စစ်ကိုင်းတိုင်းမှာ တံတား ၆၉ စင်းကို အိန္ဒိယက ၃ နှစ်အတွင်း တည်ဆောက်ပေးမည်

 

မုံရွာ နိုဝင်ဘာ ၁၅-၂၀၁၈

ဗျဂ္ဃ (Voice Of Myanmar)

အိန္ဒိယ-မြန်မာချစ်ကြည်ရေးကို ရှေးရှုကာ ၂ နိုင်ငံသဘောတူညီချက်ဖြင့် အိန္ဒိယနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၂၄၅ သန်းအကုန်အကျခံပြီး ပြည်ထောင်စုလမ်းဖြစ်တဲ့ ကလေးဝ-ကလေး-ကျီကုန်း-တမူးလမ်းမပေါ်ရှိ တံတား ၆၉ စင်းကို ၃ နှစ်အတွင်း အပြီး အဆင့်မြှင့်တင် တည်ဆောက်ပေးသွားမယ်လို့သိရပါတယ်။ ဒီလမ်းမပေါ်မှာ တံတားအစင်းပေါင်း ၇၁ စင်းရှိပေမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၅၀၀ နဲ့ရေနံချောင်းတံတား၊ ၂၀၁၃-၁၅ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်း ၉၃၆.၅သန်းနဲ့ ဝါးရဲချောင်းတံတားတို့ကို တည်ဆောက်ခဲ့ပြီးဖြစ်လို့ ၆၉ စင်းသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

“လောလောဆယ် မြေလွှာစစ်ဆေးခြင်း (Soil Test) လုပ်နေပြီ။ ပြီးတော့ လမ်းချဲ့ဖို့ လမ်းနယ် တဖက်ကို ၇၅ ပေစီပေါ့။ သူတို့ပြောတဲ့အဆိုအရ ပေ ၆၀ ထိလျောစောက်လုပ်ရမယ့်နေရာတွေပါ ရှိတယ်လို့ ပြောတယ်။ အဲဒီအတွက်  လိုအပ်တဲ့မြေအကျယ်ထဲမှာ ပါနေတဲ့ သစ်ပင်စားပင်တွေ၊ စိုက်ပျိုးမြေတွေ ဒါတွေကို လတ်တလော ရအောင် ညှိနှိုင်းဆောင်ရွက်နေတာရှိတယ်။”လို့ စစ်ကိုင်းတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။

လက်ရှိအနေအထားအရ ရှိနေတဲ့ တံတားတွေက ပျက်စီးယိုယွင်းနေတာ၊ ကျဉ်းမြောင်းတာ၊ ၁၃ တန်ထိသာ ခံနိုင်ဝန်ရှိတာ စတဲ့ လိုအပ်ချက်တွေ များစွာရှိနေတယ်လို့ သိရပါတယ်။ တံတားတွေတည်ဆောက်ပြီးသွားရင်တော့ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍ ပိုမိုမြန်ဆန် အဆင်ပြေချောမွေ့လာမှာဖြစ်သလို ဒေသတွင်း စီးပွားရေးလည်း တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။

အသစ်မတည်ဆောက်ခင်ကြားကာလမှာ ဒေသခံပြည်သူတွေ သွားလာရလွယ်ကူအောင် လက်ရှိတံတားဟောင်းတွေကို တိုင်၊ စင် ပြုပြင်အားဖြည့်ခြင်း၊ ခံနိုင်ဝန်အားကောင်းစေရန် ဘေလီသံဘောင်၁ လွှာနေရာမှာ ၂ လွှာထပ်မံပိုးခြင်း၊ လိုအပ်တဲ့ သံထည်အစိတ်အပိုင်းတွေကို အသစ်လှဲလှယ်ခြင်း၊ သံမဏိကြမ်းခင်းတွေပြည့်အောင်ခင်းခြင်း၊ သစ်သားကြမ်းခင်းနှင့် ဘီးလမ်းတွေအသစ်ထပ်မံခင်းခြင်း စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #စစ်ကိုင်းတိုင်း #အိန္ဒိယကတံတားဆောက်ပေးမည်

ဓာတ်ပုံ ဦးနိုင်နိုင်ဝင်း ဖေ့စ်ဘွတ်ခ်

Related posts

✕
VOM News

FREE
VIEW