အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု အလုပ်မဖြစ်ဘူးလို့ အီရန်သမ္မတရူဟာနီ တုံ့ပြန်

 

တီဟီရန်၊ နိုဝင်ဘာ-၁၁-၂၀၁၈
မျိုးဆက် (VOM)

အီရန်နိုင်ငံအပေါ် အမေရိကန်ဟာ ယခင်ကတည်းက အရေးယူပိတ်ဆို့မှုတွေ ချထားတဲ့အတွက် အခု နောက်ဆုံးချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေက အလုပ်မဖြစ်ဘဲ အီရန်၏ စီးပွားရေးအပေါ် သက်ရောက်ခြင်းမရှိဘူးလို့ အီရန်သမ္မတ ရူဟာနီက နိုဝင်ဘာ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန်ဟာ ရှိသမျှနည်းလမ်းတွေနဲ့ အရေးယူပိတ်ဆို့မှုအားလုံးကို အသုံးပြုပြီးဖြစ်တာကြောင့် အီရန်စီးပွားရေးအပေါ် မည်သည့်သက်ရောက်မှုမှမရှိဘဲ မိမိတို့ကို ဆန့်ကျင်ဖို့အတွက် အသုံးပြုဖို့ နောက်ထပ် နည်းလမ်း အသစ်မရှိတော့ဘူးလို့ ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှာ ရူဟာနီက ပြောဆိုလိုက်တာဖြစ်ပါတယ်။

အီရန်နျူကလီးယားသဘောတူညီချက်ဟာ ချို့ယွင်းချက်တွေရှိနေတဲ့ အဆိုးရွားဆုံး သဘောတူညီချက် လို့သတ်မှတ်ပြီး အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွအကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုထားတဲ့ စာချုပ်ကနေ မေလအတွင်းက အမေရိကန်နှုတ်ထွက်လိုက်ပြီးနောက်မှာတော့ အီရန်ရဲ့ ရေနံကဏ္ဍကိုအဓိက ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က နိုဝင်ဘာ ၄ ရက်မှာ ပြန်လည်ချမှတ်လိုက်ပါတယ်။

ဒါပေမယ့် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လိုက်ရာမှာတော့ နိုင်ငံရှစ်နိုင်ငံကို အီရန်ထံက ရေနံဝယ်ယူတင်သွင်းခွင့်တွေကို ယာယီခွင့်ပြုထားမှာဖြစ်တယ်လို့ အမေရိကန်က ပြောဆိုထားပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှုကို လုံးဝဖြတ်တောက်နိုင်ခြင်းမရှိတာကို ရှင်းရှင်းလင်း မြင်တွေ့ရတယ်လို့ အီရန်ပါလီမန်နှင့် တရားစီရင်ရေးခေါင်းဆောင်များနှင့် အပတ်စဉ်တွေ့ ဆုံပွဲပြီးနောက် သမ္မတရူဟာနီက ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် အီရန်ရဲ့ ရေနံဝယ်ယူနေတဲ့ မိတ်ဖက်နိုင်ငံတွေရှိကြောင်းနဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ကြောက်ရွံ့နေမှာ မဟုတ်ဘဲ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ၎င်းက ပြောပါတယ်။

Ref: Israelnationalnews
Photo-Reuter
#voiceofmyanmar #အမေရိကန်အရေးယူပိတ်ဆို့မှု #ရူဟာနီ

Related posts

Leave a Comment

VOM News

FREE
VIEW