ဇူလိုင် ၁၀ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ တောင်ကုတ်မြို့နယ်နဲ့ ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့မှ စတင်ကာ ဒီကနေ့အချိန်အထိ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြစ်ရေ၊ ချောင်းရေတွေ လျှံတက်လာပြီး မြေနိမ့်ပိုင်းနေရာတွေနဲ့ ရေစီးရေလာ မကောင်းတဲ့ ကျေးရွာတချို့မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်လျက်ရှိကာ ရေစီးသန်မှုကြောင့် ဇူလိုင် ၇ ရက်ကနေ ၉ ရက်အထိ ရေစီးနဲ့မျောပါ သေဆုံးသူ သုံးယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။
“ရေကြီးနေတာက ကျေးရွာအနေနဲ့ဆို ရခိုင်မှာ ရွာပေါင်း ၈၀ လောက်ရှိမယ်။ ဒေသခံ သောင်းနဲ့ချီ ရေဘေးသင့်နေတာပါ။ လူသေတာက ဘူးသီးတောင်ဘက်မှာ အမျိုးသမီးတယောက် ရှိမယ်။ ဇူလိုင် ၉ ရက်နေ့က ဖြစ်တာ။ တောင်ကျချောင်းရေထဲ မျောပါသွားတာပါ။ ကျောက်တော်မှာတော့ Grade – 12 ကျောင်းသား တယောက်၊ ဇူလိုင် ၈ ရက်နေ့က သေတာရှိတယ်။ ပုဏ္ဏားကျွန်းဘက်မှာလည်း ဇူလိုင် ၇ ရက်နေ့က စစ်ရှောင်အမျိုးသားတယောက် သေတယ်။ မြောက်ဦးဘက်မှာဆို ရေကြီးတာကြောင့်ရော၊ တောင်မြေပြိုကျတာကြောင့်ရော ထိခိုက်ပျက်စီးသွားတဲ့ အိမ်တွေရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းရှိ လေးမြို့မြစ်၊ ကုလားတန်မြစ်၊ မေယုမြစ်နဲ့ နတ်မြစ်ကြောင်းတလျှောက် ရေမြင့်တက်လျက်ရှိသလို ကျောက်တော်မြို့နယ်က သရီချောင်း၊ မင်းပြားမြို့နယ်က ပန်းမြောင်းကြီးချောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်က တောဖျားချောင်း၊ ကျောက်တော်မြို့နယ်က ပန်းဖဲချောင်းနဲ့ ပီချောင်းတို့မှာလည်း ရေမြင့်တက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။
“ကျောက်တော်မှာဆိုရင် ချောင်းဘေး တလျှောက်ကရွာတွေ ရွာလုံးကျွတ် ဘေးကင်းရာကို ရွှေ့ရတာမျိုးရှိတယ်။ မိုးရွာတာကလည်း ခုထိ မရပ်သေးဘူး။ မြစ်ရေ၊ ချောင်းရေတွေကလည်း တက်အား ကောင်းနေသေးတဲ့အခါကျတော့ မြစ်ကြောင်းတွေတလျှောက်နဲ့ မြစ်လက်တက်၊ ချောင်းလက်တက်တွေမှာ ရေအဆမတန်ကြီးနေတယ်။ ဒီရခိုင်ဘက်မှာက သိတဲ့အတိုင်း အများစုက မြစ်ဘေး၊ ချောင်းဘေးတွေ နေနေကြတာဆိုတော့ ရေဘေးသင့်တာက ရွာတွေအားလုံးလိုလိုပဲလို့ ပြောလို့ရတယ်။ ရေစီးနဲ့ မျောပါသွားတဲ့အိမ်တွေ၊ ရေနစ်မြုပ် ပျက်စီးသွားတဲ့ အိမ်တွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နှစ်စဉ်နှစ်တိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေ မြင့်တက်မှုတို့ကြောင့် ရေကြီးရေလျှံတွေ ဖြစ်ပွားလေ့ရှိပေမယ့်လည်း အခု ၂၀၂၆ ခုနှစ်၊ မိုးရွာသီကာလ ရေကြီးမှုကတော့ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွာဆုံး စံချိန်တင် ရေကြီးမှုဖြစ်ပြီး အမြင့်ဆုံး အန္တရာယ်အဆင့်ဖြစ်တဲ့ “ခရမ်းရောင်အဆင့်” နဲ့ “အနီရောင်အဆင့်” ကို ရောက်ရှိနေတယ်လို့ ဥရောပသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှုခန့်မှန်းစနစ် (GloFAS) နဲ့ ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှုသတိပေးရေးအဖွဲ့တို့က သတိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူ ခုနစ်သောင်းကျော်ရှိနေပြီး မိုးဆက်လက် ရွာသွန်းနေတာကြောင့် ရေဘေးသင့်ဦးရေ နှစ်သိန်းနီးပါးအထိ ရှိလာနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းထားပြီး AA ရဲ့ လူသားချင်း စာနာထောက်ပံ့ရေးရုံး (HDCO) ရဲ့ မနေ့ ဇူလိုင် ၉ ရက်၊ ထုတ်ပြန်ချက်အရ လက်ရှိ ရေကြီးမှုအတွင်း လမ်းတံတားတချို့ ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှစတင်ကာ ရေကြီးမှုတွေ ဆိုးရွားစွာ ကြုံတွေ့နေရပြီး မောင်ရွာ၊ အထက်ဗုဒ္ဓဂါမ၊ အောက်ဗုဒ္ဓဂါမ၊ အလယ်ဒိန်ကင်း၊ နန်းမနူး အစရှိတဲ့ ကျေးရွာတွေမှာ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ရေကြီးမှုကြောင့် လူနေအိမ်၊ တဲတွေနဲ့ စပါးခင်း အများအပြား ရေနစ်မြုပ် ပျက်စီးမှုတွေအပြင် မြေပြိုကျမှုတွေလည်း ရှိနေပြီး သွားလာရေး အခက်အခဲကြောင့် စားနပ်ရိက္ခာအတွက်ပါ အရေးပေါ်အကူအညီတွေ အမြန်ဆုံး လိုအပ်နေတယ်လို့ သိရပါတယ်။
HDCO ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ် (တောင်ပိုင်း) က ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ် ခုနစ်မြို့နယ်မှာ ရေကြီးရေလျှံမှု ပိုမို ဆိုးရွားလာနိုင်ခြေ ရှိနေတဲ့အတွက် “တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လာတဲ့ အခြေအနေ” အဖြစ် သတ်မှတ်ကာ ရေဘေးတုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့အတူ ရေဘေးတုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းတွေကို အလေးထား ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်သလို အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့လည်း လက်ရှိအခြေအနေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပြီး လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ HDCO က တိုက်တွန်းထားပါတယ်။
ရေဘေးရင်ဆိုင်နေရတဲ့ မြို့နယ်တွေက ပြည်သူတွေအနေနဲ့လည်း လက်ရှိ ဖြစ်ပွားနေတဲ့ ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ မြွေ၊ ကင်း အစရှိတဲ့ အဆိပ်ရှိ သတ္တဝါတွေရဲ့ အန္တရာယ်တွေကို အထူးသတိပြု နေထိုင်ကြဖို့နဲ့ ရေဘေးအန္တရာယ်ကြောင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေကို လျော့ချနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ကိုလည်း HDOC က နှိုးဆော်ထားပါတယ်။
Photo – CJ
