ခေတ်အ​ခြေအ​နေ​ကြောင့် ရပ်နားထားရတဲ့ မုံရွာဆုတောင်းပြည့်ဘုရားကြီးပွဲ စည်ကား​အောင်ကျင်းပမယ်

အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၆
MW(VOM)
ကိုဗစ်ကာလကတည်းက ရပ်နားထားရတဲ့ မုံရွာဆုတောင်းပြည့်ဘုရားကြီးပွဲကို ကိုဗစ်မတိုင်ခင်ကျင်းပခဲ့သလို ၁၂ပွဲစျေးဆိုင်​တွေနဲ့ စည်စည်ကားကားကျင်းပဖို့ ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံက ကြိုးပမ်းဆောင်ရွက်နေတာတွေ့ရပါတယ်။
“ဘုရားကြီးပွဲမလုပ်ရတာ ၆နှစ်ရှိပြီ။ အခုနှစ်တော့ ကိုဗစ်မတိုင်ခင်ကလို စည်စည်ကားကားနဲ့ ကျင်းပဖို့ စီစဥ်နေကြပါတယ်အောက်တိုဘာလ၂၀ရက် မနက်ကစပြီး ဆုတောင်းပြည့်နဲ့ ရွှေစည်းခုံဘုရားကြီး၂ဆူကူးတဲ့ ဘုရားကြီးလမ်းတလျောက် စျေးဆိုင်ခန်းတွေ စဆောက်နေပါပြီ။ ရွှေစည်းခုံဘုရားကြီးနဲ့ ဗိမာန်ကြီး၂ခုရှေ့တွေမှာလည်းဆိုင်ခန်းတွေ ဆောက်တော့မှာပါ။ နာရီစင်ပတ်လည်လည်းဆောက်မှာပါ”လို့ ကော်မတီဝင်ကပြောပါတယ်။
ပွဲတော်ကို အောက်တိုဘာလ(၂၆)ရက်က စပြီး (၁၅)ရက် ကျင်းပသွားမှာဖြစ်သလို ဆုတောင်းပြည့်နဲ့ ရွှေစည်းခုံဘုရားကြီးနှစ်ဆူကြားဘုရားကြီးလမ်းတစ်လျောက် ဈေးဆိုင်ခန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဘုရားပွဲတော်လာ ပြည်သူတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက်ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး တေးဂီတဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့စီစဥ်သူတွေဆီကသိရပါတယ်။
ရွှေစည်းခုံဘုရား ဂေါပကတာဝန်ရှိသူတွေက ပွဲတော်ကာလအတွင်း စတုဒိသာ ကျွေးမွေးတဲ့အစီအစဉ်တွေဆောင်ရွက်နေကြပြီး ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်ကျော်၈ရက်နေ့ မနက်မှာ ပင့်သံဃာအပါး၁၀၀၀ကို ဆွမ်းသပိတ်တွေလောင်းလှုကြမှာဖြစ်ပါတယ်။
ဘုရားပွဲကာလတစ်လျောက်သီတင်းကျွတ်လပြည့်ကျော် ၇ရက်၊ ၈ရက်နဲ့ ၉ရက်နေ့တွေမှာ နယ်ပရိသတ်၊ မြို့ပရိသတ်တွေနဲ့ အစည်ကားဆုံးရက်တွေဖြစ်တာကြောင့် စျေးဆိုင်အများစု ရောင်းကောင်းကြတဲ့ရက်တွေဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW