မေ ၅ ၊ ၂၀၂၆
CC (VOM)
မကွေးတိုင်း၊ စလင်းမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး အစိုးရတပ်ကလည်း မြေပြင်စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး ပြုလုပ်နေတာကြောင့် ကျေးရွာကိုးရွာထက်မနည်း စစ်ရှောင်နေကြရတယ်လို့ ဒေသခံဆီက စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ တိုက်ပွဲ ဖြစ်ပွားတဲ့ကျေးရွာတွေဘက်မှာ နေအိမ်တွေ မီးလောင်မှုရှိသလို ကျန်တဲ့ ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က ကျေးရွာတချို့မှာလည်း နေအိမ်တွေ မီးရှို့ခံရတာတွေ ဖြစ်ပေါ်နေပြီး အိမ်ခြေရာဂဏန်းလောက်အထိ မီးလောင်ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ် ။
ထနှောင်းကုန်း ၊ကံဆွယ်ရွာ ၊ ကန်တိုင်ကွေ့ကျေးရွာ ၊ နတ်စဉ်ကုန်း၊ ကန်ဘောင်၊ ရှားတော၊ စဉ့်တုကန်၊ သီးကုန်းနဲ့ ပျိုးခင်းကုန်းကျေးရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရတာဖြစ်ပြီး အဲဒီထဲကမှ စဥ့်တုကန်နဲ့ ပျိုးခင်းကုန်းရွာ ဘက်မှာ အိမ်မီးလောင်ပျက်စီးမှု ပိုပြီးများတယ်လို့ သိရပါတယ်။
” ဟုတ်တယ် ။ မနေ့က စဥ့်တုကန်ရွာနဲ့ ပျိုးခင်းကုန်း အဲဒီနှစ်ရွာမှာ အိမ်မီးလောင်တာတွေ ရှိနေတယ်။ တိုက်ပွဲက အရင်ရက်ကတော့ ထနှောင်းကုန်း၊ ကံဆွယ်ရွာဘက်မှာတော့ ဖြစ်တယ် ။ခုရက်တော့ လက်နက်ကြီးသံမကြားမိဘူး ။ တပ်ကလည်း စစ်ကြောင်းထိုး ရှင်းလင်းနေတာဆိုတော့ ဒေသခံတွေ အကုန်ရှောင်နေကြတယ် ။ နီးစပ်ရာရှောင်ကြတာလည်းရှိသလို မြို့ပေါ်လည်း ရောက်လာတာရှိတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့ ကျေးရွာနဲ့ အိမ်မီးရှို့ခံရတဲ့ ကျေးရွာတွေကတော့ စလင်းမြို့နယ်နဲ့ ၅ မိုင်လောက်သာ ကွာဝေးပြီး အရင်ကတည်းက PDF တပ်ဖွဲ့တွေ စိုးမိုးနယ်မြေတွေဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီရွာဘက်တွေကို စလင်းမြို့ပေါ်ကနေ သွားလာလို့ မရဘူးလို့ သိရပါတယ် ။
” ရေနံချောင်းနဲ့က ဟိုဘက်နဲ့ဒီဘက်ပေါ့ ။မြစ်ရဲ့ဟိုဘက်ကမ်းဒီဘက်ကမ်းသဘောပေါ့ ။PDF တွေက နဂိုတည်းက အဲဒီရွာဘက်တွေမှာ ကြီးစိုးထားတာ။ အဲဒီဘက်မှာနေတာ ကြာပြီ။ အဲဒီတော့ တပ်က နယ်မြေရှင်းလင်းရေး လုပ်ပြီး စစ်ကြောင်းထိုးတဲ့သဘောလို့ ထင်တယ်။ သိတာတော့ စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလို့ သိရတယ်။ သိရသလောက်တော့ ပထမနေ့လောက်ပဲ တိုက်ပွဲဖြစ်ပြီး နောက်ရက်တွေ PDF တွေဘက်က နောက်ဆုတ်သွားတယ်လို့ သိရတယ်။ မြေပြင်အတိအကျကတော့ သေချာမသိနိုင်ဘူး ။ ” လို့ စစ်ရေးသတင်းရင်းမြစ် ဒေသခံကပြောပါတယ်။
မေ ၁ ရက်နေ့ကစပြီး အစိုးရတပ်က စလင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် နယ်မြေခံ PDF အဖွဲ့တွေနဲ့ နေ့စဥ်တိုက်ပွဲ ဖြစ်ပွားမှုရှိနေတယ်လို့ NUG လက်အောက်ခံ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
အစိုးရတပ်က စစ်ကူအင်အားတိုးပြီး စစ်ကြောင်းထိုးနေတဲ့အတွက် နယ်မြေခံထိတွေ့ ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းက မထုတ်ပြန်မချင်း မြေပြင်သတင်းကို မထုတ်ပြန်ကြဖို့ သတင်းမီဒီယာနဲ့ အဖွဲ့အစည်းတွေကို ပန်ကြားချက်ဆိုပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
