မန္တလေး၊ စက်တင်ဘာ- ၁၆- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁ (A)လမ်း၊ ၆၈(A)လမ်းနဲ့ ၆၈(B) လမ်းကြားက နေအိမ်တခုမှာ မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ဓားဒဏ်ရာတွေနဲ့ အမျိုးသားနဲ့ အမျိုးသမီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတယ်ဆိုတဲ့ သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ နေအိမ်အတွင်းက အိမ်ခန်းအတွင်း ကုတင်ပေါ်မှာ အသက်(၅၉)နှစ်ဝန်ကျင်ရှိ အမျိုးသား(၁)ဦး၊ ဓားဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးလျက်ရှိပြီး၊ အိမ်ပေါ်တက်တဲ့ လှေကားအောက်ခြေမှာ အသက်(၆၃)နှစ်ခန့်ရှိတဲ့အမျိုးသမီး(၁)ဦး မှောက်လျက်အနေအထား ဓားဒါဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
” ဓားဒဏ်ရာတွေနဲ့ သေဆုံးတဲ့ အမျိုးသားနဲ့ အမျိုးသမီးက ရပ်ကွက်ထဲမှာ ငွေတိုးပေးတယ်လို့ သိရတယ်၊ သေတဲ့ အမျိုးသားကလည်း လေဖြတ်နေတယ်လို့သိရပါတယ်” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မှူခင်းရဲတပ်ဖွဲ့စုမှူးရုံးက အခင်း ဖြစ်ရပ်ကို အသေးစိတ် စစ်ဆေးခဲ့ပြီး အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်ကလည်း မန္တလေးမြို့က ရွှေတချောင်းမြောင်းထဲမှာ ဦးခေါင်းပြင်းထန်ဒဏ်ရာတခုနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကလည်း မန္တလေး ကန်တော်ကြီးရေစပ်အနီးမှာ လူလတ်ပိုင်းအရွယ်တယောက် ပီနံအိတ်နဲ့ထုပ်ပြီး လာပစ်ခံထားရတဲ့ ဖြစ်စဥ်တခုလည်းရှိခဲ့ပါတယ်။
