ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီဆီက ချေးယူမယ့် ယူရိုသန်း(၇၀)ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆိုင်ငံ့ထားဖို့ ဆုံးဖြတ်

နေပြည်တော်၊နိုဝင်ဘာ ၂၆-၂၀၁၈

ဒီပ -နေပြည်တော် (VOM)

နိုဝင်ဘာ(၁၉)ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက ရန်ကုန်တိုင်းဒေသကြီးအတွက် ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးရေးအေဂျင်စီထံက ယူရိုသန်း(၇၀)ချေးမည့်ကိစ္စ ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ကြပြီးနောက် ဒီကနေ့ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယကမှ ခေတ္တဆိုင်းငံ့ထားလိုက်ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ အထက်ပါ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ချေးငွေယူရို သန်း(၇၀)ရယူရန် ကိစ္စနှင့်စပ်လျဉ်းပြီး မိမိတို့ လွှတ်တော်အပိုင်းအနေနဲ့ ထပ်မံစိစစ်လေ့လာဖို့ လိုမယ်လို့ သုံးသပ်ရရှိပါတယ် ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယကမှ လွှတ်တော်သို့ ပြောကြားခဲ့သည်။

“ ကားလမ်းရယ် ရထားလမ်းရယ် ရေကြောင်းလမ်းရယ်ပေါ့ အဲ့ဒါကိုလုပ်ဖို့ ကြိုးစားနေတာ လုပ်တဲ့အခါမှာလည်း မြန်မာငွေနဲ့ လုပ်လို့ရတဲ့ဟာပဲ ဒီကိစ္စကို ကြွေးမြီတင်ခံမယ်ဆိုလို့ရှိရင် ဦးတို့နိုင်ငံက အကြွေးလည်းပိနေတယ် အတိုးလည်းပေးနေရတဲ့ အခြေနေမှာရှိနေပြီး ကိုယ့်ပိုက်ဆံကိုယ် လုပ်လို့ရတဲ့အရာလို့ ဦးအနေနဲ့ သဘောထားတင်ပြချင်တယ်”လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဒေါက်တာခင်မောင်မောင်က ကမ်းခြေမှာ ပတ်လမ်းတွေလုပ်မယ်ဆိုရင်ဖြင့် မိမိတို့နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းဟာ အများကြီးလိုနေသေးတဲ့အတွက် ရန်ကုန်မြို့တော်အတွင်း အဓိကလိုအပ်ချက် မှာ လမ်းမီးတွေမစုံပဲ ရာဇ၀တ်မှုတွေတိုးပွားနေပြီး ယာဉ်တိုက်မှုတွေဖြစ်နေကြောင်း ဒီကိစ္စတွေကို ဦးစားပေးပြီးလုပ်ရမယ့် အပိုင်းတွေရှိနေပြီး ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို ပြေပြောက်အောင်လုပ်ရှာဖြစ်ပြီး မဆိုင်တဲ့ Water Taxi ကောင်းစားရေး လာလုပ်နေတယ်”လို့ နိုဝင်ဘာ(၁၉)ရက်နေ့က ပြောဆိုခဲ့ပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေနဲ့ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ လွှတ်တော်ကော်မတီများနဲ့ တွေ့ဆုံဆွေးနွေးပြီး အဆိုပါ ပြည်ပချေးငွေနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ထက် နောက်မကျစေပဲ လွှတ်တော်အစည်းအဝေးမှာ ဖတ်ကြားတင်သွင်းနိုင်ပြီး စီမံဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု လွှတ်တော်နာယကက ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်မျက်နှာစာ ဖွံ့ဖြိုးထိန်းသိမ်းရေးအတွက် နိုဝင်ဘာလ(၁၂)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(AFD)ဆီမှ ယူရိုသန်း(၇၀) ချေးငွေအပြင် ဥရောပသမဂ္ဂ အီးယူထောက်ပံ့ငွေ ယူရို၉ဒသမ၅သန်း အပါအ၀င် အခွန်အခ မြေယာအသုံးချမှုနှင့် ရွှေ့ပြောင်းမှု ကိစ္စများအတွက် အစိုးရက ယူရို၅ဒသမ၂သန်း စုစုပေါင်း ယူရို၈၄ဒသမ၇သန်းနဲ့ စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

#voiceofmyanmar #ရန်ကုန်အစိုးရချေးငွေ

Related posts

Leave a Comment

VOM News

FREE
VIEW