စစ်ကိုင်းတိုင်းမှာ ၂ပတ်အတွင်း လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ၁၅ ယောက် သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရ

စက်တင်ဘာ ၁၆ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း ကျရောက်မှုတွေကြောင့် ၁၅ ယောက် သေဆုံးကာ ၂၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၅ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပုလဲမြို့နယ်၊ ကံပေါက်ကျေးရွာ (အရှေ့ဘက်) မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သုံးယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“သေဆုံး သုံးယောက်က ပွဲချင်းပြီးဖြစ်သွားတာ။ မနေ့ကပဲ နေ့ချင်းပြီး သင်္ဂြိုဟ်ပြီးပါပြီ။ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း တယောက်က ပြင်းထန်အဆင့်ဖြစ်တယ်။ အခြေအနေ စောင့်ကြည့်နေရတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လေယာဉ် နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ခဲ့တာလို့ သိရပြီး အဲဒီ ကံပေါက်ကျေးရွာဟာ ပုလဲမြို့နဲ့ ၅ မိုင်ခန့်အကွာမှာ တည်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းနံဘေးက ကျောက်လုံးကြီးကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး လေးယောက် သေဆုံးကာ ၁၅ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့သလို ယင်းမာပင်မြို့နယ်မှာလည်း ဒရုန်းကျရောက်မှုကြောင့် နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ စက်တင်ဘာ ၇ ရက်နေ့ကလည်း ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ခုနစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
စက်တင်ဘာ ၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ကံပေါက်ကျေးရွာမှာ ဒရုန်းကျရောက်မှုကြောင့် တယောက် သေဆုံးခဲ့သလို နေအိမ် ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရေး လှုပ်ရှားမှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို ဆက်လက် တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အခု စက်တင်ဘာ ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်းက ဒေသတချို့မှာ နေ့အပူချိန်တွေ မြင့်တက်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ ရာသီဥတု ပူပြင်းမှုဒဏ်ကိုပါ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

VOM News

FREE
VIEW