ဆောမြို့ ကျောက်မီးသွေးတွင်း ကယ်ဆယ်ရေး ရပ်ဆိုင်း

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မကွေးတိုင်း ဆောမြို့နယ် ကျောက်မြောင်းရွာက ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသူ ၄ ယောက်ကို ကယ်ဆယ်ဖို့ မဖြစ်နိုင်တော့လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တော့မယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ကျောက်မီးသွေးတွင်း ပြိုကျပြီး လမ်းပိတ်နေတာရယ်၊ တွင်းထဲမှာ မီသိန်းဂက်စ်ငွေ့တွေ ပြည့်နေတာရယ်ကြောင့် ကယ်ဆယ်ရေးသမားတွေအတွက် အသက်အန္တရာယ်ရှိနေတာမို့ ကယ်ဆယ်ရေးကို ရပ်ဆိုင်းရတာဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။


“မနေ့က ကယ်ဆယ်ရေးသမားတွေရယ်၊ သတ္တုတွင်း ညွှန်ချုပ်ရယ် တွင်းထဲကိုဆင်းကြတယ်။ သူတို့ အနက်ပေ ၄၀၀ လောက်ကိုအရောက်မှာ လမ်းကပြိုပြီး ပိတ်နေတာကိုတွေ့တယ်။ ပြီးတော့ အထဲမှာ ဂက်စ်အနံ့တွေ တအားနံနေတာ၊ အန္တရာယ်တအားများတော့ သူတို့ ဆက်နေလို့ မရတော့လို့ ပြန်တက်လာကြတယ်။ အခြေအနေကို သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ ဆက်ဆင်းဖို့ မဖြစ်နိုင်တော့တာကြောင့် စိတ်မကောင်းစွာနဲ့ပဲ အခုလို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ရတာပါ” လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးစံဝင်းက ရှင်းပြပါတယ်။

ကယ်ဆယ်ရေးသမားတွေ အပြောအရ ကျောက်မီးသွေးတွင်းထဲမှာ အပုတ်နံ့တွေလည်း ရတာကြောင့် ပိတ်မိသူ ၄ ယောက်ဟာ အသက်ရှင်လျက် မရှိနိုင်တော့ဘူးလို့ သိရပါတယ်။

ဆောဒေသမှာ မိုးများနေတာကြောင့် ကျောက်မီးသွေးတွင်းဟာ ဒီထက်ပိုပြီး ပြိုနိုင်တဲ့ အခြေအနေမျိုးတွေလည်းဖြစ်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းရတာလည်းဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မီးသွေးတွင်းထဲ ကျန်နေတဲ့သူ လေးယောက်ကတော့ ဦးညီညီ (၃၂နှစ်) ကုန်းဇောင်းရွာ၊ ပွင့်ဖြူမြို့နယ်၊ ဦးကျော်မင်းထွန်း (၃၀နှစ်) အုန်းပင်ရွာ၊ ပင်လယ်ဘူးမြို့နယ်၊ ဦးထွန်းမောင် (၃၀နှစ်) လေသာရွာ၊ ဝန်းသိုမြို့နယ်၊ ဦးအောင်အောင်(၃၀နှစ်) ပဒါန်းကျေးရွာ
ငဖဲမြို့နယ်တို့ ဖြစ်ကြပါတယ်။

လတ်တလောမှာတော့ သတ္တုတွင်းကြီးဌာနက ညွှန်ချုပ်ဦးကိုကိုလှိုင်အပါအဝင်၊ မကွေးတိုင်းအစိုးရအဖွဲ့ဝင်တွေ၊ မြို့နယ်ထွေအုပ်ရုံးတာဝန်ရှိသူတွေက ကျောက်မီးသွေးတွင်း ပြိုကျရမှုအကြောင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လေ့လာတွေ့ရှိချက်တွေအပေါ် မူတည်လို့ လုံခြုံရေးအရ ဒီကျောက်မီးသွေးတွင်းကို ရာသက်ပန် ပိတ်သင့်မပိတ်သင့် ဆုံးဖြတ်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW