NLDအစိုးရကိုအယုံကြည်မရှိကြောင်းနဲ့ ရိုဟင်ဂျာဆိုတာမရှိကြောင်း မန္တလေးမှာ စာတွေလိုက်ကပ်

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့ ယူအန်အလိုမရှိ အန်အယ်လ်ဒီ အစိုးရကိုအယုံအကြည်မရှိ မြန်မာနိုင်ငံမှာ ခိုးဝင်ဘင်္ဂလီပဲရှိပြီး ရိုဟင်ဂျာတိုင်းရင်းသားဆိုတာမရှိ၊ မြန်မာ့သမိုင်းကို သွေးဖြင့်ဆေးမည်ဆိုတဲ့ စာတွေ မန္တလေးက ဓါတ်တိုင်တွေနဲ့ လူစည်ကားတဲ့နေရာတချို့မှာ လိုက်ကပ်တာရှိနေပါတယ်။

” လမ်းဘေးဓာတ်တိုင်တွေမှာလိုက်ကပ်ထားတာပေါ့ဗျာ၊ကျွန်တော်တို့တွေ့တာကတော့ ည(၈း၅၀)အချိန်လောက်ကပေါ့ ၊ကပ်တဲ့သူတွေကိုတော့စုံစမ်းဆဲပါပဲ တခြားထူးထူးခြားခြားတော့ မရသေးပါဘူး”လို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောပါတယ်။

အေဖိုးလျှောက်လွှာစာရွှက်တွေပေါ်မှာ အင်္ဂလိပ်၊မြန်မာဘာသာနှစ်မျိုးနဲ့ ရေးထားပြီး မဟာအောင်မြေမြို့နယ်အပါအဝင်၊ ချမ်းမြသာစည် ၊ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ် ၄ခုမှာလည်း တွေ့ရှိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဒီလှုပ်ရှားမှုနောက်ကွယ်မှာ မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်တဲ့အကြောင်း
” ဒီလိုစာရွက်လာကပ်တာ ခုဆို လူထုကြားပြန့်နှံ့နေပြီလေ ကျွန်တော်တို့က မဟာအောင်မြေမြို့နယ်ထဲကဆိုတော့ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဒီအကြောင်းကလူတိုင်းပြောနေကြတယ်၊ဒီလိုစာကပ်တာက ဘာသာရေးကိုအခြေခံပြီး လူမျိုးရေးပဋိပက္ခတွေဖြစ်မှာလည်း စိုးရိမ်တယ်ပေါ့ဗျာ “လို့ ပြောပါတယ်။

စာကပ်တဲ့လှုပ်ရှားမှုဟာ မဟာအောင်မြေမြို့နယ်မှာ အများဆုံးဖြစ်တာမို့ ဘာသာရေးအရကြည့်မယ်ဆိုရင် ဘုန်းကြီးကျောင်းတွေနဲ့ အစ္စလာမ်ဘာသာဝင်အများစုလည်း ရှိနေတာမို့ ဘာသာရေးအကြောင်းပြု ပဋိပက္ခတွေဖြစ်လာမှာကို ဒေသခံတော်တော်များများမှ စိုးရိမ်မကင်းဖြစ်နေတယ်လို့ ထင်မြင်ယူဆကြောင်း ဒေသခံတွေကပြောကြပါတယ်။

ဒီလှုပ်ရှားမှုကို မြန်မာအမျိုးသားကွန်ယက်ကလုပ်တယ်လို့ Myanmar Muslim Mediaဆိုတဲ့ လူမှုကွန်ယက်စာမျက်နှာတခုကရေးထားပေမယ့် မြန်မာအမျိုးသားကွန်ယက်ကတော့ သူတို့လုပ်တာမဟုတ်ကြောင်းနဲ့ Swallows groups မှ ဆောင်ရွက်ခြင်းဖြစ်ပြီး မန္တလေး၊ လားရှိုး၊ မြဝတီ၊ မော်လမြိုင်မြို့များတွင် တပြိုင်နက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာ့အမျိုးသားကွန်ယက် ဥက္ကဌ ဦးသီရိမောင်ရဲ့ ဖေ့ဘုတ်မှာဖေါ်ပြထားပါတယ်။

မန္တလေးဒေသခံတွေကြားမှာတော့ ညပိုင်းမှာ လူကို အသက်အန္တရယ်ပြုပြီး ပစ္စည်းလုယက်တာတွေရှိနေတာအပြင် ခုရက်ပိုင်း စားသောက်ဆိုင်တွေကို ည၉နာရီပိတ်ရမယ်ဆိုတာတွေကြောင့် ညပိုင်းမှာ ဒေသခံတွေ သိပ်မထွက်ရဲကြပဲ ဖြစ်နေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW