ဇူလိုင် ၂၀ – ၂၀၂၆
SN (VOM)
နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် တာဝန်ရှိသူတွေအားလုံး တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ ညှိနှိုင်းတိုင်ပင်ဖို့လိုပြီး လက်ရှိအချိန်မှာ ငြိမ်းချမ်းရေး အသက်ပြန်ဝင်လာဖို့ ဆိုတာထက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့က ပိုအရေးကြီးတယ်လို့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
နေပြည်တော်ရှိ M Gallery Hotel မှာ ဒီကနေ့ ဇူလိုင် ၂၀ ရက်၊ မနက်ပိုင်းက ကျင်းပတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ( NCA-S EAOs) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲနဲ့ ပတ်သက်လို့ VOM သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဒေါ်စောမြရာဇာလင်းက ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ အခမ်းအနားမှာ အဓိကအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ အခြေခံဥပဒေ ဖွဲ့စည်းအုပ်ချုပ်ပုံပိုင်းနဲ့ ပတ်သက်လို့ အတုယူစရာတွေကို ဆွေးနွေးခဲ့ပြီး နိုင်ငံ တနိုင်ငံကို တည်ဆောက်ရာမှာ ဖွဲ့စည်းအုပ်ချုပ်ပုံသည်သာလျှင် အဓိကကျခြင်း မဟုတ်ဘဲ တည်ငြိမ် အေးချမ်းရေးအတွက်ပါ ဆောင်ရွက်ရမှာဖြစ်တယ် ဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပြီး အဲဒီ အခမ်းအနားကို အိန္ဒိယက ပညာရှင် လေးယောက်လည်း တက်ရောက်ခဲ့တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“အိန္ဒိယနိုင်ငံမှာ အရင်လည်း လေ့လာခဲ့ဖူးတယ်။ မဟာရာဇာပေါင်း ၅၆၀ ရှိတယ်။ အဲဒီထဲကမှ မဟာရာဇာတွေကို စိတ်နေသဘောထား ပျော့ပြောင်းလာအောင်၊ အိန္ဒိယ ဆိုတဲ့ နိုင်ငံကြီးတခု ဖြစ်လာအောင် ကြိုးစားခဲ့ရတာလည်း အင်မတန်မှ အတုယူစရာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံမှာဆို State က ခုနစ်ခုပဲရှိတယ်။ လုပ်မယ်ဆိုရင် အရမ်း ပွင့်လင်းမြင်သာဖို့လိုတယ်၊ စေတနာသန့်ဖို့ လိုတယ်၊ စိတ်ကောင်း၊ စေတနာကောင်းနဲ့ ဆွေးနွေးကြဖို့လိုတယ် ဆိုတဲ့ အသိတရားတွေလည်း အများကြီး ရရှိတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံတနိုင်ငံ တည်ငြိမ်၊ အေးချမ်းဖို့ဆိုတာဟာ တဦးတယောက်ချင်းအပေါ်မှာ မူတည်တာမဟုတ်ဘဲ နိုင်ငံအပေါ်ထားတဲ့ စိတ်နေသဘောထားတွေ၊ လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ လွတ်လပ်မှုနဲ့ ပါတီနိုင်ငံရေး လွတ်လပ်မှုအပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲရတဲ့အခါမှာလည်းပဲ ပွင့်လင်းမြင်သာစွာနဲ့ ဆွေးနွေးကြတာတွေ အားလုံး ပါဝင်တာဖြစ်ပြီး ဒါဟာ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးလို့ ပြောကြတယ်။ အဲဒီလို ငြိမ်းချမ်းရေးလို့ ပြောတဲ့လူတွေကို လက်နက်ကိုင်ဆောင်ရေးအပေါ်မှာ စိတ်အားထက်သန်တဲ့သူတွေက ဆဲကြတယ်။ လွတ်လပ်မှုနဲ့ တဦးချင်းရဲ့ ခံစားချက်ကို နားမလည်ကြတာလည်း ကျွန်မတို့ မြန်မာနိုင်ငံမှာ အများကြီး ရှိတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးအပေါ်မှာ လေးလေးနက်နက် နားမလည်လို့။ ဒါကြောင့် အဲဒီလိုမျိုးတွေ ပြောကြတာဆိုတော့ ဒီနိုင်ငံမှာလည်းပဲ ပွင့်လင်းတဲ့ နိုင်ငံရေးရပ်ဝန်း ဖြစ်ဖို့က အများကြီး အရေးကြီးတယ်ဆိုတာကို ပြောချင်တယ်” လို့ သူက ပြောပါတယ်။
နိုင်ငံရှိ လူတိုင်းဟာ နိုင်ငံရေးကို လေ့လာနိုင်တဲ့ အရည်အချင်း ရှိရမှာဖြစ်ကာ အိန္ဒိယနိုင်ငံမှာဆိုပါက ဆန္ဒမဲ ပေးတာတွေကအစ တဦးချင်းရဲ့ ဆန္ဒအပေါ်မှာ မူတည်တာကို တွေ့ရပြီး ဒါတွေဟာလည်း ဒီမိုကရေစီ ခိုင်မြဲဖို့အတွက် အလားအလာ အရမ်းကောင်းတဲ့ အနေအထားတွေဖြစ်တယ် ဆိုတာကို သင်ယူ မှတ်သားရတယ်လို့ သူက ပြောပါတယ်။
“အိန္ဒိယနိုင်ငံမှာဆို လူမျိုးပေါင်း အများကြီးရှိတယ်။ အုပ်စု ကြီး/ငယ် အမျိုးမျိုးက ကိုယ့်ဘာသာစကားနဲ့ကိုယ် ပြောနေကြတာရှိတယ်။ ဒါပေမယ့် ဘာသာစကား လွတ်လပ်မှုတွေ ရှိတယ်၊ အရမ်းများတယ်။ အဲဒီလို လွတ်လပ်တယ်ဆိုတဲ့အခါမှာ လူတွေက ခွဲထွက်ဖို့ မစဉ်းစားကြတော့ဘူး။ မခွဲထွက်ရအောင်လည်း ဥပဒေအရ ကာကွယ်ပေးထားသလို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကလည်း အကာအကွယ် ပေးထားတာကို တွေ့ရတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် နိုင်ငံတနိုင်ငံအတွက် ဖွဲ့စည်းပုံသည်သာလျှင် အရေးကြီးတာ မဟုတ်ဘဲ ဖွဲ့စည်းပုံကို ရေးဆွဲရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍ၊ အရေးကြုံလာတဲ့အခါ တဦးနဲ့တဦး ညှိနှိုင်းတိုင်ပင်မှုတွေဟာလည်း အရေးကြီးတယ်လို့ သူက ပြောပါတယ်။
“ဖွဲ့စည်းပုံမှာ ပါနေမှမဟုတ်ဘူး။ ပြည်မနဲ့ ပြည်နယ်ကြားမှာ ပဋိပက္ခတွေ ဖြစ်လာပြီဆိုရင်လည်း ဖွဲ့စည်းပုံနဲ့ ကိုင်ပေါက်တဲ့ပုံစံမျိုး မဟုတ်ဘဲ ညှိနှိုင်းပြီးတော့မှ အဖြေရှာကြတာတွေဟာ အင်မတန် ချစ်ရာကောင်းတဲ့ အစဉ်အလာတခု ဖြစ်တယ်ဆိုတာကို လေ့လာ သိရှိရတယ်။ အိန္ဒိယနိုင်ငံကို တည်ဆောက်ကြတဲ့ သူတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အဓိကကျတယ် ဆိုတာတင်မဟုတ်ဘဲ တည်ငြိမ် အေးချမ်းရေးအတွက် တာဝန်ရှိတဲ့သူတွေက ညှိနှိုင်းတိုင်ပင်ပြီးတော့မှ နိုင်ငံ တည်ဆောက်ကြတာဖြစ်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် အဲဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းကလည်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာမှာ ၎င်းတို့အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ရည်မှန်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် ဆွေးနွေးမယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနဲ့ အခု ဇူလိုင်လအတွင်းမှာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး NSPNC ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်ချက်တွေဟာ ထင်ထားတာထက် ပိုမိုဆောင်ရွက်နိုင်တာကို တွေ့ရှိရပြီး 7 EA နဲ့ စုပေါင်းတွေ့ဆုံ ဆွေးနွေးနိုင်ခြင်း၊ 7 EA အဖွဲ့ဝင် အဖွဲ့အစည်းတွေနဲ့ တဖွဲ့ချင်းအလိုက် Bilateral တွေ့ဆုံ ဆွေးနွေးခြင်း၊ တခြား EAOs တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခြင်းတို့ဟာ ဆွေးနွေးခြင်းလုပ်ငန်းစဉ် တိုးတက်မှုကို ပြသရာရောက်ကာ တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းကို အလေးထားခြင်း ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
“ဒီနေ့ ဆွေးနွေးပွဲမှာ 7 EA ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ရှိ အခြေအနေနဲ့အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့ကို ရည်မှန်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်သွားမှာ ဖြစ်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နှစ်ဖက်ရဲ့ သဘောထားအမြင်တွေ၊ အဆိုပြုချက်တွေကို ဒီကနေ့ ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး စုစည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ရလဒ်ကောင်းတွေကို နှစ်ဖက်ခေါင်းဆောင်တွေက ဆောင်ကြဉ်းပေးနိုင်လိမ့်မယ် ဆိုတာကို ယုံကြည်တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲဟာ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က စတင်ချုပ်ဆိုခဲ့တဲ့ သမိုင်းဝင်စာချုပ်ဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးအပြီး ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။
Photo – 7 EAO Alliance
#voiceofmyanmar #VOM #NSPNC #NCA #EAOs #ငြိမ်းချမ်းရေး #လုပ်ငန်းစဉ်ဆိုင်ရာ #ပြန်လည်သုံးသပ်ခြင်း #ဆွေးနွေးပွဲ
