာ ခရီးသည်တင် ကားတစီး ပေ ၅၀၀ အနက်ရှိ ချောက်ထဲကိုပြုတ်ကျပြီး ခရီးသည် တယောက်သေဆုံးကာ နောက်ထပ် လူကိုးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ၊ မနက် ၁၀ နာရီလောက်မှာ ခရီးသည်တင်ကားဟာ မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲကို ပြုတ်ကျခဲ့တာ ဖြစ်ကြောင်း၊ သေဆုံးသူက အသက် ၂၅ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အသက် တနှစ်ကျော် ကလေးငယ်လည်း ပါဝင်တယ်လို့ သိရပါတယ်။
“ကားက ယာဥ်နောက်က တန်းကျိုးသွားပြီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျတာပါ။ သေဆုံးတဲ့ကလေးက ဦးခေါင်းနောက်စေ့ ပေါက်ပြဲတယ် ၊ မျက်နာသွေးထွက် ဒဏ်ရာနဲ့သေဆုံးတယ်။ပျော်ဘွယ်ကပါ။ ဒဏ်ရာရသူတွေကတော့ မစိုးရိမ်ပါဘူး ။ဒဏ်ရာရတဲ့အထဲက တနှစ်နဲ့ငါးလ ကလေးငယ်လည်း မစိုးရိမ်ရပါဘူး ။ ” လို့ လွိုင်လင်ခရိုင် မီးသတ်ဦးစီးမှူးက ပြောပါတယ်။
အဆိုပါ ခရီးသည်တင်ကားဟာ မိတ္ထီလာ – တာချီလိတ်ကို ပြေးဆွဲနေတဲ့ ထီလာရိုးမယာဥ်လိုင်းဖြစ်ကြောင်း သိရှိရပြီး လက်ရှိမှာတော့ သေဆုံးနဲ့ ထိခိုက် ဒဏ်ရာရရှိသူတွေကို လွိုင်လင်ခရိုင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဖြိုးရတနာအောင် ခရီးသည်တင်ကား တိမ်းမှောက်ပြီး လူသုံးယောက်သေဆုံးကာ ၁၄ ယောက်ထိခိုက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၂ ရက်နေ့ ၊ ညနေပိုင်းကလည်းရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့နယ် ၊ ကျိုင်းတုံ – တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ကားတစီး တိမ်းမှောက်ပြီး လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – မီးသတ်
