ကလေးတွေကို မြို့ပေါ်ကျောင်းထားတဲ့ မိဘတွေ မြို့ပေါ်ပြောင်းရွှေ့နေထိုင်ဖို့ လောင်းလုံးမြို့နယ် PDF အဖွဲ့တွေထုတ်ပြန် ၊ ဒေသခံတွေအတွက်အဆင်မပြေ

ဇွန် ၇ ၊ ၂၀၂၆
CC (VOM)
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ် အတွင်း မြို့ပေါ် အစိုးရကျောင်းတွေမှာ ကျောင်းထားတဲ့ ကျောင်းသားမိဘတွေအနေနဲ့ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ကြဖို့ လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့တွေက စာထုတ်အသိပေးထားတာ​တွေ့ရပါတယ်။
ခုလို ကျောင်းသားမိဘတွေကို မြို့ပေါ် ပြောင်းရွှေ့နေထိုင်ဖို့ ပြောဆိုတဲ့ ကိစ္စဟာ ကလေးမိဘတွေအတွက် နေရေးထိုင်ရေးကအစ အဆင်မပြေဘူးလို့ ဒေသခံတွေက ပြောပါတယ်။
” ရွာကလူတွေက ဘယ်လိုလုပ်မြို့ပေါ်ပြောင်းလို့ အဆင်ပြေမလဲ ။ အလုပ်အကိုင်က ရွာမှာ လယ်လုပ် ယာလုပ်ကြတာလေ ။ မြို့ပေါ်ပြောင်းတော့ နေစရာထိုင်စရာ ဘယ်သူက တာဝန်ယူပေးမှာလဲ ။ စားစရိတ်ကရှိသေး ။ ကလေးကျောင်းစရိတ်နဲ့ အကုန်ဒုက္ခရောက်မှာပေါ့ ။ မြို့ပေါ်နေတာ လွယ်တဲ့ကိစ္စမှတ်လို့ အရင်ဆုံး အိမ်ငှားခကုန်မယ်။ အလုပ်အကိုင်ကမရှိနဲ့ သူတို့ပြောသလောက်လွယ်ကူမနေပါဘူး ။ ဘယ်လိုဆက်ဖြစ်မလဲတော့ မသိတော့ဘူး ။ မြို့ပေါ်ပြောင်းဖို့ကတော့ မဖြစ်နိုင်ပါဘူး ။ကျွန်တော့ တူလေးက မြို့ပေါ်ကျောင်းတက်နေတာပါ။ ” လို့ ဒေသခံက ပြောပါတယ် ။
ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေကတော့ လောင်းလုံးမြို့နယ်အတွင်းမှာ စစ်ဆင်ရေးကို အရှိန်ဟုန်မြှင့် ဖော်ဆောင်သွားနိုင်ဖို့အတွက် ကြိုးပမ်းနေတာကြောင့် ကလေးတွေလုံခြုံရေးအတွက် မိဘတွေကို မြို့ပေါ် ပြောင်းရွှေ့နေထိုင်ပေးဖို့ မေတ္တာရပ်ခံခြင်း ဖြစ်တယ်လို့ စာမှာရေးသားထားပါတယ်။
နယ်မြေက စစ်ရေးနယ်မြေဖြစ်တာကြောင့် ကျောင်းကား နဲ့ အတူ အစိုးရတပ်ဖွဲ့ကားတွေ လိုက်ပါလာနိုင်တဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားလာနိုင်ပြီး ကျောင်းသားကျောင်းသူတွေ ထိခိုက်လာနိုင်တာကြောင့် ခုလိုတားမြစ်ရတာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် ညနေပိုင်းက ထားဝယ်မြို့နဲ့ လောင်းလုံးမြို့အကြား တနေရာမှာ ကျောင်းကြိုပြီးပြန်လာ ကားအစီး ၂၀ လောက်ကို တားဆီးပြီး လက်နက်ကိုင်အဖွဲ့တခုက ကျောင်းအကြိုအပို့ ဆက်မလုပ်ဖို့ တားဆီးကာ လက်မှတ်ထိုးခိုင်းတဲ့ ဖြစ်စဥ်ရှိခဲ့တယ်လို့ သိရပါတယ်။
” ရွာဘက်တွေမှာ ကျောင်းမဖွင့်နိုင်လို့ မြို့ပေါ်ကို ကျောင်းကြိုပို့ကားနဲ့ တကူးတက အကုန်ခံပြီး ထားကြရတာပါ ။ အဲဒါကို ကျောင်းအပ်တဲ့မိဘတွေ မြို့ပေါ်ပြောင်းနေရမယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး ။ မြို့ပေါ်ပြောင်းနေဖို့က မဖြစ်နိုင်ပါဘူး ။ အိမ်၊အလုပ် အကုန်ပစ်ထားခဲ့ပြီး ပြောင်းရမှာလေ။ အရင်ရက်ကလည်း ကျောင်းကြိုပို့ကားတွေကို တားပြီး ကြိုပို့မလုပ်ဖို့ တားတယ်။ ခံဝန်လက်မှတ်ထိုးခိုင်းတယ်ကြားတယ်။ ဒါတွေ မဖြစ်သင့်ဘူး ။ ” လို့ ဒေသခံနောက်တယောက်က ပြောပါတယ်။
လက်ရှိ လောင်းလုံးမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ နယ်မြေမတည်ငြိမ်ဘဲ စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာက စာသင်ကျောင်းအများစု ပိတ်ထားရတဲ့ အခြေအနေရှိတဲ့အတွက် မြို့ပေါ် ကျောင်းကို ထားရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ကလေးတွေကို မြို့ပေါ်အစိုးရကျောင်းအပ်တဲ့ မိဘတွေကို မြို့ပေါ်ပြောင်းရွှေနေထိုင်ဖို့ စာထုတ်တာကတော့ လောင်းလုံးမြို့ နယ် (၈ဝဝ၃) တပ်ရင်း ၊(ပအဖ) (ပကဖ) (ပလဖ)၊ သံမဏိလိပ်ပြာတပ်ဖွဲ့၊အထူးပြောက်ကျားတပ်ဖွဲ့(SGF) နှင့် လောင်းလုံးပညာရေး(ဘုတ်အဖွဲ့) တွေဖြစ်ပါတယ်။
အစိုးရတပ်က လောင်းလုံးမြို့နယ်ကို အပြည့်အဝ နယ်မြေစိုးမိုးမှုရရှိနိုင်ဖို့အတွက် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW