ရခိုင်ပြည်နယ်လွှတ်တော်မှာ သတင်းရယူခွင့် ကန့်သတ်လိုက်တာကြောင့် အခက်အခဲဖြစ်

စစ်တွေ နိုဝင်ဘာ ၂၈-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်လွှတ်တော်မှာ အစည်းအဝေးကျင်းပနေစဉ်အတွင်း သတင်းရယူဖို့အတွက် လွှတ်တော်အစည်းဝေးကျင်းပရာ နောက်ဘက်ကနေရာကို သတ်မှတ်ပေးလိုက်တဲ့အတွက် သတင်းထောက်တွေအနေနဲ့ သတင်းရယူဖို့အခက်အခဲဖြစ်နေပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုသွားရောက်သတင်းယူနေတဲ့ သတင်းသမားတွေဟာ အရင်ကလွတ်လပ်စွာ သတင်းရယူခွင့် ရရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ လုံခြုံရေးတွေကိုတိုးမြှင့်ချထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် ဝင်ရောက်ခွင့်မရရှိသူတွေလည်း ရှိခဲ့ပါတယ်။

“ကျွန်တော်တို့က ပုံမှန်သွားနေကျအတိုင်းသွားတာပေါ့နော်။ အဲဒီရောက်တော့ ရဲတပ်ဖွဲ့ကထုတ်ပေးထားတဲ့ ဝင်ခွင့်ကဒ်မပါရင် ဝင်လို့မရဘူးဆိုပြီးတော့ပြောတယ်။ ကျွန်တော်တို့လည်းက ရှင်းပြတာပေါ့ မရဘူး။ ကျွန်တော်တို့အကုန်လုံး လှည့်ပြန်လာတော့ ပြန်ခေါ်ပြီးဝင်ခိုင်းတယ်။ အထဲရောက်တော့ပိုဆိုးတယ်ဗျ။ လွှတ်တော်ဥက္ကဌတစ်ယောက်တည်းကိုပဲ ကျွန်တော်တို့မျက်နှာချင်းဆိုင်မြင်ရတယ်။ အကုန်လုံးက ကျောဘက်ကိုပဲမြင်ရတော့ ဘယ်လိုမှလုပ်လို့မရဖြစ်သွားတယ်။”လို့ DVB သတင်းဌာနက သတင်းထောက် ဝဏ္ဏခွာညိုကပြောပါတယ်။

သတင်းထောက်တွေကို လွှတ်တော်အစည်းအဝေးမှာ သတင်းရယူခွင့်ရရှိဖို့အတွက် နိုဝင်ဘာလ ၂၅/၂၆ ရက်နေ့တွေမှာ ပြည်နယ်ရဲတပ်ဖွဲ့က ကဒ်တွေကိုလာရောက်ထုတ်ယူကြဖို့အကြောင်းကြားတဲ့အတွက် သွားရောက်ခဲ့ကြရာမှာတော့ မိမိကိုင်ဆောင်ထားတဲ့ ဌာနကဒ်တွေကို အပ်နှံထားခဲ့ရမှာဖြစ်တာကြောင့် မထုတ်ယူခဲ့ကြတာဖြစ်ပါတယ်။

“ကျွန်တော်တို့က လွှတ်တော်သတင်းတစ်ခုတည်းကို လိုက်နေတာမဟုတ်ဘူး။ ကတ်တွေကို ရဲစခန်းမှာသိမ်းထားလိုက်တော့ အရေးပေါ်သတင်းတွေဖြစ်လာလို့ရှိရင် ဘယ်ကဒ်နဲ့သွားလိုက်မှာတုန်း၊ အဲဒီရဲကထုတ်ပေးထားတဲ့ကဒ်က ဘယ်နေရာမဆိုလိုက်ခွင့်ရှိတယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။”လို့ သတင်းထောက်တွေကပြောပါတယ်။

အခုလိုမျိုး လွှတ်တော်မှာ လုံခြုံရေးတိုးမြှင့်လိုက်တာဟာ သတင်းသမားတွေလာရောက်သတင်းယူမှာဖြစ်တဲ့အတွက် တိုးမြှင့်ထားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

“လွှတ်တော်မှာ လုံခြုံရေးတိုးမြှင့်တယ်ဆိုတာက ဥက္ကဌရဲ့ သဘောပါ။ သူမြှင့်ချင်ရင်မြှင့်ခွင့်ရှိပါတယ်။ အခုက ဘာလို့လုံခြုံရေးတွေတိုးမြှင့်လဲဆိုတာတော့ ကျွန်တော်မသိဘူးဗျ။ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတစ်ယောက်ကိုမဲတော့ မီဒီယာတွေအများကြီးလာမှာဖြစ်တဲ့အတွက် လုံခြုံရေးယူခိုင်းတယ်လို့ပဲပြောပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။

ခုလိုမျိုး လွှတ်တော်မှာ လုံခြုံရေးကိုအရင်ကထက် တင်းကျပ်လိုက်ပြီး သတင်းသမားတွေသတင်းရယူတဲ့နေရာ တွေသတ်မှတ်လိုက်တာဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြားမှာ တင်းမာမှုတွေရှိနေပြီး လွှတ်တော်အတွင်း အချေအတင်ဆွေးနွေးမှုတွေရှိတဲ့အတွက် ကန့်သတ်လိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

#voiceofmyanmar #ရခိုင်လွှတ်တော်

Related posts

Leave a Comment

VOM News

FREE
VIEW