နိုဝင်ဘာ ၈၊ ၂၀၁၈
Voice Of Myanmar
တက္ကသိုလ် ဆရာ / ဆရာမတွေကို ရာထူးတိုးခန့်ထားရေးမှာ တန်းစီဇယား စနစ်ကို သုံးစွဲတာဟာ တရားမျှတမှုမရှိဘူးဆိုပြီး ဒီစနစ်ကို တက္ကသိုလ်များ သမဂ္ဂကနေ ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ချက်တစောင် ထုတ်ပြီး ကန့်ကွက်လိုက်ပါတယ်။
ရတနာပုံ တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ တောင်ကြီး တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်တွေက ဆရာများ သမဂ္ဂတွေက ပူးပေါင်းပြီး ထုတ်ပြန်လိုက်တဲ့ ဒီစာမှာ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရာထူးတိုး တန်းစီဇယားဟာ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ မကိုက်ညီသလို အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းနဲ့လည်း ကွဲလွဲနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ သမဂ္ဂတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဒီကိစ္စ ဆွေးနွေးကြတုန်းက ပြေလည်ပြီးသားဖြစ်ပေမယ့် အခုကျတော့ ဆွေးနွေးခဲ့တာတွေနဲ့ ကွဲလွဲတာတွေ ရှိနေတယ်။ အခု ထုတ်ပြန်လိုက်တဲ့ ရာထူးတိုးတန်းစီဇယားမှာ တကယ်တမ်း အရည်အချင်းပြည့်မှီတဲ့သူတွေ လုပ်သက်အရ အရည်အသွေးပြည့်မှီတဲ့သူတွေက ရာထူးတိုးထဲပါမလာပဲ နစ်နာတာတွေ ရှိနေတယ်” လို့ ရတနာပုံတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဌ ဦးသုတက ပြောပါတယ်။
ဒါကြောင့် ပညာရေး ဝန်ကြီးဌာနအနေနဲ့ ဒီရာထူးတိုး တန်းစီးဇယားကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အမျိုးသားပညာရေး ဥပဒေတွေနဲ့အညီ ပြန်လည်ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုတဲ့အကြောင်း တက္ကသိုလ် ဆရာများ သမဂ္ဂဝင်တွေက ဆိုကြပါတယ်။
