၂၀၂၆ ခုနှစ် ငါးလနီးပါးအတွင်းမှာ Mytel အပါအဝင် အစိုးရနဲ့ဆက်စပ်တဲ့ အကောင့် ၁၄၀၀ နီးပါးကို Facebook ကနေ ဖယ်ရှားခဲ့

မေ ၂၅ ၊ ၂၀၂၆
CC (VOM)
Mytel ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အကောင့်တွေ နဲ့ တယ်လီကွန်းကွန်ရက် MECtel အရောင်းကိုယ်စားလှယ်တွေရဲ့ အကောင့်တွေနဲ့ စာမျက်နှာတွေ ၊ MRTV နဲ့ MWD သတင်းတွေကို ပြန်လည်ဖော်ပြတဲ့ အကောင့် ၁၀၉ ခုကို Facebook စာမျက်နှာကနေ ထပ်မံဖယ်ရှားခဲ့တယ်လို့ မေ ၂၅ ရက်နေ့ Just For Myanmar (JFM) ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။
ဒါကြောင့် လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ မေလ ၂၅ ရက်အတွင်း၊ ငါးလနီးပါးကာလမှာ Mytel အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေ ၊ ဂရုတွေနဲ့ ပရိုဖိုင်း အကောင့် ၊ အစိုးရတပ်နဲ့ ဆက်စပ်နေတဲ့လုပ်ငန်း အကောင့် စာမျက်နာ ပေါင်း ၁၄၀၀ နီးပါးအထိ Facebook စာမျက်နာကနေ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့မှာ Mytel အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေ ၊ ဂရုတွေနဲ့ ပရိုဖိုင်း အကောင့် စုစုပေါင်း ၂၇၀ ကို Facebook ကနေ ဖယ်ရှားမှု ရှိခဲ့ပါတယ်။
အလားတူ ဇန်နဝါရီ ၉ ရက်နေ့ကလည်း Mytel နဲ့ ဆက်စပ်နေတဲ့ လူမှုကွန်ယက် စာမျက်နှာ၊ Group နဲ့ အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ကနေ ဖယ်ရှားမှု ရှိခဲ့တယ်လို့ JFMရဲ့ ထုတ်ပြန်ထားမှု စာရင်းအရသိရပါတယ်။
“မိုင်တဲလ်နဲ့ ဆက်စပ်တဲ့အကောင့်တွေကို Facebook ကနေဖယ်ရှားတာတွေ လုပ်တာက တကယ်ပဲ ထိရောက်တဲ့ ဘွိုင်းကော့လားတော့ သေချာ မပြောနိုင်ဘူး ။ မြေပြင်ဖြစ်နေတာလေးပဲ ပြောချင်တယ်။ အခုဖြစ်နေတာက မိုင်တဲလ်ကတ်မို့လို့ မသုံးဘူးဆိုတာတွေက နည်းလာပါတယ်။ အခုကအင်တာနက်ခေတ်ဆိုတော့ ဘယ်ဆင်းကဒ်က လိုင်းဆွဲအားကောင်းလဲ ။ ဘယ်ကဒ်က အင်တာနက်သုံးလို့ကောင်းလဲ ၊ ပိုက်ဆံကုန်ကျတာနဲ့ အင်တာနက်ပက်ကေ့ပြန်ရတာ အဆင်ပြေလားပဲ ကြည့်တာများလာတယ်။ အင်တာနက်မသုံးဘဲကလည်း မနေနိုင်ကြဘူးလေ။ Facebook ကနေဖယ်ရှားခံရပေမယ့်လည်း အပြင်မှာသူတို့လုပ်ငန်းတွေက လည်ပတ်နေတာပဲ ။ သုံးသူမရှိတော့လို့ ရပ်နားလိုက်ရတာမျိုးမရှိဘူး။ဒီလိုပြောလို့ ဒီကောင်ဘာညာ မိုင်တဲလ်ဆက်စပ်လုပ်ငန်းလုပ်တယ် မထင်နဲ့အုံး ။ကျွန်တော်က လက်ရှိ မြေပြင်ဖြစ်နေတာကို ပြောပြတာ ။ ဒီတော့ အဲဒီမိုင်တဲအကောင့်တွေ Facebook ကနေဖယ်ရှားရေး လုပ်သူကိုလည်း သူ့ခံယူချက်နဲ့သူ လုပ်ပေါ့ ။လူတိုင်းက ကိုယ်လုပ်ချင်တာ ကိုလုပ်နေကြတာပဲ ။ အဓိက ကျွန်တော်တို့ ပြည်သူတွေ အဆင်ပြေဖို့ပဲ လိုတယ်။ ” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က သုံးသပ်ပြောတယ်။
Facebook ကနေ ဖယ်ရှားခံလိုက်ရတဲ့ အကောင့် ၁၄၀၀ နီးထဲမှာ မိုင်တဲလ်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အကောင့်တွေအပြင် အစိုးရတပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ ဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ ကုမ္ပဏီခွဲတွေ ၊ လုပ်ငန်းအမှတ်တံဆိပ်တွေနဲ့ ဆက်စပ်အကောင့်တွေ ဖြစ်တယ်လို့ JFM ရဲ့စာရင်းအရ သိရပါတယ်။
အဲဒီထဲမှာ တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နဲ့ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ နဲ့ ဒဂုန်ဘီယာ အမှတ်တံဆိပ်တွေ ၊ နန်းမြိုင်ကဖီး ၊ Indoor Skydiving တို့နဲ့ ဆက်စပ်အကောင့်တွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါအပြင် a Light for Justice 3၊ News Service Station နဲ့ Myanmar Information Community တို့ကိုလည်း ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း Myanmar International TV (MITV) ၊ ရတနာပုံသတင်းစာ နဲ့ MRTV) ၊ MRN News ကို Facebook စာမျက်နာကနေ ဖယ်ရှားခံခဲ့ရပါတယ်။
အလားတူ အစိုးရပြန်ကြားရေးသတင်းစာမျက်နာဖ Ministry of Information (MOI) News နဲ့ MITV ကို Youtube စာမျက်နာကနေ ဖယ်ရှားခံခဲ့ရသလို မြဝတီသတင်းစာမျက်နာလည်းTik Tok ကနေ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – JFM

Related posts

Leave a Comment

VOM News

FREE
VIEW