မုံရွာမြို့ ဆုတောင်းပြည့်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်မှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် လုံခြုံရေးချထားမည်

မုံရွာ၊ အောက်တိုဘာ ၂၅၊ ၂၀၁၈

ဗျဂ္ဃ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ နာမည်ကြီးပွဲတော် တခုဖြစ်တဲ့ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့ကနေ လကွယ်နေ့ထိ ၁၀ ရက်ကြာ ပြုလုပ်သွားမှာပါ။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူတွေ၊ ဈေးဝယ်သူတွေ စိတ်အေးချမ်းသာစေဖို့အတွက် ဘုရားကြီးပွဲဈေးအပြင်ဖက်ကနေ ခိုးဆိုးလုနှိုက်၊ မူးယစ်ရမ်းကားတွေကို စိစစ်ကြပ်မတ်သွားမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှုးက  ပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၁၂၀ နဲ့ လုပ်ဆောင်သွားမယ်။ ရဲတပ်ဖွဲ့အပြင် မီးသတ်တပ်ဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့လည်း အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်းဆိုပြီး နေရာ ၁၃ နေရာခွဲကာ လုပ်သွားပါမယ်။ ပွဲခင်းအတွင်း ခိုးဆိုးလုနှိုက်တွေ မဖြစ်စေဖို့အတွက်လည်း အရပ်ဝတ်ရဲတွေနဲ့ စောင့်ကြည့်သွားမှာဖြစ်ပါတယ်”လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ကျော်လှိုင်က ပြောပါတယ်။

ဆုတောင်းပြည့် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်အပါအဝင် အညာဒေသ ဘုရားပွဲတော်တွေက ဘုရားပွဲသီးသန့်မဟုတ်ဘဲ ဒေသတွင်း ကုန်စည်ဖလှယ်ရာ ပွဲတွေလည်း ဖြစ်ပါတယ်။ ပွဲဈေးတွေမှာ မီးဖိုချောင်သုံးပစ္စည်းတွေကနေ လူသုံးကုန်ပစ္စည်းတွေအထိ ဝယ်ယူနိုင်ပါတယ်။

အနယ်နယ်အရပ်ရပ်က ၁၂ ပွဲဈေးသည်တွေဟာလည်း ဆိုင်နေရာ ပြင်ဆင်ခင်းကျင်းနေကြ ပြီဖြစ်ပါတယ်။ ဆုတောင်းပြည့်ဘုရားကြီး ဂေါပကအဖွဲ့ကတော့ နေအိမ်တွေလမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်မှာစိုးတဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေမှ ဈေးဆိုင်စဆောက်လုပ်ခွင့်ပေးထားပြီး တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့မှာ ပြန်လည်ဖျက်ကြဖို့ ပြောဆိုထားပါတယ်။

ရွှေစည်းခုံဘုရားဝန်းကျင်က ဈေးဆိုင်တွေကတော့ စတင်ရောင်းချနေကြပြီ ဖြစ်ပါတယ်။ ဆုတောင်းပြည့်ဘုရားပွဲကို နှစ်စဉ်ကျင်းပမြဲအတိုင်း ကျင်းပသွားမှာဖြစ်ပြီး ဈေးဆိုင်ခန်းခတွေလည်း ပြောင်းလဲမှု မရှိသလို မန္တလေး ဇာတ်ပွဲတွေလည်း ၆ ညတိတိ တင်ဆက်ကပြ မယ်လို့ ဂေါပက အဖွဲ့ကဆိုပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW