အနှိပ်ခန်းပိုင်ရှင်အား အမည်မသိသေနတ်သမားတဦးမှ ပစ်ခတ်

ဖားကန့် – အောက်တိုဘာ ၁၉၊ ၂၀၁၈

ဇော်မိုးထက်

 

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာတွင် အနှိပ်ခန်းလုပ်ငန်းတခုကို အမည်မသိ သေနတ်သမားတယောက်က ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ခင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်ခံရသူဟာ အနှိပ်ခန်းပိုင် ဒေါ်သိန်းဖြစ်ပြီး ချက်အထက်ဝမ်းဗိုက်ကို သေနတ်ထိမှန်ခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

“ဒီမနက်က ဖြစ်တာပါ။ ချက်အထက် ဝမ်းဗိုက်ကိုသေနတ်တချက် ထိမှန်တာပါ။ ဖားကန့်ဆေးရုံမှာတင်ထားပါတယ် အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး “လို့ ဖားကန့်မြို့နယ် ရဲမှူးကြီးက ပြောပါတယ် ။

ပစ်ခတ်မှုဟာ အနှိပ်ခန်းအတွင်း ဝင်ရောက်အနှိပ်ခံရာမှ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“အနှိပ်ခန်းထဲမှာ အနှိပ်ခံတုံး ကောင်မလေးနဲ့ အဆင်မပြေဖြစ်ရာကနေ စဖြစ်တာလို့ပြောတယ်ဗျ။ သေနတ်သံကြားလို့ ကျနော်တို့ရောက်သွားတော့ ဒေါ်သိန်းက သေနတ်မှန်ထားပြီ။ သေနတ်သမားက သူ့ဆိုင်ကယ်ကို ပြန်လာတွန်းတုန်း လူတွေ ဝိုင်းလိုက်မယ် လုပ်တော့ သေနတ်နဲ့ တချက် ပြန်ပစ်တယ်ဗျ၊ ကျနော်တို့ဘယ်သူမှ မကပ်ရဲတော့ဘူး “လို့ အမည်မဖော်လိုသူ မျက်မြင်တဦးက ပြောပါတယ်။ သေနတ်သမားဟာလည်း မည်သူမည်ဝါဆိုတာ မသိရဘူးလို့လည်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်ကလည်း ယခုအခင်းဖြစ်တဲ့ နေရာနဲ့ ချောင်းတဖက်ကမ်းက စပေါ့ကျေးရွာနေ ဦးညွှန်ဆွေ (ခ) ဖက်တီးကို  အမည်မသိသေနတ်သမား သုံးဦးက ပစ်ခတ်ခဲ့ပြီး အသက်မသေပဲ သေနတ်ဒဏ်ရာများသာ ရရှိခဲ့ပါတယ်။

မနှစ်က သြဂုတ်လအတွင်းမှာလည်း ကံခါကျေးရွာနေ ဆွတ်အောင်ရွာ ရာအိမ်မှူးဟောင်း ဦးတင့်ဆန်းကို သေနတ်ဖြင့် တေ့ပစ်တဲ့ ဖြစ်စဉ်တခု ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သေနတ် ကျည်မထွက်တာကြောင့် သူဟာ အသက်ဘေးက လွတ်ခဲ့ပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း သေဆုံးသူ ဆယ်ဦးခန့် ရှိခဲ့ပြီး အသက်မသေပဲ ဒဏ်ရာရရှိသူ သုံးဦးရှိတယ်လို့ ရဲမှတ်တမ်းများအ ရသိရပါတယ်။ ဒီလို အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်တဲ့ တရားခံတွေကိုတော့ ခုချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

(Photo – Facebook)

 

Related posts

Leave a Comment

VOM News

FREE
VIEW