ဇွန် ၈ – ၂၀၂၆
SN (VOM)
ပဲခူးမြစ်ရေမြင့်တက်မှုနဲ့ ပတ်သက်လို့ လက်ရှိအနေအထားအရ စိုးရိမ်စရာ မရှိသေးပေမယ့် လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းမှု များပြားလာရင်တော့ သတိပြုရမှာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဇွန် ၈ ရက်၊ မနက် ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၉၀၀ စင်တီမီတာအောက်၊ ၂၅၅ ပေမှာ ရောက်ရှိနေပြီး မနေ့ကထက် ၉ စင်တီမီတာ ပြန်လည် ကျဆင်းလျက်ရှိကာ ပဲခူးမြို့မှာလည်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအောက်၊ ၅၉၄ ပေမှာ ရောက်ရှိနေပြီး မနေ့ကထက် ၁၂ စင်တီမီတာ ပြန်လည် ကျဆင်းနေတယ်လို့ သိရပါတယ်။
“မနေ့ကတော့ ပဲခူးမြစ်ရေက နည်းနည်းလေး များသွားတဲ့အနေအထားမျိုး ရှိတယ်။ ဒီနေ့တော့ တအားကြီး မတက်တော့ဘူး။ မြစ်ဝှမ်းလွင်ပြင်မှာ မိုးများတဲ့အပေါ်မှာ မူတည်ပြီးတော့ ရေအတက်အကျတော့ ရှိနိုင်တယ်။ နောက်ရက်တွေမှာလည်း မိုးနည်းနည်းလေး များလာမယ့် အနေအထားမျိုးတော့ ရှိတယ်။ မြစ်ရေအခြေအနေက စောင့်ကြည့်ရမှာမျိုးတော့ မဟုတ်ပေမယ့် မိုးများလာရင်တော့ သတိပြုရမယ့် အနေအထားမျိုးတော့ ရှိတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
ဒါကြောင့် ရုတ်တရက် ရေတက်လာပါက မြစ်ကမ်းနံဘေးမှာ နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာ နေရာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုပြီး သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့ခွဲရေးကော်မတီတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့လိုတယ်လို့ သူက ပြောပါတယ်။
“များသောအားဖြင့်တော့ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ရောက်တာက ဩဂုတ်၊ စက်တင်ဘာလလောက်တွေမှာ ဖြစ်တတ်တာ။ အခုလို အစောပိုင်း ကာလတွေမှာတော့ ရေတက်တာ မရှိသလောက် ရှားတယ်။ လောလောဆယ်က မြစ်ရေတက်နေပေမယ့် စိုးရိမ်စရာတော့ မရှိသေးဘူး။ မနေ့ကတော့ ၅ ပေခွဲ၊ ၆ ပေနီးပါးလောက်တက်တယ်။ ဒီနေ့တော့ ၂ လက်မလောက်ပဲ တက်တယ်။ ရေအတက်နှေးသွားတဲ့ သဘောပေါ့” လို့ သူက ပြောပါတယ်။
ဒါအပြင် မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ပဲခူးမြစ်ရေအခြေအနေနဲ့ ပတ်သက်လို့ ရေက ဆက်ပြီး တက်နေလိမ့်ဦးမယ်လို့ ခန့်မှန်းထားပြီး ရေဆင်းတဲ့ အားအရဆိုပါက လာမယ့် ဇွန် ၈ ရက်ကနေ ၁၀ ရက်အတွင်းမှာ ရေစီးအား ပိုပြီးမြင့်လာကာ ဇွန် ၁၄ ရက်နဲ့ ၁၆ ရက်အတွင်းမှာတော့ အမြင့်ဆုံးကို ရောက်လာနိုင်တယ်လို့ ပြောပါတယ်။
“ဒါက အခုအချိန်အထိတော့ အများကြီး ပြောင်းလဲတာမရှိဘူး။ ဇွန် ၁၅၊ ၁၆၊ ၁၇ ရက် ပတ်ဝန်းကျင်မှာ ပဲခူးမြစ်ရေ အမြင့်ဆုံးအချင်းကိုတော့ ရောက်လာမယ်။ စိုးရိမ်ရေမှတ်အထိ ရောက်နိုင်၊ မရောက်နိုင် ဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရမယ်။ လောလောဆယ် ခန့်မှန်းချက်တွေအရတော့ စိုးရိမ်ရေမှတ်အထိ ရောက်၊ မရောက် ဆိုတာကတော့ မသေချာသေးဘူး” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
လတ်တလော အခြေအနေအရ ပဲခူးတိုင်းမှာ မိုးရွာသွန်းမှု များပြားနေပြီး အဲဒီ တိုင်းဒေသကြီး တတိုင်းလုံးအနေနဲ့ဆိုပါက ခုနစ်ရက်အတွင်းမှာ မီလီမီတာ ၂၈၀ လောက် ထပ်မံရွာသွန်းနိုင်သေးကာ ပဲခူးတိုင်း (အရှေ့ခြမ်း) နဲ့ ကရင်ပြည်နယ် ထိစပ်တဲ့ နယ်စပ်ဒေသတွေဖြစ်တဲ့ သံတောင်ကြီး၊ ရွှေကျင်နဲ့ မဒေါက် စတဲ့ မြို့နယ်တွေဘက်မှာလည်း မိုးများနေနိုင်တယ်လို့ သူက ပြောပါတယ်။
အပေါ်ပိုင်း ဒေသတွေဖြစ်တဲ့ တောင်ငူ၊ ထန်းတပင်ဘက်တွေမှာတော့ မိုးရွာသွန်းမှု နည်းနေနိုင်သေးပြီး၊ အကယ်၍ အဲဒီဒေသတွေမှာပါ မိုးများလာပါက စစ်တောင်းမြစ်တလျှောက်လုံးမှာ မိုးဆက်လက် ကောင်းလာနိုင်သလို ပဲခူးရိုးမရဲ့ တောင်ဘက်ခြမ်း၊ ပဲခူးမြစ်ရဲ့ မြစ်ဖျားပိုင်း ဇောင်းတူမြို့မှာ မိုးများလာပါကလည်း ပဲခူးမြစ်ရေလျှံပြီး မြင့်တက်လာနိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် နှစ်စဉ်နှစ်တိုင်း ရေဘေးကြုံရလေ့ရှိတဲ့ ပဲခူးမြစ်ကမ်းနံဘေး ရပ်ကွက်တွေနဲ့ ပဲခူးမြို့ပေါ်က မြေနိမ့်ပိုင်းက ဇိုင်းဂနိုင်း (တောင်/မြောက်)၊ ကလျာဏီ၊ ရွှေကူရပ်ကွက်တွေအနေနဲ့ လာမယ့် ဇွန် ၇ ရက်နေ ၁၄ ရက်အတွင်း ရေဘေးအန္တရာယ် အချိန်မရွေး ကြုံရနိုင်တာကြောင့် အဲဒီ ဒေသမှာ နေထိုင်သူတွေအနေနဲ့ လက်ရှိအချိန်ကစပြီး သဲအိတ်တွေ စုဆောင်းတာ၊ ရေတွေ အနိမ့်ပိုင်းနေရာအထိ ဝင်ရောက်နိုင်ခြင်းမရှိအောင် ရပ်ကွက်အချင်းချင်း ချိတ်ဆက်ပြီး ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်ထားကြဖို့လိုတယ်လို့ သူက ပြောပါတယ်။
ရေကြီးပြီဆိုပါက ရုတ်ချည်း ရေကြီးတဲ့ ဖြစ်စဉ်မျိုးကလွဲပြီး ရေပြန်ကျဖို့ကြာတတ်ကာ၊ ဥပမာ မိုးက ၂၄ နာရီအတွင်း မီလီမီတာ ၃၀ ကျော်၊ ၄၀ ကျော်ကနေ ၇၀၊ ၈၀၊ ၁၀၀ အထက်အထိ ရွာသွန်းပြီဆိုပါက မိုးအရမ်းသည်းထန်ပြီး တောင်ကျချောင်းရေတွေ စီးဆင်းတတ်ကာ မြို့ပြ၊ ရပ်ကွက်တွေထဲမှာ Urban Flood လို့ ခေါ်တဲ့ ရုတ်ချည်း ရေတက်တာမျိုးတွေ ဖြစ်လာတတ်တယ်လို့ သူက ပြောပါတယ်။
“နောက်တခုက ပင်လယ်ဒီရေ တက်တာကလည်း ဇွန် ၁၃၊ ၁၄၊ ၁၅ ရက်တွေလောက်မှာ ပင်လယ်ဒီရေ အမြင့်ဆုံးတက်နိုင်တယ်။ ပင်လယ်ဒီရေက အောက်ရေ တောင့်နေတဲ့အချိန်ကျရင် ရေဆင်းဖို့မလွယ်ဘူး။ အခုလိုမျိုး မြစ်ရေ ရေကြီးတာ၊ မြို့ပြရေကြီးတာ ဖြစ်ပြီဆိုရင်တော့ အောက်မှာရှိတဲ့ မြစ်ရေစိမ့်ထွက်နိုင်တဲ့ အနေအထား နည်းရင်နည်းသလို အချိန်ကြာတယ်။ လနဲ့ချီပြီးလည်း ကြာတတ်တယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း အဲဒီလိုကြာတာတွေ ရှိခဲ့တယ်” လို့ သူက ပြောပါတယ်။
အဲဒီလို ရေကျချိန် ကြာမြင့်ပါက ကျန်းမာရေးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပြီး အဓိကအနေနဲ့ သောက်သုံးရေ မသန့်ရှင်းတာ၊ ဝမ်းရောဂါတွေ၊ အရေပြားရောဂါတွေ ဖြစ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အနောက်တောင် မုတ်သုံလေဟာ တနိုင်ငံလုံးကို ဝင်ရောက်ပြီးဖြစ်သလို လေစီးကြောင်းကလည်း အားကောင်းနေတဲ့အတွက် ရခိုင်ကမ်းရိုးတန်းကပ်ရပ် အမြင့်ပေ ၅၀၀၀ လောက်မှာ လေပွေလှိုင်းဖြစ်ဖို့ရှိနေကာ အဲဒီ လေပွေလှိုင်းက ဆွဲတင်တဲ့ အနောက်တောင် မုတ်သုံလေဟာ ဆက်လက် အားကောင်းနေဦးမှာ ဖြစ်တာကြောင့် အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မကွေးတိုင်း စတဲ့ ဒေသတွေကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေအားလုံးမှာ မိုးများလာနိုင်တယ်လို့ သူက ပြောပါတယ်။
Photo – CJ
