ကောင်းမှုတော်စေတီကို ဒီဇင်ဘာ ၁ရက်ကစပြီး  အဖြူရောင်ဆေးင်္ကန်းကပ်တော့မည်

စစ်ကိုင်း၊ နိုဝင်ဘာ ၂၅-၂၀၁၈

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့၊ကောင်းမှုတော်စေတီတော်ကြီးကို လက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း အဖြစ် ပြောင်းလဲကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ လုပ်ဆောင်သွားမယ်လို့ ကောင်းမူတော်စေတီဂေါပကအဖွဲ့က ပြောပါတယ်။

ကောင်းမှုတော်စေတီတော်ကြီးရဲ့ လက်ရှိ ရွှေဆေးသင်္ကန်းကနေ အဖြူရောင်ဆေးသင်္ကန်း အဖြစ် ပြောင်းလဲကပ်လှူပူဇော်ရန်အတွက် အဆိုပြုလွှာ တင်ထားတဲ့ ကုမ္ပဏီသုံးခုထဲကနေ  ကုမ္ပဏီတခု ကိုရွေးချယ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နဲ့ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲ ကပ်လှူပူဇော်မှုကို  သီတဂူဆရာတော်ဘုရားကြီးမွေးနေ့ လာမည့် (တပေါင်းလပြည့်)နေ့ အမှီ လုပ်သွားမယ်လို့ ကောင်းမှုတော်စေတီ ဂေါပကဥက္ကဌ ဦးတင်မျိုးလွင်က ပြောပါတယ်။

“ဆေးကုမ္ပဏီသုံးခုဖြစ်တဲ့ ယူပီဂျီ၊ ကန်ဆမ်၊ အောင်ပြည်တန်တို့လာပြီး ဆေးစမ်းသပ် သုတ်ပြပါတယ်။ သုံးခုထဲကမှ အောင်ပြည်တန်ကုမ္ပဏီကိုရွေးချယ်ခဲ့ပါတယ်။ သီတဂူဆရာတော်ကြီးမွေးနေ့ တပေါင်းလပြည့်အမီ အဖြူရောင်ဆေးအပြီးကပ်လှူသွားမှာပါ။ ဒါကြောင့် လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး အဖြူရောင်ဆေးကပ်လှူခြင်းလုပ်ငန်းကို လုပ်သွားမှာပါ။ တပေါင်းလပြည့်နေ့မှာ ကောင်းမှုတော်ဘုရားမှာ သံဃာအပါးတစ်ထောင်နဲ့ ဘုရားအနေကဇာတင်မယ်။ သံဃာအပါးတစ်ထောင်ကို ဆွမ်းဆန်စိမ်းလောင်းလှုပူဇော်သွားမှာပါ” လို့ သူ ကပြောပါတယ်။

 

ကောင်းမှုတော်စေတီတော်ကြီးအား ရွှေဆေးနှင့် တန်းဖိုးညီမျှသော အဖြူရောင်ဆေး ပြန်လည်ကပ်လှူပူဇော်မှုကို သီတဂူဆရာတော် ဘုရားကြီးကိုယ်တိုင်ဦးစီးသွားမှာဖြစ်ပြီး ယခုလ ၂၀ ရက်နေ့က စေတီတော်အောက်ခြေတွင် အဖြူရောင်ဆေး တံဆိပ် မျိုးစုံကို စမ်းသပ်သုတ်ထားမှုကို  သီတဂူဆရာတော်က ကြွရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

 

အဖြူရောင်ဆေးပြန်လည်ကပ်လှူပူဇော်ရန် အတွက် လက်ရှိ ရွှေဆေးများနှင့် ပတ်တီးများကို ခွာထုတ်ခြင်း၊ ရေဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ Flexible Protective Coating(Mapelastic)သုတ်လိမ်းခြင်း၊ Elastocolour Paint Plus အား သုတ်လိမ်းခြင်းတွေ လုပ်ပြီး၊ အီတလီနိုင်ငံထုတ်အဆင့်မြင့် အဖြူရောင်ဆေး ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၇၁၀၀၀ ကျော် နှင့် ဆေးသုတ်လုပ်အားခမှာ ကျပ်သိန်း ၁၃၀၀ ခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW