ကျောက်တော်မြို့နယ်မှာ တပ်မတော်ပစ်ခတ်လို့ ကိုယ်ဝန်သည်တစ်ဦး ကျည်ထိမှန်

ကျောက်တော်၊ သြဂုတ် ၂ -၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားကုန်းတော်အနောက်ဘက်မုခ်အနီးမှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြတာကြောင့် နေအိမ်မှာ ထမင်းစားနေတဲ့ ကိုယ်ဝန်သည်အမျိုးသမီး ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဇူလိုင်လ ၃၁ ရက် ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ အဲ့ဒီပစ်ခတ်မှုကြောင့် ဘုရားကုန်းတော်ရဲ့အနောက်ဘက် ကပ်လျက်မှာရှိတဲ့ မဟာမုနိကျေးရွာက ကိုယ်ဝန်အရင့်အမာနဲ့ မအေးအေးမြင့် (၂၄ နှစ်)ရဲ့ ညာဘက်လက်မောင်းကို ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

 

“လက်နက်ကြီးကျည်တစ်လုံးပစ်သံကြားလိုက်တယ်။ ပြီးတော့ လက်နက်ငယ်တွေအသံအများကြီး ကြားခဲ့ရတယ်။ ရွာသားတွေလည်း အကုန်လုံးပုန်းနေတာပေါ့။ ပြီးတော့ ရပ်သွားတယ်။ မဖြစ်တော့ဘူးထင်ပြီးတော့ တစ်နာရီလောက်အကြာမှာ ကျနော်တို့မိသားစု ထမင်းစားဖို့ပြင်တယ်။ ထမင်းဝိုင်းထဲထိုင်နေတုန်းမှာပဲ ပြန်ပစ်တယ်။ ရွာဘက်ကိုပစ်တယ်။ ကျနော်တို့က မြေကြီးပေါ်မှာ မှောက်နေလိုက်တယ်။ မိန်းမက ကိုယ်ဝန်နဲ့ဆိုတော့ မှောက်နေလို့မရဘူးတော့ ထပြေးတယ်။ အဲ့ဒီမှာ လက်မောင်းကို ကျည်ထိသွားတာပါ။”လို့ မအေးအေးမြင့်ရဲ့ ခင်ပွန်း ကိုဇော်ဇော်က ပြောပါတယ်။

 

အဲ့ဒီအမျိုးသမီးရဲ့ကျည်ထိဒဏ်ရာဟာ ပြင်းထန်တဲ့အတွက် ကျောက်တော်မြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေရာကနေ သြဂုတ် ၁ ရက် မနက်ပိုင်းမှာတော့ စစ်တွေဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် မအေးအေးမြင့် လွယ်ထားရတဲ့ ကိုယ်ဝန်ဟာ အခုသြဂုတ်လအတွင်းမှာ မွေးဖွားရမှာဖြစ်ပြီး လက်ရှိမှာတော့ ကလေးရော လူကြီးပါစိုးရိမ်ရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

 

“မွေးဖွားခါနီးပြီပေါ့။ မနေ့က ကျည်ထိပြီးလဲကျသွားတဲ့အတွက် သူ့မှာတင်ပါးဆုံလည်းနာနေတယ်။ ဗိုက်ထဲက ကလေးလည်း အရင်လိုမရုန်းတော့ဘူးဖြစ်နေတယ်။ စိုးရိမ်နေရတယ်။”လို့ ယောက္ခမဖြစ်သူ ဒေါ်မအေးယီက ပြောပါတယ်။

 

အဲ့ဒီစစ်ကြောင်းဟာ မဟာမုနိဘုရားကုန်းပေါ်မှာ တပ်စွဲထားတာ နှစ်လကျော်လောက်ရှိနေပြီဖြစ်ပြီး အခုပစ်ခတ်တာဟာ ဘုရားရဲ့အနောက်ဘက်မုဒ်ကနေ ထွက်လာပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

 

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “အဲ့ဒီသတင်းကိုတော့ ကျနော်မကြားမိသေးဘူးဗျ။”လို့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကလည်း တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထမင်းချက်နေတဲ့ လိပ်မကျေးရွာက အမျိုးသမီးတစ်ဦးရဲ့ တင်ပါးကို ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

 

#voiceofmyanmar #ရခိုင် #ကျောက်တော် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW