မြေစာပင်ဖြစ်ခဲ့ရသည့် ငါးနှစ်ကျော် သို့မဟုတ် ပညာရေးအမှောင်ထုထဲက မြန်မာ့ကလေးလူငယ်များ

KKA (VOM)
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမုန်တိုင်းနဲ့ မတည်ငြိမ်မှုများအကြားတွင် အနာဂတ်၏ ကြယ်ပွင့်များဖြစ်ရမည့် ကလေးလူငယ်ပေါင်းများစွာသည် စာသင်ခန်းများနှင့် ဝေးကွာခဲ့ရသည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော် တိုင်ခဲ့ပြီဖြစ်သည်။ ကပ်ရောဂါဘေးနှင့် နိုင်ငံရေးအကျပ်အတည်းများ စပ်ကူးမတ်ကူး ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ယနေ့အထိ ကလေးငယ်အများအပြားသည် ကျောင်းမတက်ခဲ့ရဘဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲ၌ အကြီးမားဆုံးသော “မြေစာပင်” များ ဖြစ်လာခဲ့ကြရသည်။
စစ်မီးလျှံများနှင့် ပဋိပက္ခများကြားတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် ကလေးငယ်များ၏ ဘဝနှင့် ၎င်းတို့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ နေ့စဉ်နှင့်အမျှ ပိုမိုနက်ရှိုင်းလာနေသည်။
အသက် ၁၀ နှစ်အရွယ်တွင် စာသင်ခန်းမှ ထွက်ခဲ့ရသော ကလေးတစ်ဦးသည် ယခုအခါ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ ၎င်းတို့၏ ဘဝတွင် အရေးအကြီးဆုံးဖြစ်သည့် အခြေခံစာဖတ်၊ စာရေး၊ အတွေးအခေါ် ပျိုးထောင်ရမည့် အရွယ်များကို စစ်ဘေးရှောင်စခန်းများ၊ တောတောင်များနှင့် လုံခြုံမှုမရှိသော အရပ်ဒေသများတွင် ကုန်လွန်ခဲ့ကြရသည်။
ကျောင်းနေစဉ်အရွယ် ကျောင်းတက်ချင်စိတ်က ကလေးအများစုတွင်ရှိကြသည်။ရှိကြသည့်အလျောက် အခွင့်အခါသင့်တိုင်း ကျောင်းပြန်တက်ရဖို့ ကြိုးစားကြသည်။မိဘများကလည်း သားသမီးတွေကို ပညာတတ်ဖြစ်စေချင်ကြသည်။ကျောင်းနေအရွယ်ကျော်လွန်လာသူများရှိသလို ကျောင်းတက်ခွင့်ရှိသေးအရွယ်များလည်းရှိသည်။ကျောင်းနှင့်ကင်းကွားနေကြပေမယ့် သူတို့ရင်ထဲတွင် အသက်နှင့်အတန်းကို တွက်ကြသည်။ထို့ကြောင့် ကျောင်းပြန်တက်ဖို့ ကြိုးစားကြသည်။
ကျောင်းပြန်တက်ရန် ကြိုးစားကြသည့်တိုင် အတန်းပညာကွာဟချက်ကြီးမားခြင်းဟာ ငါးနှစ်တာ ကာလလစ်ဟာသွားမှုကြောင့် မိမိအသက်အရွယ်နှင့် အတန်းပညာ မမျှတတော့ဘဲ ကျောင်းပြန်တက်ရန် ဝန်လေးနေကြပြန်သည်။အပြစ်တော့ မဆိုသာ။ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများကလည်း အရိပ်တစ္ဆေလိုဖြစ်နေသည်။ သေနတ်သံ၊ ဗုံးသံများနှင့်အတူ ကြီးပြင်းလာရသဖြင့် စာပေသင်ယူရန် အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းနေသည်ဟု ယူဆမိသည်။ထိုအချက်အလက်များကို စစ်တမ်းများကောက်ယူပြီး စိတ်ခွန်အားပေးခြင်းနှင့် လိုအပ်သည့်အရာများကို ဖြည့်စွက်ပေးနိုင်လျင် အတိုင်းအထက်အလွန်ဖြစ်သည်။
ပညာကဏ္ဍသည် စာအုပ်ထဲက စာကိုတင်မကဘဲ သူငယ်ချင်းအပေါင်းအသင်းများနှင့် ဆက်ဆံရေး၊ လူမှုပတ်ဝန်းကျင် တည်ဆောက်ရေးတို့ကိုပါ သင်ကြားပေးသည့်နေရာ ဖြစ်သည်။ကျောင်းမတက်ရသည့် ငါးနှစ်ကျော်ကာလအတွင်း ကလေးငယ်များသည် အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့်ရန်လိုသည့် အပြုအမူများ တိုးပွားလာနေခြင်းဖြစ်သည်။
‌စာသင်ကျောင်းနှင့်ကင်းကွာနေသည့် ကာလတွင်အနာဂတ်ကို မျှော်မှန်းရခက်ခဲသဖြင့် စိတ်ပျက်အားငယ်ကာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ကင်းမဲ့လာခြင်း၊လူငယ်လူရွယ်အချို့မှာ လမ်းမှားရောက်ကာ ရာဇဝတ်မှုခင်းများထဲတွင် ပါဝင်ပတ်သက်မိလာခြင်း စသည့် လူမှုရေး အကျပ်အတည်းများကိုလည်း ရင်ဆိုင်နေရသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအောက်တွင် ပညာရေးစနစ်များသည်လည်း အမျိုးမျိုး ကွဲပြားနေသည်။ လက်ရှိတည်ဆဲအစိုးရ၏ ပညာရေးစနစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလပညာရေးစနစ်၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသ (EAO) များ၏ ပညာရေးစနစ်နှင့် ကိုယ်ထူကိုယ်ထ စနစ်များဟူ၍ ကွဲပြားနေသည်ကိုလည်းတွေ့ရသည်။
ဤနေရာတွင် ကလေးလူငယ်များ ကြုံတွေ့ရသည့် အဓိက အခက်အခဲမှာ “တရားဝင်မှုနှင့် အသိအမှတ်ပြုမှု”ပင် ဖြစ်သည်။ မည်သည့်စနစ်အောက်တွင် သင်ယူရသည်ဖြစ်စေ ရရှိလာသည့် ပညာရေး အထောက်အထားများသည် အနာဂတ်တွင် အဆင့်မြင့်ပညာဆက်လက်သင်ယူရန် သို့မဟုတ် အလုပ်အကိုင်ရှာဖွေရန်အတွက် မည်မျှအာမခံချက်ရှိမည်နည်းဟူသော စိုးရိမ်စိတ်ဖြင့် လမ်းဆုံလမ်းခွတွင် သောင်တင်နေကြရသည်။
မြန်မာ့နိုင်ငံရေး ပဋိပက္ခ၏ နောက်ဆက်တွဲအဖြစ် သမိုင်းတွင် အဆိုးရွားဆုံး ပညာရေးလစ်ဟာမှုကို ကြုံတွေ့နေရသည့် ငါးနှစ်ကျော် ကျောင်းမတက်ရသော ကလေးလူငယ်များ၏ အရေးသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ကိစ္စမဟုတ်ဘဲ တစ်နိုင်ငံလုံး၏ အနာဂတ်ပြိုလဲမှုပင် ဖြစ်သည်။
မြန်မာ့နိုင်ငံရေး ပဋိပက္ခ၏ နောက်ဆက်တွဲအဖြစ် သမိုင်းတွင် အဆိုးရွားဆုံး ပညာရေးလစ်ဟာမှုကို ကြုံတွေ့နေရသည့် ငါးနှစ်ကျော် ကျောင်းမတက်ရသော ကလေးလူငယ်များ၏ အရေးသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ကိစ္စမဟုတ်ဘဲ တစ်နိုင်ငံလုံး၏ အနာဂတ်ပြိုလဲမှုပင် ဖြစ်သည်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအကြောင်းများကို မည်မျှပင် ပြောဆိုနေကြပါစေဦးတော့၊ တိုင်းပြည်၏ ပင်မဒေါက်တိုင်ဖြစ်မည့် ကလေးလူငယ်များ၏ ပညာရေးအမှောင်ထုကို မလင်းလက်စေနိုင်သရွေ့ မြန်မာ့လူ့အဖွဲ့အစည်းသည် နက်ရှိုင်းသော လူမှုရေး၊ စီးပွားရေး ချောက်ကမ်းပါးထဲသို့ ဆက်လက်ကျဆင်းနေဦးမည်သာ ဖြစ်သည်။
ယခုအခါ နိုင်ငံတော်၏ အနာဂတ်ပညာရေးကဏ္ဍ လစ်ဟာမသွားစေရန်နှင့် ကျောင်းပြင်ပရောက် ကလေးငယ်များအတွက် လက်ရှိတည်ဆဲ အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ကြိုးစားပြင်ဆင် ဆောင်ရွက်နေသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ အထူးသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် ကျောင်းနှင့်နှစ်ရှည်ကင်းကွာနေခဲ့ရသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့၏ အသက်အရွယ်နှင့် သင်ယူရမည့် အတန်းပညာ ကွာဟချက်များကြောင့် စိတ်အားငယ်မှုမရှိစေဘဲ ကျောင်းပြန်တက်ခွင့်ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများ၏ အမှန်တကယ်တတ်မြောက်မှု အဆင့်ကို စနစ်တကျ စိစစ်အကဲဖြတ်ပြီး မိမိတို့၏ အသက်အရွယ်နှင့် ကိုက်ညီသည့် အတန်းပညာကို ထိုက်ထိုက်တန်တန် ပြန်လည်သင်ယူခွင့်ရရှိအောင် ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကူညီပံ့ပိုးပေးလျက်ရှိခြင်းမှာ ကလေးငယ်များအတွက် အလင်းရောင်သစ် တစ်ပွင့် ဖြစ်လာခဲ့သည်။

Related posts

Leave a Comment

VOM News

FREE
VIEW