အချစ်တခုနဲ့ ဘဝလမ်းတူတူလျှောက်ကြတော့မယ့် ရွှေထူးနဲ့ ရွှေမှုံရတီ

Glory (VOM)

ပရိသတ်စိတ်ဝင်စားနေတဲ့ အကြောင်းအရာကတော့ မကြာမီလက်ထပ်တော့မယ်လို့ အသိပေးလိုက်တဲ့ အဆိုတော်ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ဦးရဲ့မင်္ဂလာပွဲသတင်းပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးက ချစ်သူဖြစ်ပြီး မကြာခင်မှာပဲ လက်ထပ်တော့မယ်လို့ ပရိသတ်ကို အသိပေးပြောဆိုလိုက်တဲ့အခါမှာ နှစ်ဦးစလုံးရဲ့ ပရိသတ်တွေက အံ့သြသင့်ခဲ့ရတာ ဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့ကို လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးရင် ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာလည်း ဒီနှစ် ဇွန်လပိုင်းလောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချစ်သူတွေဖြစ်ပြီလို့ ပရိသတ်ကို အတိအလင်းကြေညာခဲ့ကြပါတယ်။

ရွှေထူးကတော့ လက်ရှိမှာအသက် ၂၇နှစ်ရှိပြီဖြစ်ပြီး ဂီတလောကမှာ လူငယ်ပရိသတ်များစွာရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ အဆိုတော်တဦးဖြစ်ပြီး ရွှေမှုံရတီက အသက် ၂၀ရှိပြီဖြစ်ကာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတဦးလည်းဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးစလုံးက အများရဲ့ ဝေဖန်ခြင်းကို အများအပြားရရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦးကို သိပ်မကြာဘူးလို့ဝေဖန်ပြောဆိုသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ရွှေထူးရဲ့မွေးနေ့မှာတော့ ရွှေမှုံရတီက မွေးနေ့အလှူအပါအဝင် စပရိုက်မွေးနေ့လက်ဆောင်ကိုပါပေးခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ အချစ်ရေးက ပိုမိုခိုင်မာလာတာကို တွေ့မြင်ခဲ့ရပါတယ်။

ရွှေထူးနဲ့ ချစ်သူမဖြစ်ခင်က အချေမင်းသမီးလို့နာမည်ကြီးပြီး ကမ္ဘာကျော်နာမည်ကြီးတံဆိပ်အမျိုးမျိုးကို ဆင်မြန်းခဲ့တဲ့ ရွှေမှုံရတီက ရွှေထူးနဲ့ ချစ်သူဖြစ်ပြီး ပုဂံမှာ ရာဘာဖိနပ်စီးလို့ ဆိုင်ကယ်နောက်ကနေလိုက်ပါပြီး ချစ်သူနဲ့ အတူတူပျော်ရွှင်တဲ့ပုံတွေတက်လာတာကြောင့် အများက ရွှေမှုံရတီရဲ့ အချစ်ကို အံ့သြသင့်ခဲ့ရပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာတော့ ရွှေမှုံရတီက သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဘာလို့လဲ? ချစ်မိသွားလို့ ဆိုတဲ့ စာသားနဲ့အတူ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲဖိတ်စာတွေကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

အနုပညာရှင်တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေကတော့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကားများ ပြောဆိုပေးခဲ့ကြပါတယ်။ မကြာသေးခင်ကလည်း နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ပွဲဓာတ်ပုံတွေ တက်လာခဲ့ပါသေးတယ်။

ပရိသတ်အချစ်တော်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ဘယ်သူတွေဘယ်လိုဝေဖန်မှုတွေ ရှိနေရှိနေ သူတို့ရဲ့ အချစ်နဲ့ ဘဝတခုကို ထူထောင်ကြတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံများ – ရွှေမှုံရတီဖေ့ဘုတ်

Related posts

Leave a Comment

VOM News

FREE
VIEW