ဗျူဟာပြောင်းသင့်တဲ့ အန်အယ်လ်ဒီ

နိုဝင်ဘာ ၄၊ ၂၀၁၈

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ  နိုဝင်ဘာ ၃ရက်နေ့က အောင်မြင်အေးချမ်းစွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အောင်မြင်တယ်ဆိုတာကလည်း  မဲဆန္ဒရှင်ဘယ်လောက်လာမှ အောင်မြင်တယ်ဆိုတဲ့ သတ်မှတ်ချက် မရှိလို့သာ အောင်မြင်တယ်လို့ ပြောရတာပါ။ ဥပမာ လွှတ်တော်တို့ အစည်းအဝေးတို့မှာ စည်းဝေးတက်ရောက်ခွင့်ရှိသူ ၅၀ ရာနုန်းကျော်မှ အထမြောက်တယ်ဆိုတာမျိုးသာ သတ်မှတ်ထားရင် ဒီရွေးကောက်ပွဲ အထမမြောက်ဘူးဆိုတာ ဖြစ်လာမှာပါ။ တကယ်တမ်းလက်ရှိအခြအနေမှာ မဲရုံတွေကိုမဲလာပေးဖို့ မဲဆန္ဒရှင်တွေက စိတ်မပါဘူးဆိုတာ တွေ့ရပါတယ်။ တချို့မဲရုံတွေမှာဆို မဲပေးခွင့်ရှိသူရဲ့ ၁၀ရာနုန်းတောင် မပြည့်တာ တွေတွေ့ရပါတယ်။ မဲလာမပေးသူများတဲ့အတွက် အမာခံပါတီဝင်ရှိတဲ့ ပါတီတွေကသာ အနိုင်ရတယ်ဆိုတာတွေ့ရမှာပါ။

ခုရွေးကောက်ပွဲ ၁၃ နေရာကျင်းပတာမှာ အန်အယ်လ်ဒီဟာ ရန်ကုန်တိုင်း တာမွေ၊ မန္တလေးတိုင်း မြင်းခြံ၊ မန္တလေးတိုင်း သပိတ်ကျင်း၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ၊ ပဲခူးတိုင်းအုတ်တွင်း ၊ မကွေးတိုင်း မင်းဘူး နဲ့ ချင်းပြည်နယ် ကန်ပက်လက်မှာဘဲ အနိုင်ရခဲ့ပြီး ရှမ်းပြည်နယ်လဲချား၊ ရန်ကုန်ဆိပ်ကမ်း၊ ချင်းပြည်နယ် မတူပီ၊ စစ်ကိုင်းတိုင်း တမူး၊ ရခိုင်ပြည်နယ် ရသေ့တောင်၊ ကချင်ပြည်နယ် မြစ်ကြီးနား  မှာ အရေးနိမ့်ခဲ့ပါတယ်။  ချင်းပြည်နယ် ကန်ပက်လက်နဲ့ သပိတ်ကျင်းတို့မှာ နိုင်တယ်ဆိုတာတောင်  မဲအရေအတွက် သိပ်မပြတ်တာကိုတွေ့ရတဲ့အတွက် အာဏာရပါတီအန်အယ်လ်ဒီအနေနဲ့ တခုခုချို့ယွင်းနေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ဘာတွေတွေ့ရသလဲဆိုရင် အန်အယ်လ်ဒီဟာ လစ်လပ်နေရာမှန်သမျှ အကုန်ဝင်ပြိုင်ခဲ့ပြီး ဘယ်တိုင်းရင်းသာပါတီနဲ့မှ မဟာမိတ်မသတ်မှတ်တာကို တွေ့ရပါမယ်။  တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားတွေရဲ့ အသိက အရင်လိုမဟုတ်တော့ပဲ ကိုယ့်တိုင်းရင်းသားကို အားပေးမှဖြစ်မယ်ဆိုတဲ့ အသိတွေ အရင်ထက်ပိုသိနေကြပါတယ်။ ဒါ့ကြောင့် အန်အယ်လ်ဒီဟာ ဗမာပါတီမဟုတ်ဘူးဆိုတာ သက်သေပြတဲ့အနေနဲ့ လဲချားမှာ အာစီအက်စ်အက်စ်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ယွက်စစ်နဲ့ ဒေါ်အောင်ဆန်းကြည် တွဲရိုက်ထားတဲ့ပုံကို အသုံးပြု မဲဆွယ်တဲ့ အဆင့်ထိ ဖြစ်ခဲ့ရပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်  ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်ကို နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် အစိုးရခရီးစဉ်အနေနဲ့ သွားခဲ့ရတဲ့ အခြေအနေကိုလည်း ဘေးကမသွားသင့်ဘူးလို့ ဝေဖန်သံတွေ ညံခဲ့ပါသေးတယ်။

ဒါပေမယ့် မြစ်ကြီးနားမှာ အမျိုးသားလွှတ်တော်နေရာအတွက် အန်အယ်လ်ဒီအရေးနိမ့်ခဲ့ပြီး ကန်ပက်လက်မှာ ကံကောင်းလို့ နိုင်တယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ နိုင်ခဲ့ပါတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ အန်အယ်လ်ဒီဟာ နယ်ခံတိုင်းရင်းသားတွေကို အင်နဲ့အားနဲ့ပြိုင်ခဲ့ပေမယ့် ခုရလာဒ်ကိုကြည့်ရင် ကြိုးစားသလောက် အရာမထင်တာတွေ့ရမှာပါ။ ဒါ့အပြင် ဒုတိယအားအကောင်းဆုံးလို့ ဆိုရမယ့် ပြည်ခိုင်ဖြိုးပါတီက ၃နေရာ အနိုင်ရတာကိုလည်း စဉ်းစားစရာ သင်ခန်းစာတပုဒ်အဖြစ် အဖြေထုတ်ကြည့်သင့်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ဘာ့ကြောင့်နိုင်သလဲဆိုရင် အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ဆိပ်ကမ်းမဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ၉ ဦးပြိုင်တော့ မဲတွေက ပြားသွားပြီး  အမာခံမဲပေးသူများတဲ့ ပြည်ခိုင်ဖြိုးက နိုင်သွားသလို တမူးမှာလည်း  ချင်းတို့ ဇိုမီးတို့ တိုင်းရင်းသားပါတီတွေကို အန်အယ်လ်ဒီက ယှဉ်ပြိုင်တော့ မဲကပြားသွားပြီး အမာခံ မဲထည့်မယ့်သူရှိတဲ့ ပြည်ခိုင်ဖြိုးကပဲ နိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမှာလည်း အလားတူဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။

ဒါတွေကိုကြည့်ပြီး အန်အယ်လ်ဒီအနေနဲ့ ဒီကြားဖြတ်အတွေ့အကြုံကို သင်ခန်းစာကောင်းကောင်းအဖြစ် အသုံးချ ပြုပြင်သွားသင့်ပါတယ်။ ဒီအတိုင်းဆက်သွားရင်တော့ လာမယ့်ရွေးကောက်ပွဲတွေမှာ ဒီပုံစံမျိုး အလားတူတဲ့ ရလာဒ်တွေထွက်လာမှာမို့ ပြည်သူ့အသံကို ပြုပြင်ချင်စိတ်အပြည့်နဲ့ သေချာနားထောင်ပြီး  ပြောင်းလဲသင့်တာ ပြောင်းလဲဖို့လိုပြီဆိုတာ သဘောပေါက်သင့်ပါတယ်။

အရေးကြီးတဲ့အချက်ကတော့ မဲဆန္ဒရှင်တွေကိုယ်တိုင် ကိုယ့်ရဲ့မဲတပြားဟာ တန်ဖိုးကြီးတယ်ဆိုတာ သိနားလည်ပြီး မဖြစ်မနေမဲသွားထည့်ဖြစ်အောင် ထည့်ဖို့်၊ ရွေးကောက်ပွဲ ယဉ်ကျေးမှုဟာ အရေးကြီးတဲ့အကြောင်း လှုံ့ဆော်တိုက်တွန်းသင့်ပါတယ်။

 

အယ်ဒီတာ

Related posts

Leave a Comment

VOM News

FREE
VIEW