TNLA ထိန်းချုပ်ရာ နမ့်ခမ်းမှာ ဘဏ်အသစ် ဖွင့်ဖို့ပြင်ဆင်

မေ ၁၄၊ ၂၀၂၆
Shy V (VOM)
TNLA ထိန်းချုပ်ရာ နမ့်ခမ်းမှာ ဘဏ်အသစ် ဖွင့်ဖို့ပြင်ဆင်နေတာတွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဘဏ် အသစ်ဖွင့်ဖို့ လုပ်နေတာ တွေ့ရတယ်။ ဖွင့်တော့ မဖွင့်သေးဘူး။ လုပ်နေတုန်းပဲ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အရင်က KBZ ဘဏ်နေရာလို့ ယူဆရပြီး ဘဏ်နာမည် အသစ်နဲ့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
“ဘယ်သူတွေ ဦးဆောင်ပြီး ဖွင့်တာလဲ ဆိုတာတော့ မသိဘူး။ ဘဏ် နာမည် အသစ်နဲ့ ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ထားတာ တွေ့ရတယ်” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။
ဘဏ်ဝန်ထမ်းလည်း ခေါ်တယ်လို့ ကြားတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဘဏ်က နမ့်ဆန်၊ နမ္မတူ နဲ့ နမ့်ခမ်း မြို့တွေမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်မယ်လို့သိရတယ်လို့လည်း ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး မတိုင်ခင် နမ့်ခမ်းမြို့မှာ KBZ Bank (ကမ္ဘောဇဘဏ်)၊ AYA Bank (ဧရာဝတီဘဏ်)၊ CB Bank၊ MAB Bank (မြန်မာ့ရှေ့ဆောင်ဘဏ်)၊ Myanmar Economic Bank (MEB) တို့ ရှိခဲ့ပြီး YOMA Bank — ATM/service point အနေနဲ့ တွေ့ရတာများခဲ့ကာ Myawaddy Bank ကလည်း တချို့ကာလတွေမှာ ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နမ့်ခမ်းမြို့ကလည်း တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ဆက်နွယ်တဲ့မြို့ဖြစ်လို့ KBZ နဲ့ AYA Bank ကို အများဆုံး အသုံးပြုကြပြီး၊ ငွေလွှဲ၊ ကုန်သည်လုပ်ငန်း၊ Yuan/Kyat ငွေကြေးလည်ပတ်မှုတွေကြောင့် ဘဏ်ခွဲတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က နမ့်ခမ်းကို ၂၀၂၃ နိုဝင်ဘာပိုင်းမှာ ထိန်းချုပ်ခဲ့ပြီးနောက် ဘဏ်တွေ ပိတ်သွားကာ ဝန်ဆောင်မှုရပ်နားသွားခဲ့တာပါ။

Related posts

Leave a Comment

VOM News

FREE
VIEW