ဆူးငှက်
မိန်းမတောင်းဖို့ အဘကိုပူဆာ
——————————–
ထို့ကြောင့် မန်းသီတာဥယျာဉ်က ကျားခေါင်းကားနှင့် ပြန်လာပြီးနောက် အိမ်တော်ရာတော်ရာမြောက်ပေါက် ဆင်းကာ ဘုရားထဲက ဖြတ်ပြီး အိမ်သို့ ဒရောသောပါးပြန်ပြီးနောက် အဘကို ကျွန်တော့်အခန်းထဲ ခေါ်ကာ ချွေးသန်တရွှဲရွှဲနှင့် “အဘ ကျွန်တော့်ကို မိန်းမလိုက်တောင်းပေးတော့” ဟု အပူကပ်တော့သည်။ ကျွန်ုပ်၏ ချစ်လှစွာသော အဘကလည်း ဘယ်ကလဲ၊ ဘယ်သူလဲ၊ ဘယ်သူ့သမီးလဲ၊ ဘယ်တုန်းကတွေ့တာလဲ၊ ဘာလုပ်တာလဲ ဟူသော မေးခွန်းများကို အလျဉ်းမျှမမေးဘဲ “အေး တောင်းရုံပဲ၊ ဘယ်သွားတောင်းပေးရမလဲ” ဟု သာမေးပါ၏။
ထို့ကြောင့် ကျွန်တော်က “ကျွန်တော်တို့ လုပ်သားဆိုင် မြောက်ဘက် သစ်စက်က” ဟုပဲ ပြောသည်။ ဘယ်သူဘယ်ဝါဟုပင် မပြောမိ။ “သစ်စက်ကဆိုရင် ကိုလှသောင်တော့ သိမှာ၊ သူ့ခေါ်ရမှာပဲ” ဟု အဘက ပြောပြောဆိုဆိုနှင့် အိမ်ရှေ့မှာ ဖြတ်လာသော ဝင်းပိုင်ရှင် ဦးလေးသောင်ကို ကိုလှသောင်ရေ ခဏဗျာဟု လှမ်းခေါ်သည်။ ထို့နောက် ပဏာမပင် ပရိကံမဝင်တော့ဘဲ “မောင်ကျော်ဆန်းက မိန်းမတောင်းချင်လို့ ကိုလှသောင် လိုက်ခဲ့ပါဦး” ဟု ပြောသည်။ ထိုအခါမှ ဦးလေးသောင်က ကျွန်တော့်ကို ဘယ်အရပ်က ဘယ်သူဘယ်ဝါ၏ သမီးလဲ ဟူသည်ကို မေးသည်။
သစ်ဆိမ့်ကြီးဆက်တွေ
——————————-
ထိုအခါမှသာ အဘလည်း သူ့ချွေးမလောင်း ဘယ်သူဘယ်ဝှာဆိုတာ သိသည်။ ကျွန်တော်က ဦးလေးသောင်ကို ပြောပြတော့ ဦးလေးသောင်က “ ဟာ.. သင်္ဘောတန်းက ဦးလှဖေဆိုရင် ဒို့သိတာပေါ့။ သစ်ဆိမ့်ကြီးဆက်တွေလေ။ သူ့သားသမီးတွေနဲ့လည်း ရင်းနှီးပါတယ်၊ နာမည်တွေက ထူးဆန်းတယ် ဘာတဲ့ မအေသန်းတို့ ကိုဘီမောင်တို့ မစီသန်းတို့ ဆိုပြီး A B C နဲ့ အစဉ်လိုက် မှည့်တာလေ၊ ဒါနဲ့ မင်းကောင်မလေးက ဘယ်သူ့သမီးလဲ” ဟု မေးမှ “ဒေါ်စီသန်းအောက်က ဒေါ်ခင်ပြုံး သမီးပါ၊ သူ့အဖေက ဦးစောမောင်တဲ့၊ မောင်နှမ ၅ယောက်မှာ သူတစ်ယောက်ပဲ မိန်းကလေးပါတာ၊ ခင်သော်ဇင်တဲ့၊ လောလောဆယ် သူ့အဖိုးသစ်စက်မှာ အရောင်းနဲ့ စာရင်းကိုင် လုပ်နေတာပါ” ဟု ရှင်းပြရသည်။ ဦးလေးသောင်က လူရင်းတွေပါဗျ၊ ဦးပေါလူ၊ ကျွန်တော်လိုက်ခဲ့မယ်၊ ဘယ်အချိန်သွားမလဲ၊ အခုသွားမလား ဖြစ်တယ် ဟု ဆိုတော့ အဘက ကိုလှသောင် အားရင် သွားလိုက်ရအောင်လေ၊ တစ်ခါတည်း ပြီးသွားတာပေါ့ ဟု ပြောသည်။ ဦးလေးသောင်ကလည်း ကိုင်းဒါဆို သွားကြရအောင်၊ ကျွန်တော့် ကားနဲ့ သွားကြမယ်ဟု ဆိုပြီး အဝတ်အစားလဲကာ ကားကိုထုတ်သည်။
အဘက အဝတ်အစားလဲရင်း ကျွန်တော့်ကို မင်း ယောက္ခလောင်းကို ပွင့်ပွင့်လင်းလင်းပြောထားနော်၊ ဒို့မှာ တင်တောင်းစရာလည်း မရှိဘူး၊ မင်္ဂလာဆောင်ရင်ကို အပြတ် ၂သောင်းလောက်ပဲရှိတာ၊ အဲ့ဒါ အကုန်ပဲ၊ အဲ့ဒီ၂သောင်းကို သူတို့လက် အပ်လိုက်ရုံပဲမောင်၊ အဲ့ဒါတော့ ကြိုပြောထားဦးဟု တိုးတိုးတိတ်တိတ်မှာသည်။ အဘထက် ထူးတာက အမေဖြစ်သည်။ ကျွန်တော်တို့ သားအဖပြောနေတာ၊ ဦးလေးသောင်နှင့် ကျွန်တော်ပြောနေတာ အိမ်ရှေ့ကွပ်ပျစ်ပေါ် သူ့နှီးယပ်တောင် ရှည်ကြီး တဖျပ်ဖျပ်ခတ်ရင်း အမေ အကုန်ကြားသည်။ ဘာတစ်ခွန်းမှလည်း ဝင်မပြော၊ ဘာမှလည်း မမေး၊ အံ့သြတာ၊ အလိုမတူတာ၊ ဝမ်းသာတာ၊ စိတ်တိုစိတ်ဆိုးတာ စသည့် အမူအရာလည်းမရှိ၊ တစ်နေ့ကြုံရမှာပဲ ဟူသော စိတ်ဖြင့် ယပ်ခတ်မပျက် တည်တည်ငြိမ်ငြိမ်နားထောင်နေသည်။ သူ့အဘကိုပဲပြောတယ် မွေးထုတ်ခဲ့ရတဲ့ အမေကိုကျ အသိပေးဖော် မရဘူး ဟူ၍ပင် စိတ်မကောက်။ သည်လိုနှင့် ဦးလေးသောင်က သူ့ဂျစ်ကားလေးနှင့် အဘကိုရှေ့က တင်၊ အမေနှင့် ကျွန်တော်က နောက်က ထိုင်ပြီး မိန်းမတောင်း သွားခဲ့ကြတော့သည်။
ဈေးချို အေရုံထဲက ဈေးရောင်းဖက်တွေ
—————————————–
သင်္ဘောတန်း ဦးလှဖေအိမ်ရောက်တော့ ကျွန်တော်က ကိုဝင်းမောင်ကတဆင့် လူကြီးများနှင့် လာမည်ကို ကြိုတင် အသိပေးထားသဖြင့် သူ့အဒေါ်များကလည်း အိမ်မှာ စောင့်နေကြသည်။ မန်းသီတာမှာ ပါလာသည့် အဒေါ်က အိမ်ရှေ့က ကြိုပြီး ဦးလေးသောင်ကို မြင်တော့ အံ့အားတသင့် နှုတ်ဆက်သည်။ ဦးလေးသောင်က နင်က စီသန်းမဟုတ်လားဟု နှုတ်ဆက်တော့ အမလေး ကိုလှသောင်ရယ် မတွေ့တာ ကြာတော့ မေ့သွားပြီလား၊ အရင် ကျွန်မတို့ အေရုံထဲ ဈေးထွက်ကြတော့ အေရုံထဲက ကိုလှသောင်အမေ ချစ်ချစ်ပွဲရုံကို နားက ဆိုင်လေ ဟု အပြောတွင် အေးပါဟ ငါကမှတ်မိပါတယ် နင်တို့ နာမည်တွေက ထူးဆန်းတော့ မှားမစိုးလို့ပါ ဟု ဦးလေးသောင်က ရယ်ရင်းပြောသည်။
အဖေက ကိုလှသောင် ပါလာတာ သိရင် ဝမ်းသာမှာဟု ပြောရင်း အဝင်စ အပေါ်ထပ်က ဘုရားခန်းသို့ ခေါ်သည်။ ဘုရားခန်းလှေကားက အတက် အုတ်ခုံလေးပေါ်မှာ သူက ထိုင်နေရင်း အံ့သြရှက်ရွံ့သလို ဖြစ်နေသည်။ ကျွန်တော်က လှေကား တက်ရင်း လူကြီးများကို ဒေါ်ခင်ပြုံးသမီးက သူလေ ဟု ပြရသည်။ အဘနှင့် အမေက သူ့ချွေးမလောင်းကို လှေကားတက်ရင်း လှည့်ကြည့်သည်။
ဘုရားခန်းပေါ်က မင်္ဂလာစကား
——————————–
ဘုရားခန်းပေါ်မှာ မျက်မှန်နှင့် ပိန်ပိန် အသားလတ်လတ် ဥပတိကောင်းသော အသက်၇၀အရွယ် လူကြီးတစ်ဦးက သံဗီရို အံဆွဲကိုဖွင့်ပြီး စာအုပ်တွေယူရင်း မစီသန်းရေ ဧည့်သည်တွေကို ဘုရားခန်းမှာ နေရာပေးပါ။ လက်ဖက်ရည်တွေမုန့်တွေကို မအေသန်းကို စီစဉ်ခိုင်းထားတယ်။ ပြီးရင် အပေါ်တင်ခဲ့ကြဟု ပြောသည်။ ဒေါ်စီသန်းက အဖေ ဧည့်သည်တွေထဲမှာ ကိုလှသောင်ရောပါတယ် ဟု ပြောတော့ အံ့အားသင့်ပြီး ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်သည်။ ဘုရားခန်းတွင် ထိုင်ကာ ဘုရားဝတ်ပြုကြပြီး ဦးလေးသောင်ကပဲ အဘနှင့် အမေကို ဦးလှဖေနှင့် မိတ်ဆက်ပေးသည်။ ထို့နောက် ဦးလေးသောင် ကပဲ လာရင်းကိစ္စကို ပြောသည်။
အဖိုးဦးလှဖေက မစီသန်းရေ မင့်တူမ ခေါ်ပါဦး၊ ဒီမှာ သူ့မိဘတွေကို ပြရအောင်လေ ဟု ပြော၍ လှေကားရင်း အုတ်ခုံမှာ ပုံ့ပုံ့လေး ထိုင်နေသော သူ့ကို လှမ်ခေါ်တော့ တက်လာသည်။ ဟောဒါပါဗျာ၊ ကျုပ်မြေးမပါပဲ၊ ကျုပ်က သူ့ကို မျက်စေ့အောက် အပျောက်မခံဘဲ အိမ်မှာအလုပ်ပေးရင်း စောင့်ရှောက်ထားတာပါ။ သူ့အမေက တခြားရပ်ကွက်မှာဆိုတော့ ဒီမှာက မောင်နှမဝမ်းကွဲတွေရှိနေလို့ ဒီမှာပဲခေါ်ထားတာပါ။ မနက်ကပဲ မစီသန်းက ဒီက မောင်ကျော်ဆန်းရဲ့ သဘောထားကို သိရပြီး ကျုပ်ကိုလည်း အသိပေးထားပါပြီ။ ကျုပ်ကလည်း မောင်ကျော်ဆန်းကို စုံစမ်းပြီးပါပြီ။ ပညာတတ်ဘွဲရ မိကောင်းဖခင်သားမို့ ငြင်းစရာမရှိပါဘူး၊ ဒီတော့ ဘယ်လိုစီစဉ်ချင်ပါသလဲ ပွင့်ပွင့် လင်းလင်းသာပြောပါ။ ကိုလှသောင်ဆိုတာကလည်း လူရင်းပါဗျ ဟု အဖိုး ဦးလှဖေက ပြောသည်။
သည်တွင် လူကြီးတွေ စကားမဟခင် ကျွန်တော်က အဖိုးကို သူခေါ်သည့် အတိုင်း အဖေကြီးခင်ဗျား၊ အဖေကြီးနဲ့ ဆရာကြီးဦးမောင်မောင်တင်နဲ့ အလွန်ရင်းနှီးတယ်လို့ သိရပါတယ်၊ ကျွန်တော်က ဆရာဦးမောင်မောင်တင်ရဲ့ တပည့်ဆိုလည်းမမှားပါဘူး၊ ကျွန်တော့မိဘများက အလွန်ဆင်းရဲပါတယ်၊ ကျွန်တော်တို့မှာ ဂုဏ်ပကာသန ဥစ္စာဓနမရှိပါဘူး၊ ကျွန်တော့်ဘက်က ပေးနိုင်တာက ဂတိပါပဲ၊ အဖေကြီးမြေး မခင်သော်ဇင်ကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်း စောင့်ရှောက်ပါမယ်ဆိုတဲ့ ဂတိပါ။ ကျန်တာ အဖေကြီးတို့ဘက်က အစဉ်အလာရှိတာမျိုး ဆောင်ရွက်နိုင်အောင် ကျွန်တော်တတ်နိုင်တာက ငွေ၂သောင်းပါပဲ၊ ဒီထက်အပို ကျွန်တော့် မိဘများမှာ မရှိပါခင်ဗျား၊ ဒါကို ကျွန်တော် ကြိုတင် အသိပေးတင်ပြတာပါခင်ဗျ ဟု စိတ်ထဲရှိသမျှ ပြောချလိုက်တော့၏။ အဖိုးဦးလှဖေက ကျွန်တော် ပြောသမျှကို နားစိုက်ထောင်နေရာမှ ကျွန်တော့် စကားဆုံးသည်နှင့် အံ့အားတသင့် ဟာခနဲဖြစ်သွားတော့သည်။
ပြေပြေလည်လည် အောင်အောင်မြင်မြင်
——————————————
ကျွန်တော်က စိတ်ထဲရှိသမျှ ပြောချလိုက်တော့ အဖိုးဦးလှဖေက နားစိုက်ထောင်နေရာမှ ကျွန်တော့် စကားဆုံးသည်နှင့် အံ့အားတသင့် ဟာခနဲဖြစ်သွားတော့သည်။ ထို့နောက် သူ့သမီး ဒေါ်စီသန်းဘက်လှည့်၍ “ကဲ.. မစီသန်းရေ..၊ ဒီလို ပွင့်ပွင့်လင်းလင်းပြောတာ ကြားရလို့ အဖေဖြင့် ဝမ်းသာလိုက်တာ၊ သမီးတို့ ကြားတယ်နော်၊ မောင်ကျော်ဆန်းက ရိုးရိုးသားသား ပြောပြီးပြီ၊ သမီးတို့ မောင်နှမတတွေကလည်း ကိုယ့်တူမလေးကို ဒီလို သားမျိုးက ကမ်းလှမ်းတာကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြရမယ်နော်။ မင်္ဂလာကိစ္စအတွက် မောင်ကျော်ဆန်းမိဘများနဲ့ ဟောဒီက စက်ပိုင် ကိုလှသောင်ရော အဖေနဲ့ တိုင်ပင်ပြီး အကောင်းဆုံးစီစဉ်မယ်။
မောင်ကျော်ဆန်းမိဘများကလည်း အလွန် ရိုသားကြ သူတွေ၊ သူတို့အပေါ်ကိုလည်း ဝန်မပိစေနဲ့။ ကိုင်း.. မြေးမလေးကို လာရောက် မြန်းကြတဲ့ စက်ပိုင် ကိုလှသောင် အပါအဝင် မောင်ကျော်ဆန်း မိဘ ၂ပါးကို ကျွန်တော်က မြေးမလေး မိဘကိုယ်စား ဝမ်းမြောက်စွာ လက်ခံပါတယ်ဗျာ၊ မြေးမလေးကိုလည်း ထိမ်းမြားမင်္ဂလာမတိုင်မီ စောင့်ရှောက်ကြပါ။ ထိမ်းမြား မင်္ဂလာပြီးမြောက်ရင်လည်း သမီးအရင်းလို ဆုံမပဲ့ပြင်ပါဗျာ။ မင်္ဂလာရက်ကိစ္စကိုတော့ ကျွန်တော်လည်း သူ့မိဘ သူ့ဦးလေး သူ့အဒေါ်များနဲ့ တိုင်ပင်ပါမယ်။ ပြီးတာနဲ့ ကျွန်တော် အကြောင်းပြန်ပါရစေ။ မောင်ကျော်ဆန်းနဲ့ မိဘများ စိတ်ချမ်းသာစေရပါမယ်။ ကျွန်တော်ကတော့ ဆရာဦးမောင်မောင်တင်ရဲ့ တပည့်သားမြေး ဆိုကတည်းက အသိအမှတ် ပြုပြီးသားပါဗျာ။ ကဲ.. လက်ဖက်ရည်များလည်း သုံးဆောင်ကြပါဦးဗျ၊ မုန်းများလည်း သုံးဆောင်ပါဗျ” ဟု ပြောကြားတော့ အဘနှင့် အမေမှာ ဘာမှ ပြောစရာမလိုဘဲ သက်ပြင်းချသံကြားရလောက်အောင် စိတ်ချသွားကြသည်။
ကျွန်တော့်အတွက် မင်္ဂလာစရိတ်
——————————–
အထူးသဖြင့် အဘက သစ်စက်ပိုင်မိသားစုဆိုတော့ ဘယ်၍ဘယ်မျှနှင့် ဘယ်လို မင်္ဂလာဆောင ပေးရမည်ဆိုတာမျိုး တောင်းဆိုမှာ စိုးရိမ်နေကြသည်။ ကျွန်တော်ကလည်း ထိုကိစ္စကို စိုးရိမ်သည်။ အဘက သူတတ်နိုင်တာ ငွေ၂သောင်းဆိုတာကလည်း ငွေလုံးငွေရင်းမဟုတ်၊ အိမ်မှာ ကျန်ကောင်းကျန်ရာ ကျန်နေသေးသော ပစ္စည်းလေးတွေ ထုခွဲရမှာ ဖြစ်သည်။ ထိုထုခွဲရမည့် စာရင်းတွင် ကျွန်တော့် လည်ပင်းက တစ်မတ်သား ဆွဲကြိုးလေးလည်းပါဝင်သည်။
ထို့နောက် ဘုရားသမိုင်းစာအုပ်နှင့် သာသနာသမိုင်းစာအုပ်တွေကို အဖေကြီးဦးလှဖေက ဦးလေးသောင်ကို တစ်စုံနှင့် ကျွန်တော်တို့ကို တစ်စုံ ကမ်းသည်။ ထိုအခါမှ ဘုရားကို သေချာကြည်ညိုရသည်။ ဘုရားဆင်းတုတော်က ဉာဏ်တော် အတော်မြင့်သည်။ စမ္မခဏ်မှ မဏိတော်အထိ ၅ပေကျော်လောက်ရှိသည်။ အိမ်၏ အပေါ်ထပ် ဦးခန်းတွင် သီးခြား အဆောင်ဖြင့် ပူဇော်ထားသည်။
ဆင်းတုရုပ်ပွားတော်ကြီးကို မှန်ခန်းဖြင့် စံပ္ပယ်ထားပြီး မျက်နှာကြက်ကြာယပ်များ ထီးဖြူများဖြင့် ပူဇော်ထားသည်။ ဆင်းတုတော်ကြီး ရှေ့တွင် ပန်းအိုးများ ကန်တော့ပွဲများနှင့်အတူ ဘုရာဒကာကြီး ဦးလှဖေနှင့် ဒါယိကာမကြီး ဒေါ်မြသိန်းဓာတ်ပုံများနှင့် အတူ ဘုရားသို့ ဝန်ကြီးချုပ်ဦးနု လာရောက် ပူဇော်သည့် ဓာတ်ပုံများကို ဘေးနံရံတွင် ချိတ်ဆွဲထားသည်။ ဆင်းတုတော်ကြီး၏ ဓမ္မခဏ်တွင် စူဠာမုနိ ရုပ်ရှင်တော်မြတ် ဟူသော ဘွဲ့တော်ကို သားရိုးစာလုံးဖြင့် ရေးထိုးထားသည်။
စူဠာမုနိ ရုပ်ရှင်တော်မြတ်
————————-
အဖေကြီးဦးလှဖေက အဘနှင့် အမေကို ဘုရားသမိုင်း အကျဉ်းချုပ်အား ရှင်းပြသည်။ ဦးလေးသောင်ကတော့ အရင်ကတည်းက ရင်းနှီးကာ လာရောက်ဖူးသဖြင့် ဘုရားသမိုင်းက သိပြီးဖြစ်နေသည်။ တကယ်တော့ ယခု စူဠာမုနိ ရုပ်ရှင်တော်မြတ်က ကျွန်းညိုသားဖြင့် ထုလုပ်ထားပြီး ရှေးမင်းအဆက်ဆက် နန်းဦး၌ ကိုးကွယ်ကြသည့် ရုပ်ပွားတော် ဖြစ်သည်။ ထို့ကြောင့် သာယာဝတီမင်း ထီးနန်းစိုးစံစဉ် စိတ်လက် နာမကျန်းဖြစ်သောကြောင့် အမရပူရ ရွှေမြို့တော် မြောက်ဘက် ဒေးဝန်းယာယီနန်းတွင် ပြောင်းရွှေ စိုးစံသောအခါ နန်းဦးတွင် ကိုးကွယ်ထားရှိသော စူဠာမုနိ ရုပ်ပွားတော်ကိုပါ အတူပင့်ဆောင်ပြီး ယာယီနန်းတွင် ပူဇော်ခဲ့သည်။ ထု့ိနောက် သာယာဝတီမင်းက အမရပူရနန်းတော်သို့ ပြန်လည် စံချိန်တွင် ရုပ်ပွားတော်မြတ်က ဒေးဝန်းယာယီနန်းတွင် ကျန်ရစ်ခဲ့သည်။ အဆိုပါ ယာယီနန်းစိုက်သောနေရာက နောင်တွင် ဓာတ်နန်းရပ်ဟု အမည်တွင်ခဲ့သည်။ ရုပ်ပွားတော်မြတ်လည်း ခေတ်အဆက်ဆက် ဓာတ်နန်းရပ် နန်းဟောင်းနေရာ ခြုံပုပ်တောအတွင်း တိမ်မြုတ် ပျောက်ကွယ်နေခဲ့၏။
နောင်တွင် သစ်ဆိမ့်ကြီးဆရာတော် ဦးဝိသုဒ္ဓ ၏ အိပ်မက်အရ တိမ်မြုတ်နေသော ရုပ်ပွားတော်ကို ဓာတ်နန်းရပ် ခြုံပုပ်တောအတွင်းမှ ရှာဖွေတွေ့ရှိကာ ပြုပြင်မွမ်းမံပြီး ကောဇာသက္ကရာဇ် ၁၂၅၈ခုနှစ် နယုန်လဆန်း ၈ရက်နေ့တွင် သစ်ဆိမ့်ကြီးသို့ ပင့်ဆောင်ခဲ့သည်။ သစ်ဆိမ့်ကြီးတွင် ဆရာတော်ဦးဝိသုဒ္ဓ ပင့်ဆောင်ကိုကွယ်ခဲ့သော ရုပ်ပွားတော်သည် ဆရာတော်ပျံတော်မူပြီးမှ သမိုင်းပေစာများကို တွေ့ရှိခဲ့ပြီး ကောဇာသက္ကရာဇ် ၁၃၂၀ခုနှစ်တွင် မန္တလေးသင်္ဘောတန်းရပ်တွင် နေထိုင်သော သစ်ဆိမ့်ကြီးဇာတိ ဦးလှဖေ ဒေါ်မြသိန်းတို့က သစ်ဆိမ့်ကြီးမှ မန္တလေးသို့ ပင့်ဆောင်ပြီး ပြုပြင် မွမ်းမံ ရွှေချ ကိုးကွယ်ခဲ့သည်။ ရုပ်ပွားတော်မြတ်နှင့်အတူ ရှေးဟောင်း ပေစာ ပုရပိုက်စာများလည်း ပါရှိခဲ့ရာ ထိုစာများမှ သမိုင်းသုတေသနဆိုင်ရာများကို ဘုရားဒကာကြီး ဦးလှဖေက ဆရာ ဦးမောင်မောင်တင်နှင့် တိုင်ပင်ပြီး စူဠာမုနိရုပ်ရှင်တော်မြတ်သမိုင်းနှင့် သစ်ဆိမ့်ကြီး အတိတ် သာသနာတော် သမိုင်း တို့ကို ပြုစု ထုတ်ဝေခဲ့သည်။
ရွှေလမ်းငွေလမ်းပေါက်တာနှင့်
——————————–
နောက်တော့ ကျွန်တော်က ဇနီးလောင်း မခင်သော်ဇင် ထံသွားတိုင်း အဖေကြီးဦးလှဖေ၏ ဘုရားခန်းသို့ တက်ရောက်ကာ ဘုရားဝတ်ပြုပြီးသည်နှင့် ပေစာများ လှန်လှောပြီး အဖေကြီးနှင့် မြင်းဖြူရှင် နတ်သမိုင်း၊ မင်းလေးတောင် ဗျုပ္ပတ်၊ ဟန်လင်းမြို့ဟောင်းနှင့် သစ်ဆိမ့်ကြီးရွာ အဆက်အစပ်တို့ကို ပြောကြဆိုကြသည်။ အထူးသဖြင့် အဖေကြီးဦးလှဖေ ထံတွင်ရှိသော သစ်ဆိမ့်ကြီးဆရာတော် ဦးဝိသုဒ္ဓ ပြုစုတော်မူခဲ့သည့် မဏိသာရမဉ္ဇူသာ နိသျှကျမ်း ပေစာတွင်ပါရှိသည့် ငဆောင်ချမ်း အရပ်နှင့် ပတ်သက်သော တည်နေရာ အကြောင်းကို ဖတ်မှတ် ပြောဆိုဖြစ်ကြသည်။ ထို့နောက် အဖေကြီးဦးလှဖေက သူ့ဇာတိ သစ်ဆိမ့်ကြီးရွာတွင် တည်ထားမည့် သမိုင်းကျောက်စာများ စိုက်ထူမည့် စေတီ ထူပါအတွက်လည်း ကျွန်တော်က မဖြစ်စလောက် အမြင်အကြား ဗဟုသုတဖြင့် ပုံစံထုတ်ရေးဆွဲ ပေးခဲ့သေး၏။
ထို့ပြင် အိမ်ကြီး၏ အပေါ်ထပ် တောင်ဘက်ဦးခန်းတွင် နေထိုင်သော အမေကြီးဒေါ်မြသိန်းကလည်း ကျွန်တော်လာသည်ဟု ကြားလျှင် အဖေကြီးနှင့် စကားပြောပြီးသည်နှင့် သူ့ထံလာစေကာ ကျွန်တော့်အတွက် ဝယ်ထားသော လက်ဖက်ရည်ကို တိုက်သည်။ ထို့နောက် အမေကြီးက ဝက်လက်တွင် တွေ့ခဲ့ဖူးသော အဝေးရောက်မင်းကြီးအကြောင်း ပြောသည်။ ထို့နောက် ဖိုးစိန်ဇာတ်ထုပ် အောင်မောင်းဇာတ်ထုပ်တွေ အကြောင်း ပြောသည်။ တစ်ခါ မခင်သော်ဇင်တို့ မိသားစုနေသည့် မြောက်ဘက်က အိမ်သို့ရောက်လျှင် ထိုအိမ်တွင်နေသည့် သူတို့ အမျိုး အမေစိန်က ဆေးပေါ့လိပ်ကြီး တငေါ့ငေါ့နှင့် သူတို့သစ်ဆိမ့်က အမျိုးတွေအကြောင်း၊ အခု လက်ရှိ မိသားစုတွေအကြောင်း ပြောပြပြန်သည်။ တစ်ခါ သူ့အဒေါ်များနှင့် တွေ့လျှင်လည်း ရှေးက သူတို့ အပျိုပေါက်က ကြုံရသည့် ပွဲလမ်းတွေ အကြောင်းပြောဖြစ်သည်။
ထိုသို့ အဖေကြီးနှင့် အမေကြီးနှင့် အန်တီတွေနှင့် စကားပြောတိုင်း ဇနီးလောင်းက အနားမှာထိုင်ပြီး ကျုံ့ကျုံ့လေးနှင့် ငေးနားထောင်ရုံပါပဲဗျာ။ ကဲ ကျွန်တော်တို့ သမီးရည်းစားသက်တမ်းကလည်း တစ်ပတ်ပင်မကြာ၊ ဘာမှ ဖွဲ့ကာနွဲ့ကာ မပြောဖြစ်၊ စေ့စပ်ပြီးပြန်တော့ ဘုရားသမိုင်း ဇာတ်သမိုင်း ရှေးက ပွဲလမ်းသဘင် အကြောင်းတွေနှင့်သာ စကားပြောဖြစ်တော့ ကျွန်တော်တို့ မောင်နှံဆက်ဆံရေးကလည်း ဘယ်မှာ “ရို” ပါ့မလဲဗျာ။ အသက် ၂၄နှစ်နဲ့ ၁၉နှစ် စုံတွဲ မဟုတ်ဘဲ ရှေးအဖိုးကြီးနှင့် တပည့်လို ဖြစ်နေပါလေရော။ အဲ့သည် အခြေခံအုတ်မြစ်က မြဲသွားလိုက်တာ အခုထိ ဆိုပါတော့။ တီတီတာတာမရှိ၊ ဖွဲ့ဖွဲ့နွဲ့နွဲ့မရှိ၊ ပွတ်သီးပွတ်သပ်မရှိ၊ သူက ကျွန်တော့်ကို ကိုကျော်ဆန်း တဲ့။ ကျွန်တော်ကလည်း သူ့ကို ခင်သော်ဇင် တဲ့။ အကိုတွေ မောင်တွေမရှိ၊ အသည်းတွေ အသက်တွေ ချစ်လေး၊ သည်းလေးတွေမရှိ။
ဤသို့ဖြင့် အဖေကြီးဦးလှဖေနှင့် သူ့မိသားစု တိုင်ပင်ပြီး လာမည့် တပို့တွဲလမှာ ကျွန်တော်တို့ ထိမ်းမြားမင်္ဂလာ ဆင်ယင်ကြဖို့ ဆုံးဖြတ်ပြီး ကျွန်တော်နှင့် တိုင်ပင်ကာ မည်သို့ မည်ပုံ ဆောင်ရွက်ကြမလဲ ဆိုတာ တိုင်ပင်ဖြစ်တော့သည်။ မင်္ဂလာရက်ကတော့ ၁၉၈၃ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်၊ ၁၃၄၄ခုနှစ် တပို့တွဲလဆန်း ၁၂ရက်၊ ကြာသပတေးနေ့တဲ့။ သတို့သမီးဘက်လည်း ကျေနပ်စေ၊ ကျွန်တော့်မိဘများလည်း အဆင်ပြေစေမယ့် မင်္ဂလာပွဲလေး ဘယ်လိုကျင်းပရမလဲဆိုတာ အကြံပေးကြပါဦး မိတ်ဆွေတို့။
ဆူးငှက်
