သူတို့အိမ် အခန်း (၂၀၀)

ဆူးငှက်
အိမ်ငှား တစ်နှစ် ပြည့်တော့မည်
———————————-
ကိုင်း.. မိတ်ကောင်း ဆွေကောင်းများနှင့် သွားလိုက် လာလိုက၊် စားလိုက် သောက်လိုက်၊ သီလိုက် ဆိုလိုက်နှင့် ကျီးဖိုနှင့် ကျီမလို သူတထူး အပေးအကမ်းကြောင့် မနက်စာဖူလုံလိုက် ညစာဖူလုံလိုက်နှင့် ရဲသိပ္ပံ တိုက်ခန်းလေးမှာ အငှားနေတာ ၈လပြည့်လုပြီ။ နောက် ၄လပဲ ကျန်တော့သည်။ ထိုအကြောင်း တွေးမိတိုင်း အပျော်မှန်သမျှ ထိုအန် ဖိတ်စင်ကာ လူလည်း ငိုင်ကျသွားတော့၏။ ထိုသို့ ခံစားနေရစဉ် တစ်မနက်တွင် ကိုအောင်မင်း (ကိုမောင်မောင်မြင့်) တစ်ယောက်တည်း သူ့ကားကို ကိုယ်တိုင်မောင်းပြီး တိုက်ခန်းလေးရှေ့ ရောက်လာသည်။ သူက ကားပေါ်ကဆင်းပြီး အမေ့ကိုနှုတ်ဆက် ခင်သော်ဇင့်ကို ရယ်စရာများနှင့် စ ပြောင်ကာ ကျွန်တော့်ကို သူနှင့် လိုက်ခဲ့ဖို့ခေါ်သည်။ သူလည်း အရှေ့မြောက်က ပြန်လာပြီး ကင်မရာပြန်ကိုင်ကာ လက်သွေးနေသောကြောင့် အမရပူရဘက်က ရွှေကြက်ယက် စံရွေးဆိပ်ကမ်း၊ တောင်သမန်နှင့် ဗားကရာကျောင်းတိုက်များဆီ ဓာတ်ပုံရိုက်သွားမည်တဲ့။ ကျွန်တော်က သူ့ကားပေါ်ထိုင်လိုက်ရင်း စကားပြောဖြစ်ကြတော့ သူက “မင်းလည်း ဒီတိုက်ခန်းငှားနေတာ ၆လလောက်ရှိပြီနော်” ဟု စကားစပ်သည်။
ကျွန်တော်က “ဟာ.. ကိုအောင်မင်းကလည်း ၆လ မကဘူးလေ၊ ၈လ ပြည့်လုပြီဗျ၊ နောက်၄လဆိုရင် ငှားထားတာ ပြည့်ပြီ။ ကျွန်တော်လည်း အခု အဲ့ဒီအတွက် ခေါင်းပူနေတာ၊ ဘယ်လိုစီစဉ်ရမလဲဆိုတာ ဦးနှောက်ခြောက် နေတာဗျ” ဟု စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်သည်။ ကိုအောင်မင်းက ကားမောင်းရင်း “အခု အခန်းငှားခက တစ်လ ၃သောင်းလား” ဟုမေးတော့ “ဟုတ်တယ်ဗျ၊ တစ်နှစ်စာကို တစ်ခါတည်း မပေးနိုင်လို့ ၆လ တစ်ရစ်စီ ပေးရတာ” ဟု ဖြေလိုက်သည်။ ထိုအခါ ကိုအောင်မင်းက “ကဲပါ၊ ရှေ့တစ်နှစ်စာအတွက် ငါတာဝန်ယူလိုက်ပါ့မယ်၊ ဘာမှ ပူမနေပါနဲ့ကွာ” တဲ့။ တကယ်တော့ ဝမ်းသာစရာကောင်းလှသည့် စကားဖြစ်ပါ၏။ သို့သော် ကျွန်တော် ဝမ်းမသာနိုင်ပါ။ ထို့ကြောင့် ကျွန်တော်က ကိုအောင်မင်း ကို အချိန်မဆိုင်းဘဲ ပြန်လှန် ပြောလိုက်မိတော့သည်။ မတတ်နိုင်။

လှဂုဏ်ရည် ညီအစ်ကိုတွေထဲက တစ်ယောက်
——————————————————
ကိုအောင်မင်းက လှဂုဏ်ရည် ဦးကြီးဦးလှတင်နှင့် ဒေါ်ဒေါ်လုံးတို့၏ သားသမီး ၆ယောက်အနက် တတိယမြောက်ဖြစ်သည်။ ကိုကျော်ဝင်းနှင့် အထက်အောက် ဖြစ်သည်။ သူကလည်း ဓာတ်ပုံပိုင်းဆိုင်ရာတွင် ပုံကူးပိုင်း အတွက် အမှောင်ခန်းကို တာဝန်ယူခဲ့ရသူ ဖြစ်သည်။ အမှောင်ခန်းထဲက ထွက်ရသည်မရှိဘဲ သီချင်း တအေးအေးနှင့် ပုံကူးနေသူဖြစ်သည်။ သူက စာအလွန်ဖတ်သည်။ ဘုရားသုံးဆူ အရုဏ်ခံဇရပ်တစ်ဆောင်အတွင်း ဖွင့်လှစ်ထားသော မြဝတီစာကြည့်သင်း၏ အမှုဆောင်တစ်ဦးလည်း ဖြစ်သည်။ သူကအမှောင်ခန်းထဲချည်း ပုံတွေကူးပြီး ညနေရောက်လျှင် ညဈေးတန်းမှာ သူ့မိတ်ဆွေ စာသမားများ၏ စာအုပ်ဆိုင်မှာ ထိုင်တတ်သည်။ ထို့နောက် အလင်းဆိုင်တွေမှာ လက်ဖက်ရည် ကျကျ သောက်တတ်သည်။ အငြိမ့်စင်တွေရှေ့ ရောက်တတ်သည်။ စာအုပ်အကြောင်း အငြိမ့်အကြောင်း ပွဲလမ်းတွေ အကြောင်း တဖွဲ့တနွဲ့ပြောတတ်သည်။
သူက စိုင်ပြွန်ရိပ်သာဝင်းထဲရှိ ဦးကြီးချိုနှင့် ဒေါ်ဒေါ်အုန်းရင်တို့ထံ အမြဲရောက်လာတတ်သည်။ ဒေါ်ဒေါ်အုန်းရင်က သူ့အမေ ဒေါ်ဒေါ်လုံး၏ အစ်မရင်းဖြစ်ကာ သူ့အဒေါ်ရင်းဖြစ်သော်လည်း ဦးကြီးချိုကို ပိုခင်သည်။ ဦးကြီးချိုကလည်း အောင်မင်းကြီး အောင်မင်းကြီးဟု ပါးစပ်က မချတော့။ ဦးကြီးလှတင်နှင့် ဒေါ်ဒေါ်လုံးက စိုင်ပြွန်ဝင်းထဲ နေကြရာက ရေစက်ရုံကြီး အရှေ့ဘက် သို့ ပြောင်းရွှေ့ကာ ဓာတ်ပုံတိုက် ဖွင့်တော့ ကိုအောင်မင်းက ဦးကြီးချိုတို့အိမ်မှာပဲ နေရစ်သတဲ့။ နောက်မှ ရေစက်ရုံကြီးနားက ဓာတ်ပုံတိုက်ကို လိုက်သွားတာတဲ့။ ဦးကြီးချိုတို့ စိုင်ပြွန်ဝင်းထဲက ပြောင်းပြီး အထက်ဆင့်ဝင်းထဲက သူတို့အိမ်ရောက်သွားတော့ ထိုအိမ်မှာပဲ လိုက်နေသည်။ ကိုအောင်မင်းက စိုင်ပြွန်ဝင်းထဲမှာ အနေကြာကာ ဝင်းထဲက ကိုမောင်ထွေး၊ သူနှင့် ညီအစ်ကိုဝမ်းကွဲ ကိုမန်းမောင်၊ ကျွန်တော့် အစ်မ မမခင်ဝင်း၊ ဝင်းရှင် ဦးလေးသောင်၏သား ကိုကိုဦး(ကိုဇော်မျိုးဦး) တို့နှင့် ရွယ်တူတွေလို ဖြစ်သောကြောင့် ဝင်းထဲသို့ စက်ဘီးတစ်စီးနှင့် မကြာမကြာရောက်လာသည်။ အထူးသဖြင့် ဥပုသ်နေ့လိုမျိုး အဖိတ်နေ့ညနေမျိုး ဖြစ်သည်။ နောက်တော့ စနေနေ့ညနှင့် တနင်္ဂနွေနေ့တိုင်း ရောက်လာသည်။ ထိုစဉ်က မှတ်ပုံတင်နှင့် လိုင်စင်ဓာတ်ပုံဆိုလျှင် လှဂုဏ်ရည်မို့ ၈၁လမ်းနှင့် လမ်း၃၀ထိပ်က မှတ်ပုံတင်ရုံး ပိတ်သည့် တနင်္ဂနွေနေ့တွင် အလုပ်ပါးသောကြောင့် ကိုအောင်မင်းက စိုင်ပြွန်ဝင်းထဲ ရောက်လာခြင်း ဖြစ်သည်။
စနေညတိုင်း စက်ဘီးတစ်စီးနှင့် ရောက်လာသူ
————————————————
ကိုအောင်မင်းနှင့် ကျွန်တော်က အသက် ၁၀နှစ်ခန့် ကွာသော်လည်း နောက်တော့ ကျွန်တော် စာဖတ်ဝါသနာပါမှန်း သိသွား သောကြောင့် အနေနီးစပ်သွားသည်။ စာအုပ်တွေပေးဖတ်သည်။ စနေနေ့ညတိုင်း ကိုဌေးအောင် နှင့် ကျွန်တော့်ကို သူက လက်ဖက်ရည်တိုက်ပြီး စကားတွေ ပြောဖြစ်ကြသည်။ ဤသု့ိ နေခဲ့ကြရာမှ သူက အင်းစိန်တောရသို့ နှစ်ချီရောက်လိုက်၊ ထင်းရူးရနံ့သင်းသည့် အရှေ့မြောက်မှသည် ဆီးနှင်းခဲသည့် နေရာအထိ နှစ်များကြာရှည် ဝေးကွာ သွားပြီး သူချစ်သော မန္တလေးသို့ မိသားစုနှင့် ပြန်ရောက်လာတော့ စိုင်ပြွန်ဝင်းထဲမှာ အရင်ကလို ဆွေမျိုး သားချင်း တွေ တစ်စုတဝေး မရှိကြတော့။ ဦးကြီးဘထွန်းတို့က ပဲဝင်းဘက်ရောက်သွားသည်။ ကိုမောင်ထွေးတို့ မောင်နှမက ဥယျာဉ်တန်းမှာ၊ မမခင်လှတို့ မဘုတ်ဆုံတို့ ကိုကိုစိန်လှိုင်တို့က မြို့သစ်ကံသာယာမှာ၊ ကျွန်တော်က ဟေမာဇလမှာ နောက်တော့ ၆၆လမ်း ရဲသိပ္ပံတိုက်ခန်းမှာ ရောက်ရှိကြကာ လူစုကွဲသွားပြီ။ ထို့ပြင် သူ သံယောဇဉ် ကြီးလှသော ကိုဌေးအောင်ကလည်း ဆုံးပါးသွားပြီ။ ထု့ိပြင် သူ့သူငယ်ချင်း အရင်းကြီး ဖြစ်သော်လည်း ကျွန်တော်နှင့်ပါ ရင်းနှီးကာ သွားအတူလာအတူ အလုပ်အတူပင် လုပ်ဖြစ်သော ထားဝယ်ရပ်က ကိုသိန်းဆွေလည်း ဆုံးပြီ။
ထို့ကြောင့် ကိုအောင်မင်းက မန္တလေးပြန်ရောက်တော့ ကျွန်တော့်ဆီပဲ အများဆုံးရောက်လာသည်။ ထို့ကြောင့် ကျွန်တော့် အပေါင်းအသင်းများကလည်း သူ့အပေါင်းအသင်း ဖြစ်သွားသည်။ ဆရာဒေါက်တာစောလှခိုင်နှင့်ဆို မိသားစုပမာ ရင်းနှီး သွားသည်။ သူပြန်လာမှ ရင်းနှီးသွားသူများကတော့ သူ့ကို ကိုမောင်မောင်မြင့်ဟုပဲ သိကြသည်။ ထို့ကြောင့် သူက ရယ်စရာပြောတတ်သည်။ ငါ့ကို အောင်မင်းလို့ခေါ်ရင် ဆွေမျိုးတွေကွ၊ ကျော်မင်းလို့ ခေါ်ရင် ငယ်သူငယ်ချင်းနဲ့ အမှုတွဲတွေ၊ မောင်မောင်မြင့်လို့ခေါ်ရင် တောင်ပေါ်မိတ်ဆွေတွေ ရဲဘော်တွေနဲ့ ပြန်ရောက်မှ ရင်းနှီးသူတွေတဲ့။ သူက အပေါင်းအသင်း ဆန့်သည်။ စကားပြောကောင်းသည်။ နိမ့်ပါးသူကို ကူသည်။
လက်ဖက်ရည်ဆိုင် ဒကာများ
——————————–
ထိုစဉ်က ကျွန်တော်တို့ကြားမှာ ပြောတတ်လေ့ရှိသည့် စကားရှိသည်။ လက်ဖက်ရည်ဆိုင် ထိုင်ကြလို့ ကိုအောင်မင်း ပါလျှင် ကြိုက်တာမှာကြတော့၊ တစ်ဝိုင်းလုံး ကျသင့်သလောက် သူကရှင်းသည်။ တစ်ခါတရံ သူလည်းမပါဘဲ ကျွန်တော်တို့ချည်း လက်ဖက်ရည်ဆိုင်ရောက်ကြလျှင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အိမ်ကပဲ စားလာ သလိုလို ခံတွင်းပျက် နေသလိုလိုနှင့် လက်ဖက်ရည် တစ်ခွက်ပဲမှာကြ၏။ ထိုစဉ် ဆိုင်ရှေ့မှာ မတ်တူးကား တစ်စီး ဆိုက်လာပြီး ပိုက်ဆံအိတ်ကြီး ချိုင်းကြားညှပ်၍ ဦးမျိုးခင် ဆင်းလာတာ မြင်မှ အသီးသီးအသက အပြိုင်အဆိုင် မှာကြတော့သည်။ ကျွန်တော်က မုန့်ဟင်းခါး အစုံနော်၊ ကိုသိုက်ထွန်းသက်က မြီးရှည်တစ်ပွဲ၊ ကိုသန်းဦးက ဆီကျက်၊ ကိုနေဝင်းမြင့်က ပူဒီ၊ ကိုညိုထွန်းလူ အကဲဆုံး ထမင်းဆီဆမ်းတဲ့ ကြက်ဥကြော်တဲ့ အမဲကြော်ရှိရင်ချဦးတဲ့၊ ပြီးတော့ ဒူးယားတစ်ဗူးယူခဲ့တဲ့၊ ကိုညိုထွန်းလူက စားစရာတွေမှာရင်း ပြောသေးသည်၊ မနေ့ညကတည်းက ဘောလုံးပွဲ သွားကြည့်နေလို့ ညစာကို မစားခဲ့ရသေးတာ ဆိုပဲ။
ထိုသို့ မြိုင်မြိုင်ဆိုင်ဆိုင်မှာကြတာက ဦးမျိုးခင်ကလည်း လာသမျှလူ ကြိုက်သလောက်စား ကျသလောက် သူ့အိတ်ကြီးထဲက ထုတ်ရှင်းလို့ ဖြစ်သည်။ ဦးမျိုးခင်နှင့် ကိုအောင်မင်း (ကိုမောင်မောင်မြင့်) ဆုံလျှင်တော့ သူတို့၂ယောက် ကပင် ကျသင့်တာ လုရှင်းကြတော့၏။ ဦးမျိုးခင်ကလည်း မနက်မိုးလင်းမိုးချုပ် ဒီလူတွေနှင့်ပဲ နေသည်။ လက်ဖက်ရည်ဆိုင်ကနေ သူ့နေရာ ပိတောက်မင်းခြံထဲ တစ်ပြုံလုံး ရောက်သွားကြကာ ညသန်းခေါင်မှ ပြန်ကြသည်လေ။
ကိုအောင်မင်း (ကိုမောင်မောင်မြင့်) က မန္တလေးကို အလွန်ခံစားတတ်၏။ အသေးအမွှားကအစ မှတ်မိတတ် ခံစားလွန်း တတ်သည်။ သူ အင်းစိန်တောရမှာ ရောက်ခိုက် မန္တလေးချစ်သူတစ်ယောက် သင်္ကြန်နီးချိန် အဝေးတွင် တစ်ယောက်ထဲ ရောက်နေချိန် လွမ်းဆွတ်ခံစားမှုကို “မတိုင်မီ” အမည်ဖြင့် ဝတ္ထုတို တစ်ပုဒ်ကို ကျွန်တော်ရေးဖူးသည်။ ထိုစဉ်ကာလ စာပေစီစစ်ရေးကို ဖြတ်သန်းနိုင်ဖို့ သူတစ်ယောက်တည်း ရောက်နေသောနေရာကို ဘူတာရုံလေးလို့ပဲ နိမိတ်ပုံပြခဲ့သည်။ ထိုဘူတာရုံလေးထဲက မန္တလေးမှာ ကျန်ရစ်သည့် သားလေးထံ အလွမ်းစာရေးသည့် ပုံစံဖြစ်သည်။ အခုလည်း ကျွန်တော်နေသည့် ရဲသိပ္ပံတိုက်ခန်းသို့ သူ့ကားနှင့် မနက်စောစော ရောက်လာတာက ဓာတ်ပုံရိုက်သွားဖို့ ဖြစ်သည်။ သူအဓိက သွားချင်သည့်နေရာက ရွှေကြက်ယက်ဘုရားနားက စံရွေးဆိပ်ကမ်း ဖြစ်သည်။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW