ဇီးကုန်း၊ ဇူလိုင် ၂၈ – ၂၀၁၉
မိုးယံ( VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်း စမ်းရွာဂိုဒေါင်အနီးမှာ ဒီနေ့ ဇူလိုင် ၂၈ ရက် နေ့လည် နှစ်နာရီဝန်းကျင်က ဆေးရုံကနေ အာထရာဆောင်းရိုက်ပြီး ပြန်လာတဲ့ ကိုယ်ဝန် ရှစ်လရှိအမျိုးသမီးနဲ့ ခင်ပွန်းတို့ ယာဉ်တိုက်မှုကြောင့် နေရာတင်သေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။
“ကျနော်တို့ ရောက်သွားတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ အမ်ျိုးသားနေရာတင် သေဆုံးနေတာတွေ့ရတယ်။ အက်ထရာဆောင်းရိုက်ပြီး ပြန်လာတာလို့ အနီးဝန်းကျင်က ပြောကြတယ်။ တိုက်မိတဲ့ကားက လမ်းဘေးချောက်ထဲမှာ တစောင်းကျနေတယ်။” သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာရှင်နာရေး ကူညီမှုအသင်းက ကိုဘိုဘိုက ပြောပါတယ်။
ပြည်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ရန်ကုန်ဘက်ကနေ ပြည်ဘက်ကို မောင်းနှင်လာတဲ့ စူပါကာစတန်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ မောင်းလာတဲ့ မယင်းအုပ်စု မယင်းသဲခုံကြီးကျေးရွာနေ အသက် ၃၇ နှစ်ရှိ ကိုအောင်စိုး၊ ဇနီးဖြစ်သူ မခင်မာဝင်းနဲ့ ဗိုက်ထဲက ကလေးတို့ သေဆုံးခဲ့တာဖြစ်ပြီး တစ်ဖက်ယာဉ်မောင်းဖြစ်သူ ကိုထွေး(၄၃ နှစ်) ကို ဖမ်းမိထားပြီလို့ ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။
ဒီယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုထွေးကို ယာဉ်(ပ)၃၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဇီးကုန်းမြို့မရဲစခန်း ဒုရဲအုပ် ဇော်နိုင်ဟိန်းက ပြောပါတယ်။
#voiceofmyanmar #ယာဉ်တိုက်မှု #ပဲခူး #ဇီးကုန်း