ထိုင်းနိုင်ငံကို သွားမယ်ဆိုပြီး ကျောက်တန်းကိုရောက်လာတဲ့ ဒုက္ခသည် ၁၀၆ ယောက်ကို စစ်တွေပြန်ပို့

နိုဝင်ဘာ-၁၈၊ ၂၀၁၈

လင်းလက်အောင်

ထိုင်းနိုင်ငံကို သွားမယ်ဆိုပြီး ကျောက်တန်းမြို့နယ်ကို နိုဝင်ဘာ ၁၆ ရက်နေ့က ရောက်လာတဲ့ လှေစီးဒုက္ခသည် ၁၀၆ ယောက်ကို ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့လည် ၁ နာရီလောက်က စစ်တွေမြို့ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

 

သူတို့တွေဟာ ထိုင်းနိုင်ငံကိုသွားဖို့အတွက်တစ်ယောက်ကို ငါးသိန်းနဲ့ဘူးသီး တောင်နဲ့မောင်တောဘက်ကနေ ထွက်လာတာပါ။

 

စက်လှေပေါ်မှာ အမျိုးသား ၅၀ အမျိုးသမီး ၃၁ ယောက်နဲ့ကလေး ၂၅ ယောက်ပါလာပါတယ်။ အဲ့ဒီလိုသွားနေရင်းစက်လှေဝမ်းဗိုက်ပေါက်ပြီး ဆီလည်းကုန်သွားလို့ ကျောက်တန်းဘက်ကို ရောက်သွားတာဖြစ်ပြီး သူတို့ထွက်လာတာ ၂၅ ရက်ခန့်ရှိပြီလို့ သိရပါတယ်။

 

ဒီနေ့မှာတော့ သူတို့ ၁၀၆ ယောက်လုံးကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် ကျောက်တန်းမြို့ စံချိန်မီရပ်ကွက် လမ်းမတော်လမ်း ရွှေမှော်ဝန်းခန်းမကနေ အမှတ်(၆)ဆိပ်ခံတံတားရှိတဲ့ သာကေတမြို့နယ်(ရှု့ခင်းသာ)ဘက်ကို YBS ၉၅ ကား ၃ စီးနဲ့လိုက်ပို့ခဲ့ပါတယ်။

 

အမှတ်(၇)လုံခြုံရေးတပ်ဖွဲ့ခွဲက တပ်ဖွဲ့ဝင်တွေ ရေကျောင်းရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေ ကြည့်မြင့်တိုင်မြို့ နယ်လူဝင်မူကြီးကြပ်ရေးကအဖွဲ့ဝင်တွေ၊ သန်လျင်ခရိုင် ပြည်သူ့ဆေးရုံကဆရာဝန်တွေ လုံခြုံရေးအဖြစ်လိုက်ပါခဲ့ကြပါတယ်။

 

ဒါ့အပြင် သူတို့ကို တင်လာတဲ့ ကားတွေသွားတဲ့လမ်းတလျှောက်မှာလည်း ရန်ကုန်တိုင်းဒေသကြီး တိုင်းအကူတပ်ခွဲ၊ တိုင်းလူဝင်မူကြီးကြပ်ရေး ခရိုင်လူဝင်မူကြီးကြပ်ရေး တိုင်းအကူတပ်ခွဲ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ တိုင်းအကူတပ်ခွဲမှူးနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။

သူတို့ကို စစ်ရေယာဉ် အမှတ်-၁၆၁၁ ကမ်းထိုးရေယာဉ်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဆက်ပြီးပို့ပေးသွားမယ်လို့သိရပါတယ်။

 

ဓါတ်ပုံ – ထွန်းမင်းခိုင် ဖေ့စ်ဘွတ်ခ်

Related posts

Leave a Comment

VOM News

FREE
VIEW