မေ ၂၈ – ၂၀၂၆
SN (VOM)
တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ဦးရေ တသိန်းနီးပါးအထိ ရှိလာပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မြိတ်ခရိုင်၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေဟာ အစိုးရတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး အများဆုံးဖြစ်ပွားရာ ဒေသတွေဖြစ်ပြီး တိုက်ပွဲပြင်းထန်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ရှောင် ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေကြရသလို နေအိမ် ပျက်စီးမှုတွေလည်း အများဆုံး ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံ၊ ရေဖြူနဲ့ သရက်ချောင်း ဒေသတွေမှာလည်း တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်တွေ တိုးပွားလာနေပြီး လူဦးရေ လေးသောင်းကျော်အထိ ရှိနေကာ ၎င်းတို့အတွက် ကူညီထောက်ပံ့မှုတွေ အလွန်လိုအပ်နေသလို ကော့သောင်းခရိုင်၊ ကော့သောင်းနဲ့ ဘုတ်ပြင်းမြို့နယ်မှာလည်း တခြားဒေသတွေနည်းတူ လူဦးရေရာနဲ့ချီ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
“စစ်ရှောင်တွေအတွက် အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲတွေကတော့ ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှု ဖြစ်ပါတယ်။ အခုက ဒေသတွင်းမှာ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ခံထားရတော့ ကူညီထောက်ပံ့သူတွေ တဖြည်းဖြည်း နည်းပါးလာပြီ။ စားနပ်ရိက္ခာနဲ့ အသက်ကယ် ဆေးဝါးတွေ ပြတ်လပ်နေတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူက ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်တွေဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဓနိတောတွေမှာ တဲထိုးပြီး နေထိုင်နေကြရသူတွေရှိသလို ဘုန်းကြီးကျောင်း၊ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ လယ်တဲတွေမှာ အချိန်ပိုင်း စစ်ရှောင်နေကြရသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
စစ်ရှောင်တွေဟာ လက်ရှိ မိုးရာသီကူးပြောင်းလာချိန် ကာလမှာ အမိုးအကာ မလုံလောက်မှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတဲ့အပြင် ရာသီဥတုဒဏ်၊ စစ်ဘေးဒဏ်ကြောင့် ဒဏ်ရာရ၊ ဖျားနာနေကြသူတွေလည်း ရှိနေပြီး လုံလောက်တဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ရရှိဖို့ မလွယ်ကူတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။
“စစ်ရှောင်အရေအတွက်က ဒီ တနင်္သာရီတိုင်းအတွင်းမှာ တဖြည်းဖြည်းတိုးလာတာ ခုဆိုရင် လူဦးရေ ကိုးသောင်းနီးပါး ရှိလာပြီ။ မိုးရွာတာတွေကြောင့် တောတောင်တွေထဲက စစ်ရှောင်တွေရဲ့ ယာယီတဲတွေ ပျက်စီးကုန်တာရှိတယ်။ ရာသီဥတုဒဏ်အတွက် လုံခြုံမှုမရှိဘူး။ မိုးရာသီမှာ ဖြစ်လာနိုင်တဲ့ ရောဂါတွေအတွက်လည်း ကြိုတင်ကာကွယ်ဖို့ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ လုံလုံလောက်လောက် မရှိကြဘူး။ သန့်ရှင်းတဲ့ သောက်သုံးရေတွေလည်း လိုအပ်နေတယ်” လို့ သူက ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်း လက်ရှိမှာ သရက်ချောင်းမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နဲ့ လောင်းလုံမြို့နယ်တို့မှာ အစိုးရတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်မှာ မြိတ် – ထားဝယ် ပြည်ထောင်စု လမ်းမကြီးတလျှောက်နဲ့ စုံစင်ဖျား၊ ကနက်သီရိ၊ ဝင်းဝကျေးရွာတွေအနီး တိုက်ပွဲ ဖြစ်ပွားနေပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့ အစိုးရတပ်တွေကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြင်း၊ စခန်းသိမ်းပိုက်ခြင်းတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ တနင်္သာရီမြို့နယ်မှာလည်း ဘန်လော၊ ၆ မိုင်၊ လယ်တောင်ယာ အစရှိတဲ့ ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေသလို ပုလောမြို့နယ်မှာလည်း အစိုးရတပ်ရဲ့ စစ်ကြောင်းကြောင့် လက်နက်ကိုင်တပ်တွေနဲ့ နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် လောင်းလုံမြို့နယ်မှာလည်း နယ်မြေရှင်းလင်းရေး ပြုလုပ်နေတဲ့ အစိုးရတပ် စစ်ကြောင်းတွေကို လက်နက်ကိုင်တပ်တွေက လိုက်လံ တိုက်ခိုက်နေတာကြောင့် မေ ၂၂ ရက်ကနေ ၂၅ ရက်အထိ မြို့အနီးရှိ ညင်းမော်ရွာ၊ ရင်းဘုတ်ရွာ၊ စစ်ပြဲရွာနဲ့ ဂေါ့အင်းရွာအနီးက တောတောင်တွေအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
