ဇွန် ၂ ၊ ၂၀၂၆
GG (VOM)
စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာနဲ့ စစ်ရှောင်ကလေးငယ်တွေအတွက် စာသင်ကြားပေးနိုင်ဖို့ အကူအညီ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေဆီက စုံစမ်းသိရှိ ရပါတယ်။
မိုးရာသီရောက်ရှိလာပြီဖြစ်တာကြောင့် တောထဲမှာ နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ ၊ စောင်ခြင်ထောင် စတဲ့ အကူအညီအထောက်အပံ့တွေ လိုအပ်ချက်ပိုများလာတယ်လို့ သိရပါတယ်။
လက်ရှိ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ တနင်္သာရီ တိုင်း၊ ကရင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ ကယား ၊ ကချင် ၊ရခိုင် စတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေပြီး စစ်ဘေးရှောင်ပြည်သူကလည်း သိန်းနဲ့ချီရှိနေသေးတာကြောင့် အဆိုပါ စစ်ရှောင်တွေအတွက် အမိုးအကာတွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
စစ်ရှောင်ပြည်သူ သိန်းနဲ့ချီရှိနေပေမယ့် ခုနောက်ပိုင်းမှာ စစ်ရှောင်တွေအတွက် အကူအညီအထောက်အပံ့ရရှိမှုက နည်းလာတာကြောင့်လည်း အကူအညီလိုအပ်ချက်က ပိုများလာတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ခုနောက်ပိုင်း အကူအညီတွေက နည်းလာတယ်။လစဥ်ကူညီနေတာတွေတောင် တော်တော်နည်းလာတယ်။ အဲဒီတော့ စစ်ရှောင်တွေကို ကူညီနိုင်ဖို့ ကမ်ပိန်းတွေ ၊ မဲဖောက်တာတွေ လုပ်လာရတယ်။ အဲဒါတွေမှာတောင် မျှော်မှန်းတဲ့ Target မပြည့်မီဘူး ။ ကူညီတဲ့သူတွေလည်း အချိန်ကြာလာတော့ ပန်းလာတဲ့သဘောရှိတယ် ။ မိုးရာသီဖြစ်တော့ အဓိက မိုးကာလိုအပ်ချက်များတယ်။ ပြီးရင် စောင် ၊ ခြင်ထောင် ၊ ဆန် ၊ဆီ လိုအပ်ချက်လည်းရှိတယ်။ ” လို့ ပဲခူးတိုင်းထဲက စစ်ရှောင်တွေကို ကူညီနေသူ တယောက် ကပြောပါတယ်။
ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက် အမိုးအကာ ၊ ဆန် ၊ ဆီ တွေ လှူဒါန်းပေးကြဖို့ အကူအညီတောင်းခံမှုတွေရှိနေ ပါတယ်။
အလားတူ အခြေခံပညာစာသင်ကျောင်းတွေလည်း.ဖွင့်လှစ်ပြီဖြစ်တာကြောင့် စစ်ရှောင်စခန်းက ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့အတွက် ကျောင်းသုံးစာအုပ် ၊ ခဲတံ ၊ ဘောပင် အပါအဝင် သင်ထောက်ကူပစ္စည်း ၊ စာသင်ကြားနိုင်ဖို့ အဆောက်အဦနဲ့ အမိုးအကာ စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
” အခက်အခဲတွေက မသေးဘူး ။ သင်ထောက်ကူပစ္စည်းတွေ ၊ ကလေးတွေ စာသင်နိင်ဖို့ ကျောင်းဆောင်တွေ လိုအပ်နေတယ်။ ရှိတဲ့ကျောင်းဆောင်ဆိုရင်လည်း ပြန်ပြင်ဖို့လိုတာရှိတယ်။ အမိုးအကာတွေလိုတယ်။အလှူရှင်အားနဲ့ မှ အဆင်ပြေမှာပါ ။ လိုအပ်ချက်ကများတယ်။ စစ်ရှောင်တွေကလည်း နေရပ်မပြန်နိုင်တော့ ရောက်တဲ့နေရာမှာ စာသင်နိင်ဖို့အရေးကြီးပါတယ်။ကလေးတွေ စာသင်ကြားနိုင်ဖို့ ကူညီပေးကြပါလို့ ပြောချင်ပါတယ်။ကလေးတယောက်ကျောင်းစရိတ်က တနှစ်ဆိုရင် သိန်းဂဏန်းရှိတယ်။တခါတည်း လှူစရာမလိုပါဘူး ။ နည်းနည်းစီလှူလည်းရပါတယ်။ ကူညီပေးကြပါ။ ” ကယားပြည်နယ် ဘက်မှာ စစ်ရှောင်ကူညီနေသူ တယောက်က ပြောပါတယ်။
လက်ရှိဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် တောတောင်တွေထဲနဲ့ စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်နေရတဲ့ ကျောင်းနေ အရွယ်ကလေးအများစုဟာ အစိုးရကျောင်းကိုတက်ရောက်ဖို့ခက်ခဲတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ရှောင်တွေကို ကူညီနေသူတချို့နဲ့ အဖွဲ့အစည်းတချို့ဟာ စစ်ရှောင်စခန်းက ကလေးငယ်တွေကို ပညာသင်ကြားပေးနိုင်ဖို့ ဆောင်ရွက်နေတာရှိပြီး စစ်ရှောင်စခန်းအားလုံးက ကလေးတွေကိုတော့ စာသင်ကြားပေးနိုင်ခြင်း မရှိသေး ဘူးလို့သိရပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် နဲ့ ရသေ့တောင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၂၀၀၀ ကိုလည်း ပညာသင်ကြားပေးဖို့ လင်းရောင်ခြည်ဖောင်ဒေးရှင်းက လုပ်ဆောင်နေပါတယ်။
အဲဒီလို ကျောင်းသူကျောင်းသားတွေကို အခမဲ့ပညာသင်ကြားနိုင်ဖို့အတွက် ကမ်ပိန်းပြုလုပ်ပြီး ပညာရေး ရံပုံငွေရှာဖွေနေပါတယ်။
ကမ်ပိန်းကနေရရှိလာတဲ့ ငွေကြေးကို ကလေးတွေအတွက် သင်ထောက်ကူပစ္စည်း နဲ့ ဆရာမတွေကို လစဥ်ထောက်ပံ့ခြင်း ၊ ကျောင်းဆောင်သစ်နဲ့ကျောင်းဆောင်ဟောင်းကို ပြုပြင်ခြင်း ၊ အရေးပေါ်ကျန်းမာရေးကိစ္စ၊ လူမှုဖွံ့ဖြိုးရေးကိစ္စအတွက် အသုံးပြူသွားမယ်လို့ ဆိုထားပါတယ်။
အဆိုပါရံပုံငွေ ရှာတဲ့ ကမ်းပိန်းကနေ သိန်း ၂၅၀၀ လောက်ရဖို့ မျှော်မှန်းထားကြောင်း ၊ ကျောင်းသားတယောက်အတွက် ကုန်ကျစရိတ်အနေနဲ့ တနှစ်စာကို ၁၂၅၀၀၀ ကျပ် ခန့်မှန်းထားတယ်လို့ သိရပါတယ်။
ဒါကြောင့် အလှူရှင်တွေအနေနဲ့ စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားနိုင်ဖို့အတွက် ပါဝင်ကူညီလှူဒါန်းပေးကြဖို့ စစ်ရှောင်အရေး ကူညီဆောင်ရွက် နေသူတွေက တိုက်တွန်းပြောဆိုနေကြပါတယ်။
လက်ရှိအထိ ပြည်တွင်းက နေရာဒေသအများစုမှာ စစ်ဘေးရှောင်ပြည်သူသိန်းနဲ့ချီရှိနေပြီး အစိုးရကျောင်းတွေမှာ စာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ ကျောင်းနေရွယ်ကလေးကလည်းတနိုင်ငံလုံးမှာ သိန်းဂဏန်းလောက်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လင်းရောင်ခြည်ဖောင်ဒေးရှင်း
