မြေပုံမြို့နယ်မှာ ကျေးရွာတချို့ နေရပ်စွန့်ခွာ

မြေပုံ၊ ဇူလိုင် ၂၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း ကျေးရွာတချို့က ဒေသခံအများအပြားဟာ နေရပ်စွန့်ခွာထွက် ပြေးနေကြရတာ ဖြစ်ပါတယ်။

 

အဲ့ဒီဒေသခံတွေဟာ မြေပုံမြို့နယ် ပေါက်တူးတောင်၊ ကျေးတော၊ စက်ခွေ၊ တပ်ရာ၊ ရေခေါင်းချိန် စတဲ့ကျေးရွာတွေကဖြစ်ပြီး တပ်မတော်စစ်ကြောင်းတွေ ရောက်ရှိလာတတ်တာကြောင့် ထွက်ပြေးနေကြတာ ဖြစ်တယ်လို့ အဲ့ဒီရွာသားတွေက ပြောပါတယ်။

 

“ကျနော်တို့ ထွက်ပြေးလာခဲ့တာက သုံရက်ရှိပါပြီ။ ကျနော်တို့ပေါက်တူးတောင်ရွာကို စစ်တပ်က ဝင်လာတယ်။ စခန်းချပြီးတော့နေတယ်။ ဒါကြောင့် ကြောက်ပြီးတော့ ထွက်ပြေးလာခဲ့တာပါ။”လို့ ကမ်းထောင်းကြီးမြို့ကို ရောက်ရှိနေတဲ့ ပေါက်တူးတောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

အဲ့ဒီကျေးရွာသားတွေဟာ ကမ်းထောင်းကြီးမြို့ကို အများစုထွက်ပြေးလာခဲ့ကြပြီး တချို့အိမ်ထောင်စုတွေကတော့ စိတ္တရနဲ့ သရက်တောင်ကျေးရွာတွေကိုလည်း ရောက်ရှိခိုလှုံနေကြပါတယ်။

 

“အဲ့ဒီရွာသားတွေ ထွက်ပြေးနေကြတာက မြောက်ဦးနဲ့ ကျောက်တော်တို့မှာ ဖြစ်ပွားခဲ့သလို ဖြစ်မှာကို စိုးရိမ်ပြီးတော့ ထွက်ပြေးသွားခဲ့ကြတာပါ။ လောလောဆယ်မှာတော့ တိုက်ပွဲဖြစ်တာတွေလည်း မရှိဘူး။ စစ်တပ်ကတော့ သရက်တောင်ရွာက စာသင်ကျောင်းနှစ်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ စခန်းချထားတယ်လို့ သိရပါတယ်။”လို့ မြေပုံဒေသခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အဲ့ဒီပေါက်တူးတောင်ကျေးရွာအနီးမှာ ရေတပ် နေဗီ( Navy)တစ်စီးကို ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အခုလ ၂၀ ရက်မှာ တပ်မတော်စစ်ကြောင်းက ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

#voiceofmyanmar #မြေပုံ #ကျေးရွာတချို့နေရပ်စွန့်ခွာ #ရခိုင် #တပ်မတော်

Related posts

Leave a Comment

VOM News

FREE
VIEW