ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြိုလဲတော့မှာလား

နှင်းနု(VOM)
ကိုတင်အေးတယောက် နေ့ဘက် အလုပ်လုပ်ရတဲ့ နေစားအလုပ်က ရပ်နားထားရတာ ဒီနေ့နဲဆိုရင် အလုပ်လက်မဲ့ ဖြစ်တာ ရက်နှစ်ဆယ်လောက်ရှိပြီ။ ကိုတင်အေးက ဆောက်လုပ်ရေး ဆိုက်ဒ်တစ်ခုမှာ ကုန်တင် ၊ ကုန်ချ ၊ ကုန်ပို့ အလုပ်ကို လုပ်ရတာပါ။
ဆန်ကအစ တပြည်ချင်းဝယ်စားနေရတော့ အလုပ်မရှိရင် မိသားစု စားဝတ်နေရေးက သိသိသာသာ ထိခိုက်ပါတယ်။ မိသားစု စားဝတ်နေရေး နှပ်မှန်ဖို့ ကိုတင်အေး တယောက်အလုပ်နှစ်ခု လုပ်ပါတယ်။ နေ့ခင်းဘက်ဆိုရင် ဆောက်လုပ်ရေး ဆိုက်ဒ်ထဲမှာ နေ့စားလုပ်ပြီး ညဘက်ရောက်ရင် အလယ်တန်းကျောင်းတခုမှာ ညစောင့်လုပ်ပါတယ်။
ညစောင့်အလုပ်ကလေးရှိလို့ ထမင်းမငတ်ပေမယ့်။ တက်လာတဲ့ ကုန်စျေးနှုန်းနဲ့ လစာ လောက်ငှဖို့ ချွေတာစားရတာပါ။ ကိုတင်အေး စိတ်ညစ်တယ်လို့သာ အသွင်သွင် ငြီးငြူးနေရပါတယ်။
ကိုတင်အေးက ပြည်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ အလုပ်လုပ်နေတာပါ။ ဆောက်လုပ်ရေး လုပ်ငန်းရှင်က ရန်ကုန်မြို့က ဖြစ်ပြီး မူဝါဒအပြောင်းလဲနဲ့ ငွေကြေးအကြပ်တည်းကြောင့် တနိုင်ငံလုံးမှာရှိတဲ့ သူရဲ့ လုပ်ငန်းတွေကို ရပ်နားထားရခြင်းဖြစ်ပါတယ်။
ရန်ကုန်မှာဘာတွေ ဖြစ်နေလဲ
ဆောက်လုပ်ရေး ဥပဒေအသစ်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းလုပ်နေသူတွေမှာ မူဝါဒ ပိုင်းဆိုင်ရာ အခက်ခဲတွေ ကြုံနေရပါတယ်။
မန္တလေးမြို့တွင် အင်အားပြင်းစွာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်ဆောက်လုပ်ရေး လုပ်ငန်းတွေ အရေသွေးမှီတဲ့ အိမ်ဆောက်သံချောင်းတွေကိုသုံးစွဲဖို့ညွှန်ကြားထားတဲ့အပြင် အစိုးရ ဖွင့်လှစ်ထားတဲ့ ဓါတ်ခွဲခန်းတွေမှာ သံချောင်းအရည်သွေး စစ်ဆေးပြီးမှသာ သုံးစွဲရန်ညွှန်ကြားထားပါတယ်။
အစိုးရ ဖွင့်လှစ်ထားတဲ့ ဓါတ်ခွဲခန်းကအရေအတွက်များများစားစားမရှိတာကြောင့် အစစ်ဆေးခံမယ့် ဆောက်လုပ်ရေးမှာ သုံးမယ့် သံချောင်းတွေဟာ ဓါတ်ခွဲခန်းမှာအချိန်ယူစောင့်ဆိုင်းနေရတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကဆိုပါတယ်။
ဒါအပြင် ကန်ထရိုက်တိုက်ဆောက်လုပ်မယ့် မြေကို အရင်ကဘိုးဘွားပိုင်မြေအနေနဲ့ ဆောက်လုပ်ခွင့် လွယ်လွယ်ကူကူ ခွင့်ပြုခဲ့ပေမယ့်အခုတော့ ဂရမ်မြေမှသာဆောက်လုပ်ခွင့်ပြုတော့တာပါ။ ဆောက်လုပ်ပြီး တိုက်ခန်းတွေကိုလည်း နေထိုင်ခွင့်မဖြစ်မနေ လျှောက်ထားဖို့ စည်းကမ်းတင်းကြပ်ထားပြီး အရည်သွေး မမှီပါက အကြောင်းကြားစာပို့ ဖြိုချခိုင်းတဲ့အထိ ပြင်းထန်တဲ့ အရေးယူမှုတွေပါပြုလုပ် နေတာဖြစ်ပါတယ်။
နောက်တချက်က ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေအဆမတန်စျေးနှုန်းမြင့်မားလာတာဖြစ်ပါတယ်။ နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် သွင်းကုန် ပစ္စည်း တင်းကြပ်လိုက်တဲ့အခါ မဖြစ်မနေ တင်သွင်းရမယ့် ပစ္စည်းထဲမှာဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေပါဝင်ပေမယ့် အသစ်သတ်မှတ် လိုက်တဲ့ စည်းမျဉ်းက လျော့ချ တင်သွင်းရန် ညွှန်ကြားလိုက်တာပါ။
ဒါကြောင့် စျေးကွက်မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းတွေ ၊ ဘိလပ်မြေတွေကတစ်ဟုန်ထိုး စျေးတက်လာပါတယ်။
“သံက တတန်ကို သိန်းတရာဖြစ်နေတယ်။ ကြားတောင်မကြားဖူးဘူး။ I Bean ပေ ၄၀တစ်ချောင်း ကို အရင်က ရှစ်သောင်း ၊ အခု ဆယ်သိန်းကျော်နေပြီ။ ၈ ပေ ၄ ပေ သံချောင်းဆိုရင် လွန်ခဲ့တဲ့ငါးနှစ်က တသိန်းကျော်ပဲ ရှိတာအခု ၁၅သိန်း ၊သိန်းနှစ်ဆယ်ဖြစ်နေတယ်။ ဘယ်လိုမှမကိုက်တော့ဘူး။”လို့ ရန် ကုန်မြို့တွင်ကန်ထရိုက်တိုက်များဆောက်လုပ်နေတဲ့ လုပ်ငန်းရှင်ကိုဇေယျလင်းကပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ စျေးကြီးလာတဲ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာကျွမ်းကျင်လုပ်သားတွေလည်း ရှားပါးလာပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က ပန်းရံလုပ်သားခေါင်းဆောင်ကို တရက် နေ့စား သုံးသောင်း ပေးရာက အခု ခြောက်သောင်း ၊ ခုနှစ်သောင်း စျေးပေါက်နေပါတယ်။
ကျွမ်းကျင်လုပ်သားတွေကနိုင်ငံခြားကို ထွက်အလုပ်လုပ်ကြတာမို့ဒီလို လုပ်သားပေါက်စျေးရှိပေမယ့် အလုပ်လုပ်မယ့်သူက မရှိသလောက်ရှားပါးနေပါတယ်။ ရန်ကုန်မြို့ကြီးမှာ ပေါ်တာဆွဲတဲ့ သတင်း တွေကြောင့် အလုပ်သမားတွေက နေဝင်မိုးချုပ်အထိ အလုပ်လုပ်ဖို့ ငြင်းဆန်ကြပါတယ်။
ဒါကြောင့် အလုပ်ချိန်ကိုညနေ ၄ နာရီ သတ်မှတ် အလုပ်ဆင်းနေရတဲ့အတွက် တနှစ်နဲ့အပြီးဆောက်ရမယ့်တိုက် တခုဟာ အချိန်နှစ်နှစ် အကြာ ဆောက်လုပ်ရတာတွေဖြစ်လာပါတယ်။
ကုန်ကြမ်းစရိတ် ကြီးမားတာ ၊ ကျွမ်းကျင်လုပ်သားရှားပါးလာတာ၊ လုပ်ခ စရိတ်ကြီးမြင့် လာတာ၊ တိုင်းပြည်မတည်ငြိမ်မှုတွေကြောင့် ဆောက်လုပ်ရေးစရိတ် တွေဟာတဖြည်းဖြည်း အချိန်ကြာလာ တဲ့အမျှ ကြီးမြင့်လာပါတယ်။
ဆောက်လုပ်ရေးစရိတ်တွေ ကြီးမားလာတာကြောင့် ကြိုပွိုင့်နဲ့ ရောင်းချထားတဲ့ တိုက်ခန်းတွေ ၊ကွန် ဒိုတွေဟာ အရှုံးပေါ်လာပါတယ်။ အရှုံးပေါ်လာတာတွေရှိလာတဲ့အတွက် ဘဏ်တိုးယူပြီး ဆောက်ရတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဟာ ဘဏ်ကို အကြွေးမဆပ်နိုင်တော့ပါဘူး။
“ ကန်ထရိုက်တိုက်တွေ အကြွေးမဆပ်နိုင်တာအတော်ကြာပါပြီ၊ အခုမှလူသိများလာတာပါ။ ကျွန်တော် အသိထဲမှာဆိုရင်လုပ်ငန်းမလည်ပတ်နိုင်လို့ နိုင်ငံရေးအကြောင်းပြထွက်ပေးတာ ဆယ်ယောက်လောက် ရှိပါတယ်။ ဘဏ်တွေကလည်း အခု ငွေမထုတ်ချေးရဲတော့ဘူး။ “လို့ ကုမ္မဏီတွေမှာ အကြံပေးလုပ်ကိုင် နေတဲ့ ကိုထွန်းနိုင်လင်းကပြောပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းတွေကို ဘဏ်တွေက ချေးငွေနှစ်မျိုးနဲ့ ထုတ်ချေးပါတယ်။ တခုကတင်ဒါ ချေးငွေ ဖြစ်ပြီး တစ်ခုကတော့ စီမံကိန်းကို ပြပြီးချေးတဲ့ ချေးငွေဖြစ်ပါတယ်။ ဘဏ်တွေက ထုတ်ချေးတဲ့ ချေးငွေက လုပ်ငန်းကုန်ကျစရိတ် အကုန်လုံးကိုထုတ်ချေးပေးတာမဟုတ်ပေမယ့်လည်း ဆောက် လုပ်ရေး လုပ်ငန်းရှင်တွေမှာ ငွေမလည်တော့ပါဘူး။
“ သိသလောက်တော့ တင်ဒါကို ဘဏ်က ၃၀ ရာခိုင်နှုန်း ထုတ်ချေးပါတယ်။ သူတို့က အစိုးရတင်ဒါ ဝင်ပြိုင် ဝင်ဆောက်တဲ့သူတွေပေါ့။ ကနဦး ကုန်ကျစရိတ်နဲ့ ဆောက်တော့ ကုန်ကျစရိတ်က ထင်တာထက် ပိုကုန်ကျနေတော့ သူတို့လည်း မဆောက်နိုင်တော့ဘူး။ ရပ်ထားရတယ်။ သူတို့လည်း မဆပ် နိုင်ဘူး။ လုပ်ငန်းကြီးတွေ လုပ်နေတဲ့ ဒတ်ပလော်ပါတွေလည်း ဘဏ်ဆီက ၁၀ ရာခိုင်နှုန်းလောက်တော့ စီမံကိန်းပြပြီး ချေးကြပါတယ်။ သူတို့လည်း မဆပ်နိုင်တော့ဘူး“ လို့ ဆောက်လုပ်ရေး လုပ်ငန်းတွင် ကျွမ်းကျင်သူ တဦးက ပြောပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အစီရင်ခံစာအရ ဆောက်လုပ်ရေး ကဏ္ဍအတွက် ဘဏ်ချေးငွေပမာဏဟာ ကျပ် ဘီလီယံ ၆၀၀၀ ကနေ ၈၀၀၀ အကြားရှိပြီး ကုန်သွယ်ရေး နဲ့ ဝန်ဆောင်မှု ကဏ္ဍပြီးရင် တတိယအများဆုံး ငွေထုတ်ချေးတဲ့ လုပ်ငန်းဖြစ်နေပါတယ်။
အိမ်ရာချေးငွေဟာ ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ် ရင် နှစ်ဆကျော် တိုးလာပြီး ကျပ်ငွေ ဘီလီယံ တစ်ထောင် ကျော်အထိ တိုးလာခြင်းဖြစ်ပါတယ်။
ချေးငွေ အရင်းနဲ့ အတိုးဆပ်ဖို့ ရက်ပေါင်း ၉၁ ရက်နဲ့အထက် ပျက်ကွက်တဲ့ လုပ်ငန်းရှင်က စုစုပေါင်း ချေးငွေရဲ့ ၈ ဒသမ ၈၇ ရာခိုင်နှုန်းရှိနေတယ်လို့ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်ရဲ့ စာရင်းအချက်လက်တွေ ကြည့်ပြီး အောက်တိုဘာလ၅ ရက်နေ့ လွှတ်တော်မှာ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဇော်မြင့်နိုင်က ပြောကြားခဲ့ပါတယ်။
ဒီရာခိုင်နှုန်းဟာ နိုင်ငံအများစုမှာ ရှိသင့်တဲ့ အချိုးရာခိုင်နှုန်းထက် သုံးရာခိုင်နှုန်းကျော်နေခြင်းဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းတွေကတော့သူတို့ အန္တရာယ်ဖြစ်မယ့် ပမာဏ လျော့ချဖို့အတွက် ချေးငွေထုတ် ချေးခြင်းတွေကို တင်းကြပ်တဲ့ စည်းမျဉ်းနဲ့ လုပ်ဆောင်နေပါတယ်။
“ ဘဏ်တွေက ငွေရှိပေမယ့် အခု ငွေထုတ်မချေးပေးရဲတော့ပါဘူး။ အပေါင်ပစ္စည်း တခုခု ပြမှဘဲ ထုတ်ချေးတော့ပါတယ်။ ဒါတောင် မလွယ်ပါဘူး။ “ဟု ကိုထွန်းနိုင်လင်းကပြောပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းတွေ ငွေကြေးလိုအပ်ချက်ကြီးမားလာတာ ၊ ဘဏ်‌တွေကို ချေးငွေ မဆပ် နိုင်တာ၊ အသစ်သတ်မှတ်လိုက်တဲ့ ဆောက်လုပ်ရေး ဥပဒေကြောင့် မူဝါကန်ထရိုက်တိုက်တွေ ဆောက် လုပ်ဖို့ နှောင်းနှေးကုန်တာတွေကြောင့် အချို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားရတဲ့ အခြေ အနေနဲ့ လက်ရှိမှာ ကြုံနေရတာပါ။
အဲဒီအထဲမှာ ဝယ်ယူသူ တွေဆီက ကြိုပွိုင့် ငွေကြေးမြောက်အများလက်ခံထားပြီး ဆောက်လုပ်ရေး မစရသေးတဲ့ The Central The park ၊ Soho ကွန်ဒိုတွေပါဝင်ပါတယ်။ ကွန်ဒို အခန်းပေါင်း များစွာပါတဲ့ Six One City Complex ကွန်ဒိုကတော့ အောက်တိုဘာ ၉ ရက်နေ့က ဖျက်သိမ်းတဲ့ အကြောင်းကြားစာ တွေ ဝယ်ယူသူတွေ အကြောင်းကြားထားဆဲဖြစ်ပါတယ်။
ရန်ကုန်မြို့ပေါ်မှာ ကွန်ဒို ၊ ရှောပင်းစင်တာ ၊ ရေကူးကန် ၊ ရုံးခန်း ၊ ကားမှတ်တိုင်တွေပါ အပြည့်အဝ ပါဝင်တဲ့ မီဂါ ပရောဂျက်ကြီးတွေ ၁၅ ခုရှိတဲ့ အနက်က သုံးခုက ဝယ်ယူသူတွေနဲ့ တရားရင်ဆိုင်ရမဲ့အနေ အထားရှိနေပြီး တစ်ခုကတော့ လုံးဝဖျက်သိမ်းလိုက်ပါတယ်။
ကျန် ပရောဂျက်ကြီးတွေရဲ့ အခြေအနေကို VOM က ဆက်သွယ်ရန် ကြိုးစားခဲ့ပေမဲ့ လက်ခံဖြေကြားမယ့်သူ မရှိခဲ့ပါဘူး။
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေစျေးကွက်
အခုလက်ရှိ ကွန်ဒိုအခြေအနေနဲ့ ငွေကြေးလိုအပ်ချက်တွေကြောင့် ကြိုပွိုင့် စနစ်နဲ့ ဝယ်ယူခဲ့သူများမှာ ပြဿနာ အခက်ခဲ ဖြစ်နေပြီး ကန်ထရိုက်တိုက်ရောင်းလိုအားက များနေပေမယ့် တစ်ဆင့် ဝယ်ယူသူက ထင်သလောက်ရှိမနေပါဘူး။
ကွန်ဒို ဝယ်ယူပြီး ဝယ်ရောင်း လုပ်သူတွေလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာဖြစ်ပေါ်တဲ့ ဂယက် ကြောင့် လက်ရှိ ကွန်ဒိုတွေကို ဝယ်ဖို့ လက်တွန့်နေကြပါတယ်။
ဝယ်လိုအား ထင်သလောက် မရှိပေမဲ့ ကန်ထရိုက်တိုက်စျေး ၊ ကွန်ဒိုစျေးနှုန်းတွေကတော့ အကျဘက်မှာ မရှိသေးပါဘူး။

တိုက်ခန်းတွေ ၊ ကွန်ဒိုတွေ အရောင်းအဝယ် ပါးနေပေမယ့်လည်း မြို့စွန် မြို့ဖျားတွေမှာရှိတဲ့မြေစျေးတွေကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ မြေယာတွေက ပိုင်ဆိုင်မှု နဲ့ ငွေကြေး ကုန်ကျစရိတ်ကလည်း ကွန်ဒို နဲ့ တိုက်ခန်းတွေလောက်မရှိတဲ့အတွက်ရင်းနှီးမြုပ်နှံသူတွေ မျက်စိကျလာခြင်းဖြစ်ပါတယ်။
မြန်မာပြည်မှာ ဆောက်လုပ်ရေးလုပ်ငန်းကို မှီခိုနေတဲ့ အလုပ်သမားဟာ တသန်း​ကျော်လောက်ရှိတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်​တွေကပြောပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြိုလဲသွားရင် ပထမဆုံး ထိခိုက်နစ်နာမယ့်သူတွေက ကိုတင်အေးတို့လို ကျောမွဲတွေပါ။
ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆက်လည်ပတ်ဖို့နဲ့ တောင့်ခံပေးဖို့ ဘယ်သူတွေ တတ်နိုင်မလဲ ကိုတင်အေး မသိပါ။ သူသိတာက သူ့ဝမ်းရေးပါ။ နေ့စဉ် ကြုံနေရတဲ့ ဝမ်းရေး ပြဿနာကို သူဘယ်လိုဖြေရှင်း ရမလဲ အခုချိန်ထိ စဉ်းစားမရဖြစ်နေပါတယ်။
နှင်းနု(VOM)

Related posts

✕
VOM News

FREE
VIEW