သူတို့အိမ် အခန်း (၂၂၆)

ဆူးငှက်

 

 

မီးစာကုန် ဆီခမ်းစ အမေ
—————————–
အိမ်ရောက်တော့ အမေ့အခြေအနေက မထူးခြား။ သတိတွေ ပိုမေ့လာသည်။ အစားအသောက်ကတော့ မပျက်လှ။ ထမင်းစားပြီးသားကိုပင် ငါ့ကို အငတ်ထားကြတာလား၊ ဘာမှမကျွေးကြဘူးဟု ဂျီကျတတ်သည်။ များသောအားဖြင့် ညကြီးသန်ခေါင်မှာပင် နေ့လယ်နေ့ခင်းမှတ်ပြီး တစ်အိမ်လုံး အသံမကြားရသည်ကို သူ့ကို ထားပစ် ခဲ့ကြတာလားဟု တကြော်ကြော် အော်နေသည်။ ထိုအခါ ကျွန်တော်က အမေ့အိပ်ရာဆီသွားကာ ချော့မော့ရသည်။ သူ့မြေးတွေ အသံမကြးလို့မေးတာဟု ပြောလျှင် အမေ ဒါက ညကြီးလေ၊ အမေ့မြေးတွေက အိပ်နေကြပြီ၊ အမေလည်း အိပ်တော့ဟု ချော့မော့ပြောရ၏။ သူက သူ့အနားမှာ တစ်ယောက်လောက်ရှိနေပြီး စကားတွေ ပြောနေစေချင်တာပေါ့။ နေ့လယ်နေ့ခင်းမှာပင် သူ့အနား အချိန်ပေး၍ မကပ်နိုင်သောအခါ ညအချိန် လူခြေတတ်တော့ သူ အိပ်မပျော်နိုင်တော့ဘဲ ပြောမိပြောရာ တွေ ပြောတာပေါ့။ အထူးသဖြင့် ကျွန်တော့်အသံမကြးရရင်း ကျွန်တော်က သူ့အနားမကပ်ရင် တဂျီဂျီ လုပ်နေတော့သည်။ ကျွန်တော် ရန်ကုန်ကို ၃ရက်လောက်သွားတော့ တမေးတည်းမေးနေတာတဲ့။ အိမ်ရှေ့မှာရှိပါတယ်။ အလုပ်သွားပါတယ်ဟုပဲ ညာထားကြသတဲ့။

 

 

ထိုနှစ် သားအငယ်က ၉တန်းရောက်သောကြောင့် VEC က ဆရာမကြီး ဒေါ်ဝင်းဝင်းမေနှင့် ဆရာဦးလှပိုင်တို့က ၁၀တန်းမှာ အခြေခံရအောင် အဆောင်မှာပဲ နေဖို့ တာဝန်ယူကာ စီစဉ်ပေး၏။ ထို့ကြောင့် သားငယ်ကို အဆောင်ပို့လိုက်သည်။ ထိုညက အမေ တစ်ညလုံး မအိပ်တော့။ သူမသိအောင် ပို့ပေမယ့် သူက အကင်းပါးသည်။ သူ့မြေးလေးကို တစ်ညလုံး တတွတ်တွတ် မေးနေသည်။ ကျွန်တော်က အမေ့မြေး အိပ်နေတာဟု ပြောတော့ ငါ့ကို မညာကြနဲ့ဟု ဆိုကာ ငိုပြန်သည်။ သည်လိုဖြင့် ခက်ပြီ။ နောက်ရက်တွေ ဘယ်လို ဖြေရှင်းရပါ့မလဲလေ။ မတတ်နိုင်တော့၊ မနက်လင်းတာနှင့် ၁၉လမ်း ကြိုင်သင်းရှေ့က PCO ဖုန်းဆိုင်ပြေးပြီး ဆရာဦးလှပိုင်ကို အကျိုးအကြောင်းပြောကာ သားငယ်ကိူ အဆောင်က ပြန်ခေါ်လိုက်ရသည်။ အမေက သူအမြဲတမ်း တတွတ်တွတ်မေးတတ်တာက သူ့မြေးတွေနှင့် သူ့ပိုက်ဆံအိတ်ပဲ ဖြစ်သည်။ သူ့မြေးတွေ အသံမကြားလျှင် မေးသည်။ သူ့ပိုက်ဆံအိတ်လေး အိပ်ရာထဲမှာ ရှာမတွေ့တော့လျှင် ညကြီးသန်ခေါင်ပေမယ့် အော်ကြီးဟစ်ကျယ် မေးကာ ဆူညံနေတော့သည်။

 

 

 

အမေ့ ပိုက်ဆံအိတ်လေး
—————————
ပိုက်ဆံအိတ်ဆိုလို့ ကြီးကြီးမားမားမဟုတ်၊ မမခင်ဝင်း အပျိုတုန်းက ကိုင်သည့် အနီရောင် ယုန်မွေး သားရေတုအိတ် အဟောင်းလေးက ကြွက်ကိုက်သွားလို့ ပစ်ထားတာကြာပြီ။ ဒါကို အဘ ရှိစဉ်က ဖြတ်တောက်ပြီး လက်တစ်ဝါးသာသာ အိတ်လေး ပြန်ချုပ်သည်။ အဖုံးလေးကိုပင် ထည့်ကာ နှိပ်စေ့လေး တပ်ထားသည်။ တကယ်တော့ ထိုအိတ်လေးကို အဘချုပ်စဉ်က အိမ်မှာ ကျန်ကောင်းကျန်ရာ ကျန်သော ရွှေထည်ပစ္စည်းလေးတွေ ဖြစ်သည့် မောင်နှံခုနစ်ဖော် လက်ကောက်လေး၊ အမေ့ စိုက်ဘီးလေး၊ ဆွဲကြိုးလေးတွေ ထည့်ပြီး အဘက သူ့သံသေတ္တာထဲ အောက်ဆုံးမှာ ထားသည်။ နောက်တော့ အထဲ ရွှေထည်လေးတွေ ထုတ်ထုတ်ရောင်းရလို့ အိတ်ခွံလေးပဲ ကျန်သောအခါ အမေက သူ့ပိုက်ဆံလေးတွေ ထိုအိတ်လေးထဲ ထည့်ပြီး ခေါင်းအုံးအောက်မှာ ဖျာအောက်မှာ ဖွက်ထားတတ်သည်။

 

 

ပိုက်ဆံအိတ်ဆိုလို့ များများစားစား မဟုတ်ပေ၊ မမခင်ရီက လှမ်းပို့ပေးသည့် ၂၀၀၊ ၃၀၀ မျိုးက အများဆုံး ဖြစ်သည်။ တစ်ခါတရံ အိမ်လာလည်သော မြေးတွေက အမေကြီး ကန်တော့တာ ဟူသည့် ငွေစကြေးစလေးတွေပဲ ဖြစ်သည်။ အမေက ထိုပိုက်ဆံအိတ်လေးကို ဖွက်ထားပြီး အိမ်က သူ့မြေး၂ယောက် ကျောင်းသွားခါနီးလျှင် တိုးတိုးတိတ်တိတ် ခေါ်ပြီး လက်သိပ်ထိုးပေးသည်။ တစ်ခါတရံ သူ့မြေးတွေက အမေ့နား ကပ်ပြီး ပိုက်ဆံတောင်းချင်တောင်းတတ်သည်။ ထိုအခါ ကျွန်တော်ကြားအောင် “ငါ့မှာ တစ်ပြားမှ မရှိပါဘူးတော်၊ ငါ့မှာ ဘာအလုပ်ရှိလို့ ပိုက်ဆံရှိရမှာလဲ၊ ငါ့က မရှာနိုင်မဖွေနိုင်တော့ ပစ်ထားကြတာ၊ မပေးနိုင်မကမ်းနိုင်တော့ ငါ့အနား ဘယ်သူမှ မကပ်ကြပါဘူးတော်” ဟု ပြောရင်း ၅ကျပ်မျိုး ၁၀မျိုး သူ့မြေးတွေ လက်ထဲ ထည့်ပြီးပါပြီ။

 

 

ထိုပိုက်ဆံအိတ်လေးထဲများ ပိုက်ဆံ လက်ကျန်မရှိတော့ရင် အမေနေမကောင်းတော့။ ပိုက်ဆံအိတ်လေးကို သတိရပြီး ညကြီးသန်ခေါင် ထရှာလို့ အထားမှားပြီး မတွေ့လျှင် ကျွန်တော်လည်း မအိပ်ရတော့။ သူ့ တစ်အိပ်ရာလုံး လှန်လှော ရှာရတော့သည်။ အခု ကျွန်တော် ရန်ကုန်က ပြန်လာတော့ အမေက ပိုပြီး သတိလက်လွတ်ဖြစ်နေပါပြီ။ သူ့ဝေယျာဝစ္စတွေကိုလည်း ကျွန်တော်ကလွဲ၍ ဘယ်သူမှ မလုပ်စေချင်တော့။ အခြားသူလုပ်လျှင် ကျွန်တော်က ပစ်ထားတာဟုပဲ ဂျီကျနေသည်။ ထို့ကြောင့် အမေစိတ်ချမ်းသာအောင် ကျွန်တော်ကပဲ အိပ်ရာရှင်းတာကအစ၊ ဆေးတိုက်တာ ထမင်းကျွေးတာ၊ အပေါ့အပါး အလေးအပင်သွားတာ၊ ရေချိုးသန့်စင်ပေးတာ လုပ်ပေးသည်။ ထိုအခါ အမေက ပျော်နေပြီး နေကောင်းနေသည်။ ခင်သော်ဇင်က ခင်ဗျားမရှိတာနဲ့ အမေကြီးက နေမကောင်းတော့တာဟု ပြောသည်။

 

 

ထိုစဉ်က ကျွန်တော်သည် မနက်လင်းတိုင်း စက်ဘီးလေးနှင့် နန်းဦးလွင်ရှိ မိသားစု လက်ဖက်ရည်ဆိုင်လေးသို့ ရောက်ဖြစ်နေပါသည်။ ထိုဆိုင်လေးက အောင်ပင်လယ်ကန်ဘောင်ရိုး မေးတင်သော ကန်စပ်က စိမ်းမြ အေးရိပ် ငြိမ်သက်နေရာ ဖြစ်သည်။ ထိုနေရာမှာ ပိတောက်တွေ ဝေနေအောင်လည်း ပွင့်တတ်သလို ဝါစက်သော ပိတောက်ပွင့်ဖတ်တွေလည်း ဖွေ့ဖွေ့ကြွေတတ်သည်။ စမ်းချောင်းရေစပ် လည်းရှိ၏။ မဟော်ဂနီရွက် ဖားဖားတွေလည်း ရှိ၏။ စက္ကူပန်း ရောင်စုံတွေလည်းရှိ၏။ အယုဒ္ဓယဖွား မြန်မြန်နမ်းလှည့် ပန်းနီနီ၊ ဖြူဖြူတွေလည်း ရှိ၏။ ဗုဒ္ဓံသရဏံ ပွင့်ဝါ၊ ပွင့်နီတွေလည်း ရှိ၏။ နန်းဦးလွင်ရွာက ထိုမိသားစုပန်းခြံ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်းရင်း’ မန္တလေး ‘ ကို ပိုမို သိရှိ ခံစား ခဲ့ရသည်။

 

 

မန္တလေး ချစ်လွန်းသူကြီးများ
—————————–
ထိုပိတောက်ပင်ရိပ်အောက်က သစ်သားစာပွဲလေးပေါ်မှာ ‘မန္တလေး’ ရှိနေတာ သေချာပြီ။ အဘယ်ကြောင့် ဆိုသော် ထိုစားပွဲလေးမှာ အစွဲအလမ်း ကြီးလွန်းလှစွာသော ‘ငါတို့ မန္တလေးမှ မန္တလေးှသား’တွေ မနက်တိုင်းလိုလို စုဖြစ်ကြလို့ ဖြစ်သည်။ သီချင်းရေးဆရာ ပါသည်။ ပြဇာတ် ရုပ်ရှင် ဒါရိုက်တာ ပါသည်။ ဆိုင်းဆရာ ရွာစားပါသည်။ စာရေးဆရာ ပါသည်။ ကာတွန်းဆရာ ပါသည်။ ဂီတမှူး ပါသည်။ သရုပ်ဆောင် ပါသည်။ အဆိုတော် ပါသည်။ ရုပ်ရှင်ထုတ်လုပ်သူ ပါသည်။ ပန်းပုဆရာ ပါသည်။ ဆက်တင်ဆရာ ပါသည်။ ပန်းချီဆရာ ပါသည်။ ပြဇာတ်မင်းသား ပါသည်။ ကဗျာဆရာ ပါသည်။ ရိုက်ကူးရေး မန်နေဂျာပါသည်။ ဇာတ်မန်နေဂျာ ပါသည်။ လေမှုတ်တူရိယာ ပညာရှင်ပါသည်။ မြန်မာစာကထိက ပါသည်။ ထို ‘ မန္တလေး’ စကားဝိုင်းက မနက် ခုနှစ်နာရီလောက်မှ တစ်ခါခါ ၁ဝ နာရီလောက်တိုင် သွားတတ်သေးသည်။ မန္တလေးကို ဘယ်သူတွေ ဘယ်လိုပဲ ရွှေ့ရွှေ့၊ ထိုစားပွဲလေးမှာတော့ မရွေ့စတမ်း ကုပ်ကပ် အားတင်းနေကြခြင်း ဖြစ်သည်။ ထိုကြောင့်လည်း မန္တလေးကို မရွှေ့စေချင်သူတွေ ရောက်လာပြန်၏။

 

 

တစ်ခါတစ်ခါ မန္တလေးကို ရောက်နေသည့် ဇာတ်မင်းသားလေးလည်း သူ့အိမ်ဆီက ခြေကျင် ကူးလာချေသည်။ တစ်နှစ်မှာ တစ်ကြိမ် နှစ်ကြိမ်ဆိုသလို မန္တလေးနှင့် နွယ်သော၊ မန္တလေးကို နားလည်သော နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာတစ်ဦးစ နှစ်ဦးစလည်း ရောက်လာတတ်သည်။ သူတို့က ရန်ကုန်မှာ အနေကြာ (သို့မဟုတ်) ရန်ကုန်သား ဖြစ်နေပြန်တော့ မန္တလေးကို ခေတ်နှင့် လိုက်လျောညီထွေစွာ ဟုဆိုကာ ရွှေ့ဖို့ သြဝါဒ လာခြွေတတ်၏။ နောက်ဆုံးတော့ အရိုးစွဲ၊ ခေါက်ရိုး ကျိုး၊ ခေါင်းမာ၊ ပေကပ်နေကြတော့ မန္တလေး မရွှေ့ရေး အာဘော်များအောက် နစ်မွန်းပြီး လက်လျော့ပေးသွားကြသည်။ မန္တလေးကို မရွေ့စေချင် သူတွေကတော့ လက်ဖက်ရည်ကြမ်းအိုး များစွာနှင့်ပဲ ခုခံနေကြဆဲ၊ ရွေ့သည့် မန္တလေးက (ထုံးစံအတိုင်း) ရွေ့နေသည်။ မတတ်နိုင် ရွေ့ခြင်းကသူ့ကိစ္စပဲ။

 

 

ကျွန်တော်တို့ စားပွဲဝိုင်းလေးကတော့ မရွေ့ရေး ကြံ့ကြံ့ခံဆဲ။ ခေတ်ဟောင်းမန္တလေးကို ခုံမင် မက်မောနေ ဆဲလေ။ ကျွန်တော်ကဖြင့် ဒီစာပွဲလေးမှာ မန္တလေးမှာ ဆရာ့ဆရာများနှင့် ချစ်နေလိုက်ရတာ ဈေးချိုအနီး စိုင်ပြွန်ရိပ်သာမှ ဆေးရုံကြီးအနား ဟေမာဇလရပ်၊ ထိုမှသည် မန္တလေးကို အချစ်မပြယ်နိုင်ဘဲ အောင်ပင်လယ် ကန်ဘောင်ရိုးက လယ်ကွင်းပျက်ထဲ။ အခု မန္တလေးကို ချစ်ဆဲမို့ ဟိုအရှေ့ ကျွဲနဖားတောင်ခြေ နေရလျှင်ပင် ကံကောင်းလို့ဟု တွေးမိရင်း စကားဝိုင်းမှာ မချိသွားဖြဲ ဟန်ဆောင်နေရသည်။

 

 

အိမ်ဖျက်ပြီးပြီလား၊ အခု ဘယ်မှာ နေသလဲ
———————————————-
ထိုဆိုင်လေးမှာ အလားတူ မန္တလေးချစ်သူတွေလည်း လမ်းလျှောက် အပြန်ဖြစ်စေ၊ မန္တလေးတောင်တက် အပြန်ဖြစ်စေ၊ တကူးတကန့် ဖြစ်စေ ရောက်လာတတ်ကြသည်။ ထိုဆိုင်လေးမှာ ကျွန်တော်တို့လို နေ့စဉ်ပင်တိုင် ထိုင်သူတွေရော၊ လမးအကြုံ လှည့်ဝင်လာသူတွေရော ကျွန်တော်တို့ ရပ်ကွက်လေး နာမကျန်းဖြစ် အသက်ငင်နေတာ သိနေကြသည်။ တိုးတိုးတိတ်တိတ် တစ်ရွာလုံးသိတာဆိုသလို ကျွန်တော်တို့ ထောင်နှုတ်ခမ်းလျှောက်ကာ နန်းမြို့ရိုးသာမက ရန်ကုန် အလံပြဘုရားလမ်းပေါ်က ရုံးချုပ်နံရံအထိ ခေါင်းနှင့် ပြေးဆောင့်နေတာ သိလို့ မေးကြ မြန်းကြသည်။ အပြင်မှာ ကျွန်တော်ရပ်ကွက်လေးသတင်းက ရပ်ကွက်သားတွေထက် ပိုသိနေကြလေသလားမသိ၊ တွေ့သည့်သူတိုင်းက “ကိုဆူးတို့ ပြောင်းကြပြီလား၊ ဖျက်ကြပြီလား၊ အခု ဘယ်မှာနေကြလဲ”ဟုချည်း ဂရုဏာသက်ကြသည်။ တချို့က ဆိုလျှင် ဒီနေ့နက်ဖြန်ဆိုသလို ဘူဒိုဇာတွေ တပ်ချီရောက်လာတော့မလို သေချာပေါက် ပြောကြသည်။

 

လက်ဖက်ရည်ဆိုင်လေးသို့ မနက်တိုင် မန္တလေးတောင်တက်ပြီးတိုင်း ရောက်လာသည့် မိတ်ဆွေ တစ်ဦးက အိမ်ပြောင်းလျှင် ပစ္စည်းတွေ ထုပ်ပိုးဖို့ ကတ်ထူ ဂျပ်ပုံးအသစ်တွေ ဒါဇင်လိုက် အထပ်လိုက်ကြီး ပေးသွားသည်။ ရပ်ကွက်လေး သတင်းကို ပြောသည့်သူတိုင်းက မနေ့ကပဲ တ.ယ.က ရုံးက သိခဲ့သလိုလို၊ တိုင်းမှူး ပီအက်အိုက ပြောသလိုလို၊ အရင်းသိ အတွင်းသိ လုပ်ငန်းရှင်ကြီးက သူပဲ စီမံကိန်းကန်ထရိုက် ရခဲ့ပြီလို့ ပြောတာ နားနှင့် ဆတ်ဆတ်ကြားခဲ့ရသလိုလို ဧကန် ဒိဋ္ဌ ဆိုကြသည်။ “ကိုဆူး၊ အချိန်ရရင် ကိုယ့်ဘာသာပဲ ဖျက်ပြီး ရသလောက်ယူ ရွှေ့လေ၊ သူတို့ဖျက်ရင် အုတ်ကျိုးတောင်မရဘူးဟု စေတနာစကားဆိုသူ ဆိုကြသည်။ ကိုင်း မိတ်ဆွေတွေ ကူညီကြသလို ပစ္စည်းပစ္စယတွေ ဂျပ်ပုံးနဲ့ ထည့် သိမ်းဆည်း၊ အိမ်ကိုလည်း ရသလောက်ဖျက်ပြီး ကျွန်တော်က ဘယ်ကို သွားနေရမလဲလေ။ နေစရာ ပြေးစရာ မြေမရှိ၊ ငွေမရှိ။

 

 

ရပ်ကွက်လေးက သူ့ခမျာ ဘာမှ မဖြစ်သလို
———————————————–
အပြင်က ပြန်လာတိုင်း အထွေထွေ သတင်းပေါင်းချုပ်ကြောင့် သတ်သေချင်လောက်အောင် စိတ်ရှုပ်ထွေး နေပါပြီ။ ရပ်ကွက်လေးကတော့ သူ့ပုံမှန်အတိုင်း လည်ပတ်လှုပ်ရှားနေဆဲလေ။ ညတိုင်လျှင် ပိတ်စွယ်ရိုင်း တောကြီးပေါ် တိုင်ဦးတမ်း ကစားနေကြသော ပိုးစုန်းကြူးအုပ်ကြီး၏ ပဒေသာကပွဲကို ကြည့်ရှုနေရသည်။ ဝါတွင်းကာလတွင် တောင်ဘက် ကျန်းမာရေးရပ်ကွက် ဓမ္မာရုံဆီက ဖွင့်နေသည့် အသံချဲ့စက်မှ ဗုဒ္ဓဝင် ဖွားတော်မူခန်း ဓာတ်ပြားမှ အသံများနှင့် နှလုံးစိတ်ဝမ်း အေးချမ်းရပြန်၏။ မနက်လင်းလျှင်ဖြင့် ကိုယ့်အိမ် အရှေ့ဖက်မှာလည်း ပိတ်စွယ်တောကြီးမို့ အရှေ့ရိုးမပေါ်က ခေါင်းပြူလာသော ထွန်းသစ်စ နေရောင်ခြည်ကို အစောဆုံးထိတွေ့ရဆဲဖြစ်သည်။ နံနက်ခင်း၏ နေရောင်ခြည်အောက်တွင် ရန်ကင်းတောင်ပေါ်မှ စေတီပုထိုးတို့၏ မှန်စီရွှေချ အရောင်လက်လက်များလည်း ကွန့်မြူး နေ၏။ ရန်ကင်းတောင်နှင့် အရှေ့ရိုးမကြား ထုံးသင်္ကန်းဖြူဖြူတွေက ရေထံခွန်တောင်ဖြစ်မှာပေါ့။

 

အိမ်လေးပတ်ဝန်းကျင်မှာ သရက်ခြံ၊ သပြေခြံကြီးတွေလည်း ရှိသည်။ ပေ ၅ဝ ပတ်လည်လောက်ရှိမည့် ရေကန်ကြီးတွေ လည်း ရှိသည်။ တောစပ် လက်ကျန်မှာ မနက်ကတည်းက ကျေးငှက်ပေါင်းစုံတို့ ညီလာခံကြ၏။ ချိုးကူးသံ နွဲ့နွဲ့က ညီလာခံကို စည်ရွန်းပေးနေသည်။ မနက်စောစောကတော့ ညက အိပ်တန်းတက်ခဲ့သော ရေဘဲအုပ်တွေ အသံပေးရင်း အစာရှာ ထွက်သွားကြပြီ။ အိမ်ရှေ့ တောလမ်းလေးဘေးက မြက်ရိုင်းပင်တွေမှာ နှင်းငွေ့အစိုပြန်နေ၏။ တောစပယ် ပန်းလေးတွေက မွှေးပျံ့သည်။ ထုံးစံအတိုင်း အိမ်အရှေ့ဘက်က ဘိုင်ကြီးနှင့် အမီနာတို့၏ နို့စားနွာမက တဘူးဘူး အော်နေသည်။ ခဏနေတော့ ဘိုင်ကြီးက နွားနို့ပုံးကို စက်ဘီးမှာ ချိတ်ကာ တဂျောင်းဂျောင်းနင်းသွားသံ ကြားရသည်။ မြေတူး ကိုမြင့်မောင်တို့မိသားစုက အိမ်ရှေ့မှာ ဖြတ်ပြီး အာစရိ မြက်ရှင်းတော့မလား မေးနေကျဖြစ်သည်။ မြောက်ဘက်အိမ်က မွန်မွန်စန်း၏ ဘုရားရှိခိုး ပရိတ်ရွတ်သံ အမျှဝေ ကြေးစည်ထုသံလေးလည်း ကြားနေရဆဲ ဖြစ်သည်။ ‘

 

ကျွန်တော် ဒီနေရာလေးကို ထားခဲ့ရ စွန့်ခဲ့ရတော့မှာလားလေ။ ဦးတက်တိုးပြောသည့် တနင်္လာနေ့ ဆိုသည်ကလည်း သူ့ထံက စာမလာ သတင်းမကြားရတာ ကြာပြီလေ။ မိုးတွေဖြိုင်ခဲ့သည့် ဇူလိုင်လကုန်မှသည့် အခု နှင်းတွေ ဝေနေသည့် ဒီဇင်ဘာလကိုပင် စတင် ဝင်ရောက်နေပါပြီကော။ သည် ၅လ ဟူသော အတိုင်းအတာကြား အိပ်မပျော် စားမဝင် စိတ်မော ပင်ပန်းလှချည့်။ တစ်နေ့သား ကြံရာမရသည့်အဆုံး မြောက်ဘက်အိမ်က အန်တီစံနှင့် တိုင်ပင်ကာ အောင်ပင်လယ်ဘိုးဘိုးကြီးနန်းသို့ ကန်တော့ပွဲ ထိုးပြီး သည်နေရာလေးမှာ အနှောင့်အယှက်ကင်းစွာ နေနိုင်ဖို့ ကူညီစောင်မ စောင့်ရှောက်ပေးပါရန် ပူစာရသေးသည်။ သည်နေရာက သူပိုင်ကွင်းမို့ သူ့ကိုလည်း တိုင်တည် အပူကပ်ရသေးသည်။ သည်အခြေအနေမှာ အမေကလည်း မီးစာကုန် ဆီခမ်းလုမို့ မုံရွာက မမခင်ဝင်းကို ခေါ်ထားရသည်။ သူနှင့်အတူ သူ့သမီး ရွှေစင်ဇော်ဝင်းလည်း အတူရောက်နေပြီ။ ထို့ပြင် အိမ်က အရေးအကြောင်းချက်ချင်း ပေါ်လာလျှင် ယောက်ျားသားလည်း ရှိရအောင် တူမ အေးအေးဝင်း၏ သား ကျော်မင်းဦးကိုလည်း အိမ်မှာ အိပ်ခိုင်း ထားရ၏။ သူက ကျွန်တော့သားအကြီး သူရိန်နှင့် ရွယ်တူဖြစ်သည်။ ထိုစဉ်ကာလ ဒီဇင်ဘာ ပထမပတ် အကျော်စမှာပဲ နန်းရှေ့ဆရာတော်က သူ့ကျောင်းကို လာခဲ့ပါဦးဟု အခေါ်လွှတ်လိုက်တော့ ထိပ်ခနဲ ဖြစ်သွားရတော့သည်။

 

ဆူးငှက်

Related posts

VOM News

FREE
VIEW