ဒီနေ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ လက်ရှိအစိုးရလက်ထက်မှာ ပိုမိုကျဆင်းနေတယ်ဆိုတာ ကမ္ဘာကရော မြန်မာပြည်မှာလုပ်နေတဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းကပါ အသံကျယ်ကျယ်နဲ့ ပြောနေကြချိန်ဖြစ်ပါတယ်။
ရိုက်တာသတင်းထောက် ၂ယောက်ကို အလုပ်နဲ့ ထောင် ၇နှစ်ချလိုက်လို့ ကမ္ဘာကြီးရဲ့ ဝေဖန်သံတွေညံနေဆဲအချိန်မှာပဲ ခု Weekly Eleven သတင်းဌာနက အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ် စုစုပေါင်း ၃ယောက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူအများက အကြည်ညိုပျက်အောင် အယုံကြည်မဲ့အောင်လုပ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက အရင်စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချလေ့ရှိတဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်လိုက်ပြန်ပါတယ်။
ဒီပုဒ်မမှာ “အများပြည်သူအကြား အကြောက်တရား၊ သို့မဟုတ် ထိတ်လန့်မှု ဖြစ်စေရန် ရည်ရွယ်ကာ” သတင်းအချက်အလက်များ ထုတ်ဝေဖြန့်ချိသည့် ဆောင်ရွက်မှု လို့ဖွင့်ဆိုထားပြီး အာမခံမရဘဲ ထောင် ၂နှစ် ချနိုင်ပါတယ်။ ဒီပုဒ်မ ၅၀၅ (ခ) ဆိုတာ နိုင်ငံရေးလှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ ၂၀၁၀ ရှေ့ပိုင်း အစိုးရအဆက်ဆက်က တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တာကို အားလုံးအသိဖြစ်ပါတယ်။
ခု အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆိုတဲ့ ဆောင်းပါးကြောင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားလိုလုပ် တရားစွဲဆိုခဲ့တယ်လို့ သိရတဲ့အတွက် သတင်းမီဒီယာလောကအတွက် ရတက်မအေးဖြစ်မိပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်ပြဋ္ဌာန်းထားတဲ့ မီဒီယာဥပဒေဆိုတာလည်းရှိနေပြီး သတင်းမီဒီယာနဲ့ပတ်သက်ရင် အစိုးရအနေနဲ့ ဆက်သွယ်ဆောင်ရွက်ရမယ့် မီဒီယာကောင်စီဆိုတာလည်း ရှိနေပြီးဖြစ်ပါလျှက် ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေလို့ ယူဆထားတဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုတာဟာ လုံးဝ(လုံးဝ) သင့်တော်မှုမရှိဘူးလို့ ယူဆပါတယ်။
အစိုးရ ၊ လွှတ်တော်နဲ့ တရားစီရင်ခွင့်ရှိသူတွေအနေနဲ့ ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်နေကြသလို မီဒီယာဟာလည်း သူ့အလုပ်သူလုပ်နေကြတာသာဖြစ်ပါတယ်။ ဒီလိုဝေဖန်ထောက်ပြတဲ့ ကိစ္စကြောင့် အစိုးရကို အကြည်ညိုပျက်တယ်ဆိုတာလည်း မဖြစ်နိုင်တာမို့ Weekly Eleven သတင်းသမားတွေကို စွဲဆိုထားတဲ့ပုဒ်မကို ပြန်လည်စဉ်းစားသင့်ပါတယ်။
အယ်ဒီတာ
Voice Of Myanmar