ပျဥ်းမနား မြို့မစျေးကြီးတခုလုံး ပြန်ဆောက်မှာမို့ ပိုင်ရှင်တွေက မူလဆိုင်ခန်း​နေရာ မရမှာကို စိုးရိမ်နေ

နေပြည်တော် မေ ၅ – ၂၀၂၆
KKL(VOM)
ပျဥ်းမနားမြို့ရဲ့အထင်ကရ စျေးကြီးတခုဖြစ်တဲ့ မြို့မစျေးကြီးကို အသစ်ပြန်လည်တည်ဆောက်သွားဖို့ရှိတယ်လို့ သိရပြီးတော့ ပျဥ်းမနား မြို့မစျေးမှာ လက်ရှိရောင်းချနေကြတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကတော့ တည်ဆောက်ပြီးစီးလို့ သူတို့မူလနေရာပြန်ပေးတဲ့အခါမှာ ငွေကြေးဘယ်လောက်ထပ်မံပေးဆောင်ရမယ်ဆိုတဲ့အတွေး၊ ပြိုကျပျက်စီးခဲ့တဲ့စျေးရုံထဲက ဆိုင်ခန်းပိုင်ရှင်တွေဖက်ကလည်း သူတို့ရဲ့မူလစျေးဆိုင်ခန်းနေရာတွေ ပြန်မရမှာသေချာနေတဲ့အတွက် စိုးရိမ်မှုတွေ မကျေနပ်မှုတွေရှိနေခဲ့ကြတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ကို တာဝန်ရှိတဲ့လူကြီးတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ၈ လအတွင်းအပြီးပြန်ဆောက်ပေးမယ် ဆိုတာထည့်ပြောခဲ့ပါတယ် အဲ့ဒါကြောင့် ကျွန်တော်အပါအဝင် ရုံထဲမှာရောင်းချနေကြတဲ့ ဆိုင်ခန်းပိုင်ရှင်တွေအကုန်လုံး လက်မှတ်ထိုးပေးခဲ့ကြပါတယ်။ အခုတော့မူလနေရာမှာ အခြားအဆောက်အဦးဆောက်ဖို့လုပ်နေပြီး တဖက်မှာကျန်ရှိနေတဲ့ အခုအသစ်ဆောက်မယ့် စျေးအဟောင်းနေရာဖက်ကို ပေါင်းပြီးနေရာပြန်ပေးမယ်ဆိုတော့ ကျွန်တော်တို့ဆိုင်ခန်းနေရာကောင်းရှိခဲ့တဲ့သူတွေဖက်က နစ်နာပါတယ်” လို့ ပြိုကျပျက်စီးခဲ့တဲ့ စျေးရုံထဲက အမည်မဖော်ပြချင်တဲ့ အထည်ရောင်းချနေတဲ့ ဆိုင်ခန်းပိုင်ရှင်တယောက်က VOM ကိုပြောပါတယ်။
ပျဥ်းမနား မြို့မစျေးကြီး အသစ်တည်ဆောက်ပြီးစီးဖို့အတွက် အချိန်ကာလ ၃ နှစ်ကြာမြင့်မယ်လို့သိရပြီးတော့ အခုလက်ရှိ စျေးသည်တွေကို နေရာချထားပေးဖို့ကိုတော့ အရင်ဆင်ရုပ်ကြီးအနားမှာရှိတဲ့ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ကားဝင်းအဟောင်းနေရာကို ရွေးချယ်ခဲ့ပြီး အခုလက်ရှိ ဆောက်လုပ်မယ့် အဆောက်အဦးတွေအတွက် ခြံခတ်တာတွေနဲ့ ပန္နက်ရိုက်ထားတာတွေ စတင်လုပ်ဆောင်ပြီးစီးနေတာကို တွေ့ရပါတယ်။
“ပျဥ်းမနား မြို့မစျေးက နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်လို့ အန္တရယ်ရှိတဲ့ အဆောက်အဦးအဖြစ်သတ်မှတ်ထားခဲ့တာဖြစ်တဲ့အပြင် အခုလို အသစ်ပြန်လည်တည်ဆောက်ဖို့အတွက် မန္တ​လေးငလျင်ကြီးမတိုင်ခင်ထဲက စီစဥ်ထားတာရှိပေမယ့် အဆိုပြုတဲ့ကုမ္ပဏီမရှိလို့ မလုပ်ဖြစ်ခဲ့တာပါ အခုတော့ ငလျင်ကြောင့် မြောက်ဖက်ကစျေးရုံကြီးတခုလုံးပြိုသွားခဲ့ရတာနဲ့ တဆက်ထည်း လုပ်ကိုင်နိုင်တဲ့အဆိုပြုကုမ္ပဏီပေါ်လာတဲ့အတွက် အခုလိုစျေးကြီးတခုလုံး ပြန်တည်ဆောက်ဖို့ ဖြစ်လာတာပါ” လို့ ပျဥ်းမနား မြို့မစျေးက စျေးတာဝန်ခံ ဦးတင်မောင်ကြည်က VOM ကိုပြောပါတယ်။
အခုမြို့မစျေးမှာရောင်းချနေကြတဲ့စျေးဆိုင်ခန်းတွေကို အောင်မင်္ဂလာရပ်ကွက်ဖက်က ကားဝင်းအဟောင်းနေရာကို ပြာင်းရွှေ့နေရာချထားနိုင်ဖို့က ၆ လနဲ့အပြီးသတ်မှတ်ထားတယ်လို့ဆိုပေမယ့် အဆောက်အဦးပြီးစီးမှုပေါ်မှာမူတည်ပြီး ကာလတခု အထိကြာမြင့်အုံးမယ်လို့လည်း သိရတဲ့အပြင် ပြောင်းရွှေ့ရမယ့် ဆိုင်ခန်းပိုင်ရှင်တွေက ဆိုင်ခန်းထပ်မံဝယ်ယူရတာမျိုးမဟုတ်ပဲ အရင်အတိုင်း အခွန်အခ လောက်သာပေးဆောင်ရမယ်လို့သိရပြီး ပျဥ်းမနား ဆင်ရုပ်နားက အောင်မင်္ဂလာအဝေးပြးဂိတ်ဟောင်းနေရာကို အရင်ဦးစားပေးတည်ဆောက်သွားမယ်ဆိုတာလည်းသိခဲ့ရပါတယ်။
“ကျွန်မတို့ဖက်ကလည်း ပြောင်းရွှေ့ပြီး ကျွန်မတို့မူလနေရာမှာပြန်ပြီးနေရာချပေးတဲ့အချိန်ကျရင် ငွေဘယ်လောက် ထပ်ပေးရမယ်ဆိုတဲ့ဟာမျိုးတွေ ဖြစ်လာမှာစိုးရိမ်ပါတယ် တတ်နိုင်တဲ့သူတွေအတွက်တော့ကောင်းပါတယ် အခုထဲကသိထားရရင်တစ်ခုခု ကြိုပြင်ဆင်လို့ရတာပေါ့ ကြားပဲကြားနေရတာ အဲ့လိုပြောင်းဖို့ကိစ္စ အခြားငွေကြေးကိစ္စ ဘယ်သူမှအခုထိ ခေါ်ပြီးပြောဆို အသိပေးတာ မရှိသေးပါဘူး” လို့ ပျဥ်းမနား မြို့မစျေးထဲမှာလက်ရှိရောင်းချနေတဲ့ ဆိုင်ခန်းပိုင်ရှင်တယောက်ကလည်း VOM ကို ပြောပါတယ်။
ပျဥ်းမနားမြို့မစျေးက စျေးသည်တွေပြောင်းရွှေ့ရမယ့် အောင်မင်္ဂလာဆိုဒ်နဲ့ ပျဥ်းမနား မြို့မစျေးအဟောင်းဆိုဒ်နှစ်ခုအတွက် တာဝန်ယူ တည်ဆောက်မယ့်ကုမ္ပဏီကတော့ Vigorus Union Eigineering (VUE) Co.Ltd က တာဝန်ယူတည်ဆောက်မယ်လို့သိရပြီး အဲ့ဒီ ပျဥ်းမနားမြို့မစျေးထဲက ပြောင်းရွှေ့ဆိုင်ခန်းတွေရဲ့တစ်ဖက် တစ်ဆက်တစ်စပ်ထဲရှိတဲ့ အောင်မင်္ဂလာဆိုဒ် နေရာမှာပဲ နှစ်ထပ်ခွဲ ရှောပင်းစင်တာကို ထည့်သွင်းတည်ဆောက်သွားမယ်လို့ သိရပါတယ်။
“ရေရှည်စီမံချက်ကတော့ ပျဥ်းမနား မြို့မစျေးကြီးတည်ဆောက်ပြီးစီးလို့ သူတို့ဆိုင်ခန်းတွေ ပြန်ပြီးနေရာချပြီးလို့ရှိရင် အောင်မင်္ဂလာဆိုဒ် ဖက်မှာအခြားရောင်းချလိုတဲ့စျေးသည်အသစ်တွေကိုလည်း အခုဆောက်လုပ်နေတဲ့ ကုမ္ပဏီနဲ့ချိတ်ဆက်ပြီး သတ်မှတ်တန်ဖိုးအတိုင်းပြန်ရောင်းချပေးမှာဖြစ်တဲ့အတွက် အောင်မင်္ဂလာမှာလည်း စျေးတစ်ခုတော့ဖြစ်ကျန်ခဲ့မှာသေချာပါတယ်” လို့ ပျဥ်းမနား မြို့မစျေး တာဝန်ခံက VOM ကိုဆက်ပြီးပြောပါတယ်။
အလားတူပဲ ပျဥ်းမနား မြို့မစျေးက ငလျင်ကြောင့်ပြိုကျ ပျက်စီးခဲ့တဲ့ စျေးရုံအဆောက်အဦးနေရာမှာ ၄ ထပ်လူနေဆိုင်ခန်းတွေ ပါဝင်ထည့်သွင်းတည်ဆောက်ဖို့( VUE ) Co.Ltd ကလုပ်ဆောင်နေပြီးတော့ ပြိုကျပျက်စီးခဲ့တဲ စျေးရုံကြီးထဲမှာ အရင်က ရောင်းချနေတဲ့ စျေးသည်တွေကိုတော့ အခု အသစ်ပြန်လည်တည်ဆောက်မယ့် ပျဥ်းမနား စျေးသစ်ကြီးမှာ နေရာချထားပေးမယ်လို့ ပျဥ်းမနားမြို့မစျေး တာဝန်ခံဆီကနေ သိရပါတယ်။
“ပျဥ်းမနားမြို့က ကြီးတယ်ဆိုပေမယ့် နေပြည်တော် မှာရှိတဲ့ အခြားမြို့နယ်တွေလို Shoping Center နေရာမျိုးတွေ နေပြည်တော် မြို့မစျး၊ သပြေကုန်းစျေးလိုနေရာ မျိုးတွေနဲ့ လူနေဆိုင်ခန်းမျိုးတွေ ကားပါကင်တွေ Grean Line တွေ ပြောရရင်ကျွန်တော်တို့တည်ဆောက်မယ့် အနေအထားမျိုးတွေမရှိပဲ Jumtion – Capital လိုနေရာမျိုးတွေကိုသွားနေကြရတာပါ ပြီးစီးသွားတဲ့အချိန်ကျရင်တော့ သူတို့နားလည်သွားကြမှာပါ” လို့ Vigorus Union Eigineering (VUE) Co.Ltd က တာဝန်ရှိသူက ဆိုခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW