တရားမ၀င်တင်သွင်းတဲ့ အိန္ဒိယနိုင်ငံထုတ်ကုန်ပစ္စည်း​တွေ မုံရွာမှာ ဖမ်းဆီး

မုံရွာ-​မေ ၃၁- ၂၀၂၆
MW(VOM)
အစိုးရရဲ့ ရက်၁၀၀ စီမံချက်အရ တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးတာမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အသောကလမ်းရှိနေအိမ်တခုက​နေ ကျပ်သိန်း၄၀၀နီးပါးတန်ဖိုးရှိ တရားမ၀င် အိန္ဒိယနိုင်ငံထုတ်ကုန်ပစ္စည်း(၅)မျိုးဖမ်းဆီးရမိကြောင်း မုံရွာနယ်မြေရဲစခန်းက​နေ သိရပါတယ်။
အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်း​တွေ တရားမ၀င် သိုလှောင်ထားကြောင်းသတင်းအရ သွားရောက်ရှာဖွေရာ တထပ်တိုက်နေအိမ်အတွင်း အိမ်ငှားနေထိုင်သူ ကျော်ကျော်(၃၃)နှစ် ကို တရားမ၀င်ကုန်ပစ္စည်း​တွေနဲ့အတူ တွေ့ရှိတာမို့ မုံရွာမြို့နယ်မြေရဲစခန်းမှာ (ပ)၁၀၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားကြောင်းသိရပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်း​တွေက​တော့ Ovaltine ပုလင်းဂျက်ဖာ(၁၀၅)ဖာ၊ LUX ဆပ်ပြာခဲပါ ဂျပ်ဖာ(၁၈)ဖာ၊ Life Buoy ဆပ်ပြာခဲပါ ဂျပ်ဖာ(၁၂)ဖာ၊ Colgate သွားတိုက်ဆေးဗူးပါ ဂျပ်ဖာ(၁၁)ဖာ၊ Vatika ခေါင်းလျော်ရည်ထုပ်​တွေပါတဲ့ ဂျပ်ဖာ(၂၅၀)ဖာ၊ စုစုပေါင်းခန့်မှန်းတန်ဘိုး သိန်း၄၀၀ ကျပ်ဝန်းကျင်တန်ဖိုးရှိ​ကြောင်း သိရပါတယ်။
၂၀၂၆ နှစ်ဦးပိုင်းကလည်း မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်၊ အနော်ရထာလမ်းမှာ အိန္ဒိယနိုင်ငံထုတ် တရားမ၀င်ကုန်ပစ္စည်း ကာလတန်ဘိုး သိန်းတ​ထောင်​ကျော်နဲ့အတူ တရားခံ(၂)ဦး မော်တော်ယာဉ်​တွေနဲ့အတူ ဖမ်းမိခဲ့လို့ မုံရွာနယ်မြေရဲစခန်းက (ပ)၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့် အရေးယူထားတာ ရှိခဲ့တယ်လို့သိရပါတယ်။
သမ္မတဦးမင်း​အောင်လှိုင်အစိုးရတက်ပြီး​နောက် ရက် ၁၀၀ စီမံကိန်းထဲက အထူး​ဆောင်ရွက်ချက်တခုဖြစ်တဲ့ တရားမ၀င်တင်သွင်းတဲ့ကုန်ပစ္စည်း​တွေ ဖမ်းဆီးတာမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းစတဲ့ အိမ်နီးချင်းနိုင်ငံ​တွေက​နေ တရားမဝင်တင်သွင်းတဲ့ ပစ္စည်း​တွေ တင်းတင်းကျပ်ကျပ် စစ်​ဆေးဖမ်းဆီးတာ​တွေ မကြာခဏ သတင်းရရှိ​နေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW