မေ ၁၃ ၊ ၂၀၂၄
GG (VOM)
လတ်တလော အခြေအနေမှာ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံထားရတဲ့ သတင်းအေဂျင်စီ ၉၇ ခုအထိ ရှိထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်းအေဂျင်စီတွေကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းမှုတွေ ဆက်ရှိနေသေးတာဟာ ပြည်တွင်းမှာ ရပ်တည်နေရတဲ့ သတင်းမီဒီယာတွေအတွက်တော့ သတိထားရေးသားရမယ့် အခြေအနေရှိနေဆဲ ဖြစ်တယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
” ၂၀၂၁ အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးဆိုပြီး လုပ်ကတည်းက ပြည်တွင်းမီဒီယာတွေကတော့ စစ်တပ်နဲ့ပေးစားခံနေရတာပါ။ လှုပ်လို့ကိုမရတာ။ မရေးရင်လည်း မရေးလို့၊ ရေးတော့လည်း ဘောမတယ်ဖြစ်ပြန်ရော။ စာဖတ်သူတွေအများစုကလည်း အပြင်ကလူတွေကို အထင်ကြီးကြ၊ ယုံလွန်းကြတော့ ပြည်တွင်းကမီဒီယာဆိုရင် အကောင်းကိုမမြင်ကြတော့တာ။ သမ္မတ ဦးဝင်းမြင့်လွတ်တာကို VOM မှာ ပထမဆုံးတင်တယ် ။ ဒါပေမဲ့ ပြင်ပမီဒီယာကရေးမှ ယုံကြည်ကြတော့တာဆိုတော့ ခက်ပါတယ်။ နောက်ပြီးလိုင်စင် ပိတ်မခံရ၊ ဖမ်းမခံရအောင်လည်း သတိထားနေရသေးတာ။ အပြင်ကလိုသတင်းအမှားမှန်းသိလည်း ရေးလို့မရဘူးလေ။ အဲလိုတော့ရှိပါတယ် ။ ” လို့ ပြည်တွင်းမှာ ရပ်တည်နေတဲ့ သတင်းအေဂျင်စီ တခုရဲ့ အယ်ဒီတာချုပ်တယောက်က သုံးသပ်ပြောပါတယ်။
ပြည်တွင်းမှာ ရပ်တည်နေရတဲ့ သတင်းမီဒီယာတချို့ဟာ ကိုယ်ပိုင်ဝင်ငွေနဲ့ အရင်းအနှီးစိုက်ထုတ် ရပ်တည်နေရတာဖြစ်သလို သတင်းရေးသားရာမှာလည်း အသုံးအနှုန်းကအစ အထူး ဂရုစိုက် သတိထား ရေးသားရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ သိရပါတယ် ။
” ပြည်တွင်းဌာနနဲ့ ပြည်ပရောက်နေတဲ့ ဌာနတွေကတော့ ယှဥ်လို့မရဘူး။ ဒါကို သဘောပေါက်ဖို့လိုတယ်။ အများစုက ပြည်တွင်းမှာ ရပ်တည်နေနိုင်ရင် ဘောမပဲ သတ်မှတ်ပြောနေကြတာ ။ ပြည်တွင်းမှာ ရပ်တည်နေရတဲ့ သတင်းတိုက်ရော သတင်းထောက်ရော ခက်ခဲပါတယ်။ သူတို့ရေးသလို လိုက်ရေးလို့ အဖမ်းခံရရင် ကိုယ်အရင်ဆုံးဒုက္ခရောက်မယ်။ ပြီးရင်မိသားစုလည်း အခက်အခဲဖြစ်မယ်။ ပြည်ပရောက်နေသူတွေ ဘာလုပ်ပေးနိုင်မလဲ ။ သူတို့ကပြောကြတယ် ပြည်ထဲကမထွက်နိုင်ရင် သတင်း မရေးနဲ့ပေါ့။.ကိုယ်ဝါသနာနဲ့ ကိုယ့်မိသားစုဝမ်းစာအတွက် သတင်းအလုပ်ကို လုပ်နေအုံးမှာပါ။ ကိုယ်ရေးလိုက်တဲ့သတင်းတိုင်းအတွက် ဘက်မလိုက်ဘူးဆိုတာ ယုံကြည်တဲ့အတွက် ဆက်ရေးမှာပါ ။ ပြည်တွင်း သတင်းထောက်တွေ တိုက်တွေအခက်အခဲကိုလည်း နားလည်နိုင်အောင် ကြိုးစားကြပါလို့ ပြောချင်တယ်။ “လို့ ပြည်တွင်းမှာ နေထိုင်ပြီး သတင်းရေးသားနေတဲ့ အကြီးတန်းသတင်းထောက်တယောက်က ပြောပါတယ်။
ပြည်တွင်းသတင်းဌာနတွေရဲ့ သတင်းတင်ဆက်မှုကတော့ သတင်းဌာနအလိုက် တင်ဆက်ပုံ ၊ အရေးအသားကွာခြားမှုရှိပြီး တချို့ဌာနတွေက အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုကို အသားပေးဖော်ပြတာရှိသလို တချို့ဌာနတွေကတော့ အစိုးရလုပ်ဆောင်ချက်နဲ့ စီးပွားရေး ၊ကျန်းမာရေး သတင်းတွေကို ဖော်ပြတာရှိပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ တိုက်ပွဲသတင်းတွေ ၊ လေကြောင်းတိုက်ခိုက်မှု ၊ သတင်းပေးဒလန်အဖြစ် စွပ်စွဲချက်နဲ့ အရပ်သားသတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်တွေ ၊ လက်နက်ကိုင်အဖွဲ့ နဲ့ပတ်သက်တဲ့သတင်းတွေကို ရေးသားဖော်ပြခြင်း မရှိတာတွေ့ရပါတယ်။
သတင်းဌာနအနည်းစုကတော့ စီးပွားရေး ၊ကျန်းမာရေး ၊စိုက်ပျိုးရေး သတင်းကဏ္ဍစုံအပြင် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းတွေ ၊လေကြောင်းတိုက်ခိုက်မှု ၊ သတင်းပေးဒလန်အဖြစ် စွပ်စွဲချက်နဲ့ အရပ်သားသတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်တွေ ၊ လက်နက်ကိုင်အဖွဲ့ နဲ့ပတ်သက်တဲ့သတင်းတွေကိုပါ ရေးသားဖော်ပြကြပါတယ်။
အဲဒီအပေါ် သတင်းစောင့်ကြည့်ဖတ်ရှုလေ့ရှိသူ ပြည်သူတယောက်က
” ဘယ်ဌာနဖြစ်ဖြစ် သတင်းအစုံတင်တာကို ပိုသဘောကျတယ်။ အစိုးရ အမှားလည်း ထောက်ပြရဲရမယ်။ လက်နက်ကိုင် အဖွဲ့တွေအမှားလည်း ရေးရဲရမယ်။ ပြည်သူအကျိုးပြုသတင်းမျိုးလည်းရေးရဲရမယ်။ အစိုးရကောင်းကြောင်း ထုတ်ပြန်ချက်ပဲ အဓိကတင်နေရင် အဲဒီဌာနကို ဘယ်သူ မဖတ်တော့ဘူး ။ ဘောမဌာနလား သတင်းအမှန်ဖော်ပြတာလားဆိုတာ စာဖတ်သူကသိပါတယ်။ တဖက်ပိတ်လူတွေကတော့ သူတို့ကြိုက်တာရေးရင် ကြိုက်မယ် ။သူတို့မကြိုက်တာဆို ဆဲမယ်။ ဒါတွေကလည်း သပ်သပ်ရှိတယ်။ ကျွန်တော်ကတော့ သတင်းကို သတင်းလိုပဲ ဘက်မျှအောင်ရေးတာပဲ ကြိုက်တယ်။ ” လို့ ပြောပါတယ် ။
လက်ရှိအစိုးရအနေနဲ့လည်း ခုကာလဟာ ပြည်သူလူထုအကျိုးပြုကိစ္စကိုသာ အဓိကထား ဆောင်ရွက်သင့်တဲ့ကာလပြီး ပြည်ပရောက်နေတဲ့ သတင်းအေဂျင်စီတွေကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းတာမျိုးကတော့ သေချာသုံးသပ်ဖို့ လိုတယ်လို့ အယ်ဒီတာတယောက်က သုံးသပ် ပါတယ်။
လိုင်စင်ပိတ်လိုက်တဲ့ သတင်းအေဂျင်စီအများစုဟာလည်း ပြည်ပနိုင်ငံတွေ ၊အိမ်နီးခြင်းနိုင်ငံနဲ့ လက်နက်ကိုင်နယ်မြေတွေမှာ ရပ်တည်နေတာဖြစ်လို့ လိုင်စင်ပိတ်ပြီး သတင်းတင်ဆက်ခွင့်တားမြစ်မှုက ထိရောက်မှုသိပ်မရှိနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
” ပြည်ပရောက်နေတဲ့ သတင်းမီဒီယာတွေကို အခုအချိန်မှပိတ်သိမ်းတော့ အစိုးရသစ်အနေနဲ့ အမှတ်လျော့တာပေါ့။ ဒီကိစ္စတွေက အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း လုပ်ခဲ့ရမှာ။
လုပ်ဖို့လိုအပ်တယ်ဆိုရင်ပြောတာပါ။ အခုအချိန်ကတော့ အမှတ်ယူရမယ့်အချိန်မို့လို့ ဒီလိုဟာမျိုးက ရှောင်သင့်တယ်လို့မြင်ပါတယ်။ သူတို့ကိုပိတ်သိမ်းတာကတော့ သတင်းတွေကြောင့်ဖြစ်ပါလိမ့်မယ်။ အပြင်မှာလုပ်နေပြီး Black list မသွင်းတဲ့မီဒီယာတွေလည်းရှိနေတာပါ။ သေချာသုံးသပ်ဖို့တော့လိုပါလိမ့်မယ်။ ” လို့ အယ်ဒီတာ တယောက်က သုံးသပ်ပြောပါတယ်။
လက်ရှိ ၂၀၂၆ ခုနှစ် ဧပြီလ အထိဆိုရင် အထိဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားတဲ့ သတင်းအေဂျင်စီ ၉၇ ခုရှိပြီး သတင်းစာထုတ်ဝေခြင်းလုပ်ငန်း ၂၂ ခု၊ ဂျာနယ်ထုတ်ဝေခြင်းလုပ်ငန်း ၃၇၃ ခု၊ မဂ္ဂဇင်းထုတ်ဝေ ခြင်းလုပ်ငန်း ၃၂၀ ခု၊ အထွေထွေထုတ်ဝေခြင်းလုပ်ငန်း ၆၆၁ ခု၊ ပုံနှိပ်ခြင်းလုပ်ငန်း ၆၁၀ ခုတို့ကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။
